Saturday, July 07, 2012

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်

Posted by drmyochit Saturday, July 07, 2012, under | No comments


 
တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်
ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို ဖတ်ရပါတယ်။ တန်း တူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် သူ့အမြင်တွေ ကိုတင်ပြထားပါ တယ်။ စာတမ်းဆောင်းပါးရဲ့ အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံ ပါတယ်။ သို့သော် လည်း တချို့အချက် များကိုတော့ အပြန်အလှန်ဆွေးနွေး လိုပါတယ်။ ဖြည့်စွက်တင်ပြခြင်း သဘောပါ။
    ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်  အောင်ဆန်းပြောသ လို နိုင်ငံရေး သမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပွင့်လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း(ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့ နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝပြောရေးနဲ့ ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ အမြင်အယူ အဆတွေကို တင်ပြဘို့ နိုင်ငံ ရေးသမားများ လုပ်ရှားတက်ကြွသူများမှာ တာဝန်ရှိပါတယ်။
    ပထမဆုံး ဆွေးနွေးလိုတာက ပြည်ထောင်စုသစ် အမည်နဲ့ ပတ်သက်ပါတယ်။ သူ့ ဆောင်းပါး အဆုံးပိုင်းက စတင်ဆွေး နွေးရတာက ဗမာ၊ မြန်မာအသုံးနဲ့ ပတ်သက်နေလို့ ဖြစ်ပါတယ်။ ကျနော်ရေးခဲ့တဲ့ စာတွေမှာလည်း တပြည်လုံး တမျိုး သားလုံးနဲ့ သက် ဆိုင်ရင် ဗမာလို့ပဲ သုံးနှုန်းခဲ့သလို ဒီမှာလည်း ထို့အတူ သုံးစွဲသွားမှာ ဖြစ် ပါတယ်။ ဒါ ကြောင့် ဗမာ၊ မြန်မာ ကွဲပြားတဲ့ အယူအဆကို တင်ပြလိုတဲ့အတွက် သိသာ ထင်ရှားမှုရှိအောင် ဦး စွာဆွေးနွေး တင်ပြခြင်း ဖြစ်ပါတယ်။
   ကိုထွန်းအောင်ကျော်က သူ့အတွက် ဗမာပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိ၊ ဒါမှမဟုတ် ဗမာရော၊ မြန်မာကိုပါ ပယ်ပြီး အားလုံးသဘောတူ တဲ့ တခြားအမည် တခုကို သုံးရင်လဲ သဘော တူညီတယ်၊ တ ဆက်တည်း သုဝဏ္ဏဘူမိကို ပြည်ထောင်စု သစ်ရဲ့ အမည်အဖြစ် အဆိုပြုသွားပါတယ်။ ကျနော့် အတွက်ေ တာ့ နိုင်ငံတခုရဲ့ အမည်ဟာ အများညီရုံနဲ့ အလွယ်မသတ်မှတ်သင့်လို့ မြင်ပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်း ဇာစ်မြစ်နဲ့ ကျိုးကြောင်းယုတ္တိရှိဖို့ လိုပါတယ်။ ဒီနေ့ ခေတ်မှာတော့ ဗမာပဲပြောပြော၊ မြန်မာပဲပြောပြော အတူတူ ပါပဲလို့ ကွယ်လွန်သူ ဗိုလ်ချုပ်မြ ပြောသလိုပဲ မြေပြန့်နေ လူ မျိုးစုကြီးရဲ့ အမည်လို့ အများက နားလည်လက် ခံနေကြတယ်။ ဒါပေမဲ့ နိုင်ငံတခုရဲ့ အမည်ဆိုတော့ အထက်မှာ ဆိုခဲ့သ လို အကျိုးအကြောင်း ဇာစ်မြစ်ကိုတော့ ရှာဖို့လိုပါတယ်။ ရှာတဲ့အခါမှာလည်း ခေတ်ပြိုင် အိမ်နီးခြင်း အမျိုးသားတွေက ကျနော်တို့ကို ဘယ် လို ခေါ်ဝေါ် သတ်မှတ်တယ်ဆိုတာကို ထည့်သွင့်စိစစ်ဖို့လိုပါတယ်။
လေ့လာဆန်းစစ်မိသလောက်နဲ့ ကျနော့်အမြင် ပြောရရင်တော့ ပြည်ထောင်စုတခုလုံးနဲ့ ပတ်သက်တဲ့ အများ ဆိုင်နာမ် ဟာ ဗမာသာဖြစ်သင့်ပြီး မြန်မာကတော့ ပြည်ထောင်စု အလယ်ပိုင်း မြေပြန့်နေ လူမျိုးစုကြီး ကို ခေါ်ဝေါ် ရည်ညွန်းသင့် တယ်လို့ ယူဆပါတယ်။
ဗမာ
ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အိန္ဒိယမှာ ရောက်ရှိနေထိုင်ရတာက ကျနော့်အတွက် အားသားချက်လို့ ဆိုရပါမယ်။ တကယ်တော့ ဗမာဆိုတဲ့ ဝေါဟာရဟာ ဒီကနေ့ ဗမာပြည်ထဲမှာ နေထိုင်နေ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ ဘာသာစကားနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ ဗမာဆိုတာ အိန္ဒိယစကား သက္ကတဘာသာ ဗြဟ္မာကနေ ပျက် ရွေ့လာတဲ့ ဝေါဟာရဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀၀၀) ကျော် အထက်ကာလက ကျနော်တို့ ဘိုးဘွားတွေ ၀င်ရောက် အခြေချ မနေထိုင်မီကတည်းက မဇ္ဈိမတိုင်း သားတွေက လက်ရှိ ဗမာပြည်လို့ခေါ်တဲ့ နယ်မြေကိုတွေ့ရှိထားပြီး ဖြစ်ပါ တယ်။
အာသံနယ်ကနေ ဖြတ်စီးပြီး ဂင်္ဂါမြစ်ထဲကို ပေါင်းဆုံသွားတဲ့ ဗြဟ္မာကြီးရဲ့သားလို့ အဓိ ပ္ပါယ်ရှိတဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အရှေ့ ဘက်ဒေသကို မဇ္ဈိမတိုင်းသားတွေက သူတို့ဘာသာနဲ့ ဗြဟ္မာဒေ့ရှ် (သို့) ဗာရမာဒေ့ရှ် (Bramah Desh) လို့ ခေါ်ပါတယ်။ ဗြဟ္မာ+ ဒေ့ရှ် က ဗြဟ္မာဟာ ဗြဟ္မာကြီးကို ရည်ညွန်းပြီး ဒေ့ရှ်ဆိုတာကတော့ ဒေသ၊ နယ်မြေလို့ အဓိပ္ပါယ် ရှိပါတယ်။ ဗြဟ္မာကြီးရဲ့ နယ်မြေ (Land of Lord Bramah) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီဒေသထဲမှာ နေထိုင်သူများကိုတော့ ဗာရမာ သို့မဟုတ် ဗားရမားလို့ ခေါ်ကြတယ်။ ဒီနေ့ခေတ် အိန္ဒိယ နိုင်ငံသားတွေက နိုင်ငံကို ဗရမာဒေ့ရှ်လို့ခေါ်ပြီး လူတွေ ကိုတော့ ဗားရမားလို့ ခေါ်နေကြဆဲ ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အထင်ကရဖြစ်တဲ့ ဧရာဝတီမြစ်ဆိုတာကလည်း ဆင်မြစ်လို့ အဓိပ္ပါယ်ရတဲ့ သက္ကတ စကားပျက်ဖြစ်ပါတယ်။ ဧရာဝဏ်+ နဒီ က ဧရာဝဏ် (Iravan) ဆိုတာ ဆင်ဖြစ်ပြီး နဒီဆိုတာကတော့ မြစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗမာဆိုတဲ့ ဝေါဟာရသာလျှင် လက်ရှိပြည်ထောင်စုအတွင်းမှာ နေထိုင် ကြတဲ့ တိုင်းရင်းသား အမျိုးအနွယ်စုအားလုံးကို ခြုံငုံကိုယ်စားပြုတယ်လို့ ယူဆပါတယ်။
မြန်မာ
မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့ ဆိုရမှာဖြစ်ပါတယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ်နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန် စွမ်းသူတွေ၊ “မြန်မြန်မာ မာ” လူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်း ဟာ အဲဒီ့နောက်ပိုင်း သိပ်ပြီးတွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေပေါ်လာတဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းကျ မှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။
မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင် ရည်ညွန်း တဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့ ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကား လုံးဟာ မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသနသဘောသာ ဖြစ်ပါတယ်။ အရင်းမူလ ပုဒ်က မြန်ပဲဖြစ်ပါ တယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ်က ဒီနေ့ခေတ် နားလည်နေသလို လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မ ဆောင်ပါဘူး။ မိမိ ကိုယ်ကို ရည်ညွန်းတဲ့ “လူ” ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။
ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နွယ် အနီးအဝေးကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နွယ်မှု နီးပြီး နည်းရင် ဝေး တယ်လို့ သတ်မှတ်ကြတယ်။ အ ခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့ ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို ဆိုလိုပါတယ်။ အိန္ဒိယနယ်ခြား တောင်တန်းများနဲ့ မြေပြန့်များမှာနေထိုင်ကြတဲ့ တိဘက်ဗမာ မျိုးနွယ်စုဝင် ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအ နွယ်တွေရဲ့ စကားမှာ လူဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆိုရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့ “မ” ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။“မီ” “မင်” “မန်” “မာန်” “မီယန်” “မြန်” စတဲ့ အသံများနဲ့ လူ ကို ရည်ညွန်းကိုယ် စားပြုကြတယ်။ အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ်သား လို့ ဖြစ်ပါတယ်။ (မီ= လူ+ဇို= တောင်)
ကျနော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း ဒီနေ့ တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါ တယ်။ ဗမာပြည်ထဲပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျနော် တို့ကို “မြန်တင့်” လို့ ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ ဗမာပြည် အ ထက်ပိုင်းကို “မီယန်ချန်-MienQan”လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန် ထိုင်ဝမ် တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာ ပြည်ကို သူတို့ပိုင်အဖြစ် သတ်မှတ်တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင် အာသံမှာကျန်ခဲ့တဲ့ ရှေး မြန်မာ အဆက်အနွယ်များဟာ သူတို့နာမည်နောက်မှာ မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ် မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang Shyam) တို့ ဖြစ်တယ်။
သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပွဲအပြီး ဗမာတွေ ပြန်ဆုတ်စဉ် ကျန်ခဲ့တဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် နှစ်စဉ် ဗ မာပြက္ခဒိန်အတိုင်း နှစ်သစ်ကူးပွဲတွေကို အတူဆင်နွှဲကြတယ်။ ပွဲဆန်ဂံ (Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူဆင်နွှဲကြတာဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။
ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့ ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်း စစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေပါ တယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါ ဟာရတွေရဲ့ အဓိပ္ပါယ် လူ ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရ တွေ ဖြစ်ပါတယ်။ စိုးမိုးချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊ မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှူးလို့ အဓိပ္ပါယ်ဆောင်ပါတယ်။
အထက်တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ် ရည်ညွန်းတဲ့ လူဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ကောက်ချက်ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင်တဲ့ မြန်မာဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ ရည်ညွန်းကြောင်း ထင်ရှားပါတယ်။
ဗမာလား၊ မြန်မာလား
ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာမိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရ ဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များပေါ်လာစဉ် အတော်အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် မ ကိုရရစ် ကာ မ နှစ်လုံးဆင့် ရေးချာနှင့် “မြမ္မာ” လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက် ဗမာပြည် မော်လမြိုင်မြို့ က ထုတ်တဲ့ ပထမဦးဆုံးသတင်းစာရဲ့ အမည်ဟာ “မြမ္မာသီတင်းစာ” လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့ ရေးထုံးနဲ့ အသုံးအနှုန်း က အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့ အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။ သူတို့အမြင်အတိုင်း ဌာနေဗမာပြည်သားအားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါ တယ်။ ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့ စာရေးစာချီကအစ ၀န် ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသားတွေက အုပ်ချုပ်သူ တွေနားလည်အောင် ဗားရမားဆိုတဲ့စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါ တယ်။ အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်း ပါးပါလိမ့်မယ်။ ထိုအချိန်က အသုံးတွင်ခဲ့တာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည် အတိုင်း ပုဂံသား၊ အင်းဝသား၊ တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့် မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယ ပြည်ကြီးကိုသိမ်းပြီး အိန္ဒိယကတဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ် (Bramah) ကို အင်္ဂလိပ် နား အကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။
ဒို့ဗမာ အစည်းအရုံးနဲ့ လူမျိုးစုံစည်းလုံးရေး
ဗမာဆိုတဲ့ အသုံးအနှုန်းနဲ့ တိုင်းရင်းသားအားလုံးကို ခြုံငုံကိုယ်စားပြုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ ဒို့ဗမာ အစည်းအရုံးခေတ်မှာ ဖြစ်ပါတယ်။ အဲဒီ့မတိုင်ခင်က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ဂျီစီဘီအေရဲ့အမည် မြန်မာအသင်းချုပ် ကြီးဆိုတာနဲ့ ကွဲလွဲ စွာ သုံးထားခြင်းဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ ဒို့ဗမာသီချင်းမှာ “(ဒို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ ဒို့ဝတ္တရားပင် ဒို့ဗမာသခင်” လို့ ရေးဖွဲ့ခဲ့ပါတယ်။
ဒီ ဒို့ဗမာသီချင်းဟာ ၀ိုင်အမ်ဘီ သခင်တင်နဲ့ အ စည်းအရုံး စတင်တည်ထောင်သူ သခင်ဘသောင်းတို့ စပ်ဆိုခဲ့တာဖြစ်ပါ တယ်။ ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ် သထုံဆောင်မှာ စတင်ပြီး ပရိတ်သတ်အကြား သီဆိုခဲ့ ကြတယ်။ အဲဒီပွဲမှာ သီချင်းနဲ့ ပတ်သက်ပြီး သခင်ဘသောင်းက ဖွင့်ဆို ရှင်းလင်းပြခဲ့တယ်။ သူရှင်းလင်းပြခဲ့တဲ့ အထဲမှာ “ဒီကမ္ဘာ မြေကြီးဟာ ကြေပျက်မသွားသမျှ ကာလပတ်လုံး ငါတို့ဗမာပြည်ကို ဗမာတိုင်းရင်းသား အကုန်ုလုံးက မြောက်ဘက်ပူတာ အိုက တောင်ဘက် ၀ိတိုရိယအရောက် အနောက်ဘက် အိန္ဒိယနယ်စပ်က အရှေ့ဘက်ယိုဒယား ကမ္ဘောဇနယ်စပ်အ ရောက် ဗမာပြည်တ၀ှမ်းလုံးကို ဒို့ပြည်၊ ဒို့မြေ၊ ဒို့အိမ်၊ ဒို့ရွာ လို့ မှတ်ကြရမယ်။ ဒို့ဗမာ တိုင်းရင်းသား အကုန်လုံးကို သွေး သားအရင်းအချာလို ချစ် ခင်ကြဘို့ တာဝန်ဟာ ငါ့တို့ရဲ့ အဓိက တာဝန်ကြီးဖြစ်တယ်” လို့ အဓိပ္ပါယ် ဖွင့်ဆိုသွားပါတယ်။
ဒီနေရာမှာ စကားကြုံတခု ပြောချင်ပါတယ်။ တချို့သော နိုင်ငံရေးသမားတွေ နိုင်ငံရေးဆောင်းပါးရေးနေသူတွေက ဒီနေ့ စစ်အာဏာရှင်တွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီး ၀ါဒဟာ ဒို့ဗမာအစည်းအရုံးက အခြေခံတယ်လို့ တောရမ်းမယ်ဘွဲ့ ဆိုနေကြတယ်။ ရေးနေကြတယ်။ ဒါဟာ သမိုင်းအရ မှားယွင်းရုံမက ကွယ်လွန်ကြကုန်ပြီဖြစ်တဲ့ တည်ထောင်သူ၊လှုပ်ရှား ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ စေတနာ၊ ရည်မှန်းချက်နဲ့ ကျေးဇူးကို စော်ကားတာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီ အချိန်က စိတ်ဓာတ်ရေးရာအရ အောက်တန်းကျနေတဲ့ ဇာတိမာန်ကို ပြန်လည်မြှင့်တင်ဖို့အတွက် ငါတို့လည်း ဇာတိပုည ဂုဏ်မာနနဲ့ ရာဇ၀င်ထွန်းပြောင်ခဲ့တဲ့သူတွေဖြစ်တယ်။ အဆင့်အတန်းမြင့်တဲ့ လူမျိုးကြီးသာဖြစ်တယ်လို့ နှိုးဆော်ခဲ့ကြ တယ်။ လှုံ့ဆော်ခဲ့ကြတယ်။ ဒါဟာ ဗမာပြည်သား တိုင်းရင်းသား အကုန်အစင်ကို ရည်ညွန်းနှိုးဆော်တာ ဖြစ်တယ်။ ဘယ်လူမျိုးစု တခုကိုမှ သီးခြား ၀ ကွက် ရည်ညွန်းခဲ့တာ မဟုတ်ပါဘူး။
ဒို့ဗမာ အစည်းအရုံးရဲ့ လူမျိုးရေးအမြင် ကင်းရှင်း ကြောင်းကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြက ဘုရင်ခံလွှတ် တော်မှာ “ဒို့ဗမာအ စည်းအရုံးရဲ့ စည်းမျဉ်းမှာ လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ် ခဲ့ပါ။ ဒီလို ၀ါဒမျိုးကို အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။ ကျနော်တို့ ဒို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယ အမျိုးသားများဟာ အမြဲမပြတ် လက်တွဲရပ်တည်ဆောင်ရွက်ခဲ့တာ အား လုံးအသိပါ။ အိန္ဒိယ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများသာ တို့ဗမာအစည်း အရုံးတွင် ပါဝင်ပြီး အိန္ဒိယ ဓနရှင် များ မပါဝင်ပါ။ ဒါကြောင့် ဒို့ဗမာအစည်းအရုံးက ကျဉ်း မြောင်းတဲ့ လူမျိုးရေး သွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တုန်းကမှ မပါ ခဲ့ပါ။” လို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာ လူမျိုးစုံတို့ ပါဝင်လှုပ် ရှားကြခဲ့ တာဖြစ်တယ်။
ဒို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေး သြဇာမကင်းတဲ့ နိုင်ငံရေး၊ လူမှုရေးအသင်း အဖွဲ့များဟာ တပြည်လုံးကို ခြုံငုံပြီး ဗမာ လို့ပဲ သုံးခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည် ဆိုရှယ်လစ်ပါတီ၊ ဗမာပြည် တောင်သူလယ်သမား အလုပ်သ မား အစည်းအရုံး (ဗတလစ)၊ ဗမာပြည် အလုပ်သမား လယ်သမားပါတီ၊ ဗမာ့တပ်မတော် ဗကသများအဖွဲ့ချုပ် စသည် ဖြင့် ဖြစ်ကြတယ်။ ဒို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးသြဇာ ရှိနေသေးတဲ့ ဂျပန်ခေတ် လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးခေတ် အစောပိုင်းကာလတွေမှာလည်း နိုင်ငံ့အမည်ကို ဗမာနိုင်ငံတော်၊ ပြည်ထောင်စု ဗမာနိုင်ငံလို့ ရေးခဲ့၊သုံးခဲ့ကြပါသေးတယ်။
လူမျိုးစုတခုကိုသာ ကိုယ်စားပြုတဲ့ မြန်မာဆိုတဲ့ ဝေါဟာရကို နိုင်ငံနှင့် အစိုးရများနဲ့ ပတ်သက်ပြီး ပေါ်ပေါ်တင်တင် စတင် အသုံးပြုလာတာဟာ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးခေတ်မှာ ဖြစ်ပါတယ်။ တရားဝင်ပြောင်းလဲ သတ်မှတ်မှုကတော့ နိုင်ငံ သားဥပဒေ (၁၉၈၂ လား၊ ၈၅ လား မသိပါ) အတည်ပြုပြီးမှ ဖြစ်ပါတယ်။ မဟာလူမျိုးကြီးဝါဒ ပြောင်ပြောင်တင်းတင်း ပေါ်ထွန်းလာတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာ၊ ဗမာဝေါ်ဟာရ အရှုပ်အထွေးကို မလိမ့်တပတ်အသုံးချပြီး လူမျိုးစု တခု တည်းရဲ့အမည် မြန်မာကို ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တမ်းအားဖြင့်တော့ ပြည်ထောင်စုကြီးရဲ့ အမည် နဲ့ လူမျိုးစုံ နိုင်ငံသားအားလုံးရဲ့ အမည်ဟာ ဗမာပဲ ဖြစ်ရမည်လို့ ယူဆပါတယ်။
ပြည်ထောင်စုမှုနှင့် လက်ဝဲအယူအဆ
ကိုထွန်းအောင်ကျော်က ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်နဲ့စပ်လျဉ်းပြီး လက်ဝဲနိုင်ငံရေးသမားတချို့က ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးတယ်လို့ ရေးထားပါတယ်။ သူကောကျနော်ပါ အဲဒီ့ခေတ်ကို မမီပါ။ လက်လှမ်းမီသလောက် လေ့လာဆည်း ပူးကြရတာပါပဲ။ သူ့အနေနဲ့တော့ သူ့အတွက် ယုံကြည်စိတ်ချလောက်တဲ့ ပုဂ္ဂိုလ်တဦးရဲ့အပြော (သို့မ ဟုတ်)အကြားကို ကိုးကားပြီး ရေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ လေ့လာသုံးသပ်ချက် အရကတော့ ဒါဟာ မမှန်နိုင်ပါဘူး။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ လုပ်ကြံပြောဆိုမှုသာ ဖြစ်နိုင်ပါတယ်။ ဥပမာ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဧည့်ခံပွဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးနုက သူ့ရဲ့ မိန့်ခွန်းမှာ “ကမ္ဘာကြီးမှာ စစ်အနိဋ္ဌာရုံ ပြာပုံမှာသာ ရှင်သန် ပေါ်ပေါက် နိုင်တဲ့ ကွန်မြူနစ်ဝါဒ ခေါင်းထောင်လာပါလိမ့်မယ်” လို့ သူ့ရဲ့ တာတေစနေသားစာအုပ်မှာ ရေးထားပါတယ်။ ကွန်မြူနစ် ပါတီဥက္ကဋ္ဌ မော်စီတုန်းရှေ့မှာ ပြောတဲ့စကားဟာ ကွန်မြူနစ်ဝါဒကို ပုတ်ခတ်တာ လုံးဝမဖြစ်နိုင်ပါ။ ဒီနေရာမှာ တကယ် ဖြစ်နိုင်တာက နာဇီဝါဒ လို့သာ ဖြစ်ရပါမယ်။ ပြီးတော့ နာဇီနဲ့ ကွန်မြူနစ် ဝေါဟာရတွေဟာ စကားလုံးချင်း ဘယ်လိုမှ မနီးစပ်တဲ့အတွက် စာစီစာရိုက်အမှားလည်း မဖြစ်နိုင်ပါ။ ဒီတော့ ဒါဟာ ကွန်မြူနစ်ဝါဒကို မုန်းတီးတဲ့ စာရေးသူ (သို့မ ဟုတ်) တည်းဖြတ်သူရဲ့ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။
ဒီလိုပဲ ခွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး တချို့ လက်ဝဲသမားတွေက ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးကြတယ်ဆိုတာဟာ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို အလွန်ထိရောက်ပါတယ်။ လက်ဝဲအယူ အဆရှိသူတွေကို လူ နည်းစု တိုင်းရင်းသားတွေနဲ့ကော ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသူတွေနဲ့ပါ ရန်တိုက်ပေးတဲ့ စကားပဲဖြစ်ပါတယ်။ လူမျိုးစုရေးရာနဲ့ ပတ်သက်လို့ လက်ဝဲအယူအဆအမြင်ကို အာဇာနည် ခေါင်းဆောင်ကြီး သခင်မြ က ၁၉၃၉ ဘုရင်ခံလွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
“ကွန်မြူနစ်ဝါဒဆိုတာ လူမျိုးရေးခွဲခြားမှုဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်း လုံးညီညွတ်ရေး ၀ါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ် စွပ်စွဲပြီးရင် ဘယ်လိုလုပ်ပြီး လူမျိုးခွဲခြားရေးဝါဒကို ဆုတ်ကိုင်ထားတယ်လို့ စွပ်စွဲနိုင်ရသလဲလို့ ဆိုပါတယ်။”
ဗိုလ်ချုပ်အောင်းဆန်းနှင့် ခွဲထွက်ခွင့်
လက်ဝဲသမားမှန်ရင် လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို အ လေးအနက် လက်ခံသူများသာဖြစ်တယ်။ လီနင်က သူ့ရဲ့ လူမျိုးစုပြဿနာနဲ့ ပတ်သက် တဲ့ စာတမ်းတခုမှာ “ခွဲထွက်ခွင့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့် မူဝါဒကမျှ လူမျိုးစုပြဿနာကို မဖြေရှင်းနိုင်” (No policy less than self determination with secession right can solve the nationalities problems) လို့ ဆိုပါတယ်။ ဒီအယူအဆကို အခြေခံပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ ခွဲထွက်ခွင့်ကို ထည့်သွင်း ပြဋ္ဌာန်း ခဲ့ပါတယ်။ လက်ဝဲ အယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီအယူအဆအရ ပင်လုံညီလာခံမှာ ခွဲထွက်ခွင့်ကို လက်ခံ သဘောတူခဲ့တာ ဖြစ်ပါလိမ့်မယ်။
ဒါကို ပင်လုံညီလာခံထဲမှာတင် ကန့်ကွက်ခဲ့တာက လက်ဝဲသမား မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ရော အတွေ့အကြုံပါကြီးတဲ့ နောင်လွတ်လပ်ရေးခေတ် အာ ဏာရပါတီခေါင်းဆောင်တဦးက ဗိုလ်ချုပ်အောင်ဆန်းကို စိတ် လိုက်မာန်ပါ ခံစားမှုအတိုင်း မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒါကတော့ အတူတွဲလုပ် ပြီး အလုပ်နဲ့ သက်သေပြရမှာပဲ၊ (၁၀) နှစ် အတူလုပ်ပြီးတဲ့အထိ ခွဲထွက်ချင်နေ သေးတယ်ဆိုရင် ဒါကျုပ်တို့ ညံ့လို့ပဲ” လို့ ပြန်ပြောခဲ့ကြောင်း အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံစာအုပ်မှာ ရေးထားတာကို တွေ့ရပါတယ်။
အခုခါမှာတော့ ငြိမ်းချမ်းရေးကင်းမဲ့ပြီး အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည် အခြေအနေဆိုးကို အဖြေရှာကြရင်း တာဝန်မကင်းတဲ့သူတွေက ပင်လုံစာချုပ်အပေါ် အပြစ်တင်လိုတဲ့ အမြင်တွေကို တိုးတိုးတိတ်တိတ် မရိုးမသား ပြောဆို နေကြတယ်။ အဲဒီ့ထဲမှာ မဟာလူမျိုးကြီးဝါဒီများရော ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေရော ပါဝင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံညီလာခံနဲ့ သဘောတူညီချက်တွေဟာ အခြေအနေအချိန်အခါအရ မှန်ကန်တဲ့ ဆောင်ရွက်ချက်တွေပဲ ဖြစ်ပါတယ်။ ညီလာခံရလာဒ်ကို ပီပြင်အောင် အကောင် အထည် မဖော် နိုင်တာ ကတော့ ဆက်ခံသူ နောက်လူတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ဒေါက် တာ သန်းထွန်းက “ဖဆပလတွေ ညံ့ပုံကတော့ ပြည်ထောင်စု(ပင်လုံ) ကျောက်တိုင်တောင် တည့်အောင် မထောင်နိုင် ဘူး” လို့ သူ့ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ မှတ်ချက်ပြုခဲ့ပါတယ်။
ခွဲထွက်ခွင့်နဲ့ စစ်အာဏာရှင်စနစ်
ကိုထွန်းအောင်ကျော်ရဲ့ ဆောင်းပါး အစပိုင်းမှာ စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာရ ခြင်းဟာ ပင်လုံစာချုပ်ပါ ခွဲထွက် ခွင့်ကြောင့်လို့ ဆိုပါတယ်။ ဒါဟာ မမှန်ပါဘူး။ စစ်တပ် ခေါင်းဆောင်ပိုင်းကို သွေးထိုးဖို့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ နှစ်ကာလ ကြာရှည် တဖက်သတ် ၀ါဒဖြန့်မှုတွေကြောင့် လူအများကြားမှာ တကယ့် ပကတိ တ ရားလို ခိုင်မာလာပါတယ်။ လွတ်လပ်ပြီးနောက် ဆယ်နှစ်ပြည့်ရင် ခွဲထွက်လိုက ခွဲ ထွက်နိုင်သည်ဆိုတဲ့ အချက်ဟာ ပင် လုံညီလာခံမှာ မူအားဖြင့် ဆွေးနွေးသဘောတူခဲ့ကြ တာ မှန်းသော်လည်း စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံထဲကျမှ ထည့်သွင်းပြဋ္ဌာန်း (အပိုဒ် ၁၀ ဖြစ်မည်ထင်ပါသည်။) ထားတာ ဖြစ်ပါတယ်။ ဒါကလည်း ပြည် နယ်အားလုံးကို မရည်ညွန်းပါဘူး။
လွတ်လပ်ပြီး (၁၀) နှစ်ပြည့်တဲ့အထိ ဒီအန္တရာယ်ဆိုတဲ့ အယူအဆဟာ မပေါ်သေးပါဘူး။ ၁၉၅၈ ခုနှစ်မှာ စစ်တပ်ကို အားပြုရပ်တည်နေရတဲ့ အာဏာရ ဖဆပလ ပြိုကွဲပြီးမှ စစ်တပ်ကို ကိုယ့်ဘက်သူ့ဘက်ပါအောင် ဆွဲဆောင်ကြရင်းက ဒီအယူအဆ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ လုပ်ခဲ့တဲ့ ရန်ကုန် အသံ လွှင့်ရုံ တိုင်းရင်းသားနှီးနှောပွဲတွေမှာ ဘယ်လူနည်းစု တိုင်းရင်းသားကမှ ခွဲထွက်ခွင့်ကို ထောက်ပြဆွေးနွေးတာ၊ တောင်း ဆိုတာ မရှိခဲ့ပါဘူး။ လူနည်းစု တိုင်းရင်းသားတွေ ဆွေးနွေးခဲ့တာက တပြည်ထောင်လည်းမဟုတ် ပြည်ထောင်စုမူ စစ်စစ် လည်း မဟုတ်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးချဲ့ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးကာလ ကစလို့ ထိုဆွေးနွေးပွဲကာလအထိ အာဏာရ ဖဆပလ အစိုးရဟာ ပြည်နယ်တွေမှာ ကိုယ်ပိုင် အစိုး ရအဆင့်မဟုတ်တဲ့ ပြည်နယ်ဦးစီးကောင်စီ ဆိုတာတွေနဲ့ အုပ်ချုပ်ပါတယ်။ ဦးစီးကောင်စီ ဥက္ကဋ္ဌကို ပြည်နယ်လူထုရဲ့ ဆန္ဒမဲကို ပစ်ပယ်ပြီး ၀န်ကြီးချုပ်က သူသဘောကျသလို ရွေးချယ်ခန့်အပ်ပါတယ်။ ဒီလို မမျှတတဲ့ အချက်တွေနဲ့ မကျေ နပ်ချက်တွေကို ပြုပြင်ပြီး ပြည်ထောင်စုမူ စစ်စစ်ကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ နိုင်ငံရေးဟာသ
ကိုထွန်းအောင်ကျော်ရဲ့ စာအဆုံးပိုင်းမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဦးဆောင် တပ်ပေါင်းစုဖြစ်တဲ့ (NDF) ကလည်း ခွဲထွက်ခွင့်ကို စွန့်လွှတ်ထားတယ်လို့ ဆိုပါတယ်။ ဒါ ကြောင့် ခွဲထွက်ခွင့်နဲ့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုရဲ့ အန္တရယ် ဖြစ် တယ်ဆိုတဲ့ အယူ အဆ ဟာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non-issue) ပဲ ဖြစ်ပါ တယ်။ နအဖတွေရဲ့ လေသံအတိုင်းပြောရရင် မဟာလူမျိုးကြီးဝါဒကို အသုံးချပြီး လူထုဆန္ဒကို ပစ်ပယ်ကာ အာဏာကို ဖြတ်လမ်းက ရယူလိုသူ ဖောက်ပြန်ရေးသမားတွေရဲ့ သွေးထိုးစကားသာ ဖြစ်ပါတယ်။
ဒီနေ့ခေတ် လူနည်းစုတိုင်းရင်းသားတွေ အကြားမှ ကြားနေရတဲ့ ခွဲထွက်ခွင့်နဲ့ သီးခြား လွတ်လပ်ရေးဆိုတာဟာ စစ်အာ ဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုနဲ့ ပင်လုံစာချုပ်ပါ တန်းတူရေးမူကို ချိုးဖောက်ခံရတာတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံဟာ ရာစုနှစ်ရဲ့ စိတ်ပျက်စရာ အကောင်းဆုံးနဲ့ မရီရဆုံး နိုင်ငံရေးဟာသတပုဒ်ပါပဲ။ ရုပ်သဏ္ဌာန်အရသာ ပြည်ထောင်စုကြီး တည်ရှိနေပေမဲ့ စိတ်ဓာတ် ရေးရာအရတော့ အစိတ်စိတ်ပြိုကွဲနေပါ တယ်။ စစ်အာဏာရှင်တွေရဲ့ ကျေးဇူးကြောင့် ဘယ်လူနည်းစု တိုင်းရင်းသားက မှ သူတို့ ကိုယ်သူတို့ တင်းပြည့်ကျပ်ပြည့် ပြည်ထောင်စုသား နိုင်ငံသားအဖြစ် မခံယူနိုင်၊ မခံစားနိုင်တော့ပါဘူး။ ရာစုနှစ် ၀က်မက ပြိုကွဲနေတဲ့ တိုင်းရင်းသားစည်းလုံးရေး (၀ါ) အမျိုးသားညီညွတ်ရေး ပြည်လည်တည်ဆောက်ရေးဟာ အင်မ တန်ခက်ခဲမှာ အသေအချာ ဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။
ကိုလိုနီအမွေဆိုးကို အဖြေရှာတဲ့ပင်လုံ
လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီးများရဲ့ ပင်လုံစာချုပ်အရ လွတ်လပ်တဲ့ ပြည် ထောင်စုရယ်လို့ ပေါ်ပေါက်လာ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်မလို့ဆိုတဲ့ ProperBurmaကို ကိုယ်စားပြုပြီး ကျန်ခေါင်းဆောင်တွေက ဘုရင်ခံ အုပ်ချုပ်တဲ့ နယ်ခြား တောင်တန်း ဒေသ FrontierBurmaကို ကိုယ်စားပြုပြီး လက်မှတ်ထိုးခဲ့ကြတယ်။ ပြည်မကို ကိုယ် စားပြုခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရွေးကောက်ပွဲကို အခြေခံတဲ့ ပြည်မလူထုကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျန်တောင် တန်းကိုယ်စားလှယ်များကတော့ ရိုးရာအမွေခံ ခေါင်းဆောင်များ ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့ ခွဲခြားအုပ်ချုပ်ရေး စနစ် ကြောင့် ဒီလို ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။
၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့ ထုတ်တဲ့ ဗြိတိသျှအစိုးရရဲ့ အမိန့်ပြန်တမ်းမှာ “ယခင် ဗမာဘုရင်ပိုင် နယ်မြေအားလုံးကို ဗြိ တိသျှ ဘုရင်မကြီး၏ အင်ပါယာအတွင်း သွတ်သွင်း လိုက်သည်။” လို့ ဆိုပေမဲ့ တကယ်တမ်း အုပ်ချုပ်ရေးမှာတော့ ပြည် မ (Proper Burma) နဲ့ နယ်ခြား ဒေသများ (Frontier Burma) လို့ ခွဲခြားအုပ်ချုပ်ခဲ့တယ်။ မြန်မာ၊ ရခိုင်၊ မွန်၊ ကရင်စတဲ့ ပြည်မသားတွေ ဘုရင်ခံအုပ်ချုပ်တဲ့ အဲဒီ့တောင်တန်းဒေသတွေကို ၀င်/ထွက် ခွင့် မရှိဘူး။ အဲဒီ့ဒေသတွေမှာ ဗမာစာ သင်ခွင့်မရှိဘူး။ အဲဒီလို နှစ်ကာလရှည် ခွဲခြားအုပ်ချုပ်ခြင်းရဲ့ အကျိုးဆက်ကြောင့် လွတ်လပ်ရေး ယူမယ့်အချိန်မှာ ပင်လုံ ညီလာခံနဲ့ ပင်လုံစာချုပ်ဆိုတာ လိုအပ်စွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။
အလွယ်တကူ ပေါ်ပေါက်လာတာတော့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်ရောက်နေ စဉ်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကိုယ်စားလှယ် မဟုတ်ဖူးလို့ သံကြိုးရိုက် ကန့်ကွက်တာတွေ ရှိခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆိုခဲ့တဲ့ စော်ဘွားတွေလဲ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တောင် စိတ်ပျက်လက်လျှော့ တော့မလောက် အခြေအနေရောက်ခဲ့တယ်လို့ အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ ပင်လုံစာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးထွန်းအေး၊ ဦးတင်အေး၊ ဦးထွန်းမြင့်စတဲ့ တိုးတက်တဲ့ ရှမ်းမျိုးချစ်တွေ ခေါင်းဆောင်ပြီး တောင်ကြီးမြို့မှာ လူထု အစည်းအဝေးကြီး ကျင်းပခဲ့တယ်။ လူထုအစည်းအဝေးကြီးက ပြည်မနဲ့အတူ လွတ်လပ်ရေးယူရန်နဲ့ ပြည် ထောင်စုမူကို ထောက်ခံ ဖိအားပေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြ တယ်။
ပင်လုံစာချုပ်နဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု ဆိုတာဟာ လူနည်းစုရော၊ လူများစုပါ တိုင်းရင်းသားအားလုံးက ကိုယ့်သ ဘောဆန္ဒအလျောက် ပူးပေါင်းတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်းမှာ သီဆိုသလို တရားမျှ တခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှမှုကို အခြေခံထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လူမျိုးစုံ အမျိုးသား ခေါင်း ဆောင်ကြီးတွေ စိုက်ထူခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်မှာ နိုင်ငံသား အားလုံးရဲ့တာဝန် မျိုးချစ်အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။
ဒီနေ့ ပြည်ထောင်စုရဲ့ အန္တရာယ်က ဖောက်ပြန်မှု ဗီဇအခြေခံတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒ တွေပဲဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရန်သူဖြစ်တဲ့ စစ်အာဏာရှင် နအဖစစ်အုပ်စုဟာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ အကြားက ပဋိပက္ခအသွင် အပြန်အလှန် ကျေးဇူးပြု ယှဉ်ဖက်နေမှုကို အမှီပြုပြီး ရပ်တည်နေတာ ဖြစ်တယ်။
လွတ်လပ်ရေး တိုက်ပွဲကာလက ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ လူမျိုးစုံ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီး အောင်ပွဲဆင်ခဲ့တယ်။ ဒီနေ့ စစ်အာဏာရှင်တွေကို ချေမှုန်းအောင်ပွဲဆင်ဖို့ ဆိုတာမှာကလည်း အမျိုးသားညီညွတ်ရေး ဟာ အဓိကလိုအပ်ချက် ဖြစ်တယ်။ အမှန်တကယ် ညီညွတ်ရေးလိုချင်ရင် ရန်သူအစစ်ကို မြင်ဘို့လိုပါတယ်။
ရဲဘော်ကျော်သန်း
http://www.naytthit.net/?p=28643


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်