Tuesday, July 22, 2014

သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်မည်

Posted by drmyochit Tuesday, July 22, 2014, under | No comments

မြန်မာနိုင်ငံတွင် လိုအပ်မှုရှိလာပါက သုတေသနသုံးနျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ် သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု သိပ္ပံနှင့်နည်းပညာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဇူလိုင် ၂၀ရက် အမျိုးသားလွှတ်တော်တွင် ပြောသည်။

၎င်းက “အခြေခံ အဆောက်အအုံများ ပြည်စုံမှုရှိပြီး နိုင်ငံတော်က လိုအပ်မှုရှိပါက သင့်လျော်သည့်အချိန်တွင် သုတေသနသုံး နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်လည်ပတ် သုံးစွဲနိုင်ရေး ဆောင်ရွက်မယ်”ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်၏ နျူကလီးယားဓာတ်အားထုတ် (သုတေသန လုပ်ငန်းသုံး) စက်ရုံကို တည်ထောင်ရန် လိုအပ်ပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိမေးမြန်း ခဲ့ခြင်းအပေါ် ၀န်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြင့်ကြည်က ““နျူကလီးယားနဲ့ ပတ်သက်တဲ့စက်ရုံတွေလည်း ဆောက်လုပ်ဖို့ အင်မတန် လိုအပ် တယ်”ဟု မေးမြန်းသည်။

နျူကလီးယား နည်းပညာသည် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် များစွာ အသုံးဝင်သော ပညာရပ်ဖြစ်ပြီး နျူကလီးယား သုတေသနလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သုတေသလုပ်ငန်းသုံး နျူကလီးယားဓာတ်ပေါင်းဖို လိုအပ်သည်ဟု ၎င်းက ဆိုသည်။

နျူကလီးယား စွမ်းအင်အသုံးပြုခြင်းသည် အန္တရာယ်အလွန်ကြီးမားကြောင်း လူအများက ယူဆသော်လည်း နျူကလီးယားစွမ်းအင်ကို မှန်ကန်စွာ အသုံးပြုမည်ဆိုလျှင် အကျိုးကျေးဇူးများရရှိသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် နျူကလီးယားစွမ်အင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကို တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။

လက်ရှိတွင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သုတေသနနှင့် ပညာရေး စသည့် နယ်ပယ်များကို IAEA နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် နျူကလီးယားနည်းပညာကို နယ်ပယ်အသီးသီးတွင် အသုံးချနိုင်ရန် အဏုမြူစွမ်းအင်ဦးစီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဏုမြူစွမ်းအင်ဥပဒေကို ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။


Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်