Friday, August 31, 2012

ရော်နယ်အောင်နိုင် နှင့် စမားညီညီတို့ ပြောတဲ့ ABSDF (မြောက်ပိုင်း) ကိစ္စ

Posted by drmyochit Friday, August 31, 2012, under | No comments




From : အေးချမ်းဟိန်×မင်းမင်းလတ်(မြစ်မခ)

ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား ၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့် တိုင်းရင်း သားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့် ၄င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်ကိစ္စရပ်များ စုံစမ်း ဖော်ထုတ်မှုကို ၂၀၁၃ ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့ကတာဝန်ပေးအပ် ထားသည့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ အမှန်တရားဖော်ထုတ်မည့် လုပ်ငန်းစဉ်အချိန်မီအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တွင်နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူ များနှင့်အမှန်တရားနှင့်တရားမျှတ မှုကို မြတ်နိုးသူများကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့အနေဖြင့်လူပြောများနေသည့် ၁၉၉၀၀န်းကျင်ကာလက အကြောင်းအရာများကိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုစွာ အမှန်တရား ပေါ်ထွန်းရေးအတွက်အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို မတ်လ(၇)ရက်နေ့ ကကြေညာချက်ထုတ်ပြန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းအဖွဲ့အား ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းရန်စတင်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ‘အမှန်တရားဖော် ထုတ်ဖို့အတွက်အဖွဲ့အတွင်းမှာလည်း လွန်ခဲ့တဲ့တစ်လလောက်က တည်းက ပြင်ဆင်နေတယ်လို့ သိရတယ်၊ ‘ဟု ABSDF၏ အတွင်း ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးရော်နယ်အောင်နိုင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

အေးချမ်းဟိန် (ACH)။ ။ ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာတွေ့နေရတာနဲ့ပတ်သက်လို့ မီဒီယာတွေကိုအစ်ကို့အနေနဲ့ အင်တာ ဗျူးပေးတာမျိုး မတွေ့ရဘူးနော်၊ နောက်ဖေ့ဘွတ်မှာလည်းဘာဖြစ်လို့ပြန်မပြောတာလဲခင်ဗျ။


ရော်နယ်အောင်နိုင်(AN)။ ။ မီဒီယာတွေက မမေးလို့ ပါ။ ဖေ့ဘွတ်မှာတော့ ဒီအကြောင်းပြန်မပြောတော့ဘူး၊ ဘာဖြစ်လို့ လည်းဆိုတော့ ပြန်ပြောရင့် ရပ်တော့မှာမဟုတ်ဘူး၊ မနေ့ကတောင် RFAကလား၊ VOAကလားမသိဘူး မေးသေးတယ်၊


ACH ။ ။ ၁၉၉၀၀န်းကျင်ဖြစ်က အကို ABSDF အထွေထွေအတွင်းရေးမှူး ဘ၀တုန်းက
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်ပြောပြပါလင်းခင်ဗျ။


AN။ ။ အဲ့ဒီပြသာနာက ၁၉၉၁၊ေ၉၉၂ တုန်းကဖြစ်တာ၊ ကျွန်တော်က အဲ့တုန်းကABSDFမှာ အထွေ ထွေအတွင်းရေးမှူးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာသူသျိုဝင်တယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကို ဖော်ထုတ်ပေးတယ်၊ယုံကြည်ရတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့အပြစ်ပေးခဲ့တယ်၊
အဖွဲ့အစည်းတွေရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဘက်မှာ ပြောစရာရှိတာကတော့စစ်ကြောရေးပဲ၊ ဘယ်သူမှလည်း စစ်ကြောရေးသင်တန်း တတ်ထားတာမဟုတ်ဘူး၊အဲ့ဒီလိုအခြေအနေတွေရှိတယ်၊ အဲ့ဒီတုန်းက ကျွန်တော်တို့က လည်းအထူးသဖြင့်သတိတော့ထားပါတယ်၊


ACH ။ ။ ဖြစ်ခဲ့တဲ့ပြသာနာအသေးစိတ်ကို ပြောပြလို့ရနိုင်မလားခင်ဗျ။

AN။ ။ကျွန်တော်တို့ ကချင်မှာ နေကြရတဲ့အချိန်မှာ စစ်အစိုးရကဆန်ဂိုထောင်တွေကို ထိုးစစ်ဝင် ၀င်ထိုးတယ်၊ ဆန်ဂိုထောင်တွေပါသွားပြီဆိုရင်ကျွန်တော်တို့ ဘက်ကရှုံးတယ်၊ ရှေ့တန်းမှာဆန်စားပြတ်ပြီဆိုရင် ရဲဘော်တွေကျတယ်၊ အဲ့ဒီတုန်းက အမြဲဖြစ်တယ်၊တစ်ဘက်ကလည်း ABSDFမြောက်ပိုင်းက ဒီဘက်နဲ့ မတူတာက တစ်ဘက်မှာရာဂဏန်းနည်းနည်းလောက်ရောက်သွားတယ်၊ ပြီးတော့မှ ဖြေးဖြေးချင်းပြန်စုတာ၊အဲ့ဒီမှာ UGလမ်းကြောင်းက အရမ်းအားကောင်းပြီး အောင်မြင်တယ်၊တစ်လကို
၃ခေါက်၊၄ခေါက်တတ်တာတောင် အဖမ်းအဆီးအနာအဆာမရှိဆိုတော့ ကျွန်တော်တို့နည်းနည်းသံသယဖြစ်လာတယ်၊ အဲ့ဒီမှာ ဖြစ်ချင်တော့ ကျွန်တော်တို့ထဲကတစ်ယောက်က ထွက်ပြေးတယ်၊ သူ့ဆီကနေစာလာတယ်၊ အဲ့ဒီတုန်းကကျွန်တော်တို့ဆီမှာရှိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က အရေးယူဆောင်ရွက်တယ်၊ထွက်ချက်တွေ ပြန်ယူပြန်ဆက်စပ်ပြီး ထောက်လှမ်းရေးမှာ နာမည်ထွက်တဲ့သူတွေကအများကြီးဖြစ်နေတယ်၊ ကျွန်တော်တို့လည်း သေချာအောင်ပြန်လုပ်တယ်၊
နောက်ဆုံးတော့ လူ(၈၀)လောက်ထွက်လာတယ်၊ အဲ့ဒီအထဲမှာမှ သေချာတယ်အဖွဲ့အစည်းနဲ့ပတ်သက်လို့လုပ်ရပ်တွေအရ စည်းမျဥ်းစည်းကမ်းအရသေဒဏ်ပေးသင့်တယ်ဆိုတဲ့သူတွေကိုမြောက်ပိုင်းဗဟိုကော်မတီအစည်းဝေး ကနေပြီးတော့ သေဒဏ်ပေးခဲ့ တယ်၊လူ(၁၅)ယောက်လောက်ကို၊ ကျန်တဲ့သူတွေက ဟုတ်ချင်ဟုတ်မယ် မဟုတ် ချင်မဟုတ်ဘူးသံသယဖြစ်စရာရှိတယ်၊ ဥပဒေအရကြည့်မယ်ဆိုရင်တော့သူတို့မှာ အပြစ်မရှိဘူးပေါ့၊ ကျန်တဲ့သူတွေကိုထိမ်းထားရင်းနဲ့သူတို့ထွက်ပြေးသွားတယ်၊ ထွက်ပြေးတော့ တောထဲကနေထွက်ပြေးရတယ်ဆိုတာ ခက်ပါတယ်၊ စခန်းကနယ်စပ်မှာထွက်ပြေးတဲ့အချိန်မှာ အစိုးရရဲ့အစီစဉ်နဲ့ တရုတ်ကလာကြိုပေးတယ်ဆိုတော့အစီစဉ်တကျထွက်ပြေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်၊ သူ့တို့အားလုံးကိုသူလှိုဖြစ်တယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ပါနိုင်တယ်၊


ACH ။ ။ အဲ့ဒီတုန်းက စစ်အစိုးရနဲ့ ဗဟိုဋ္ဌာနချုပ်ရဲ့အခြေအနေလေးလည်းအများသိအောင်ပြောပေးပါဦး။


AN ။ ။ အစိုးရဘက်ကလည်းအဲ့ဒီတုန်းက ကျောင်းသားတွေကို ကူမယ်ကယ်မယ်ဆိုတဲ့ဆနမျိုး ရှိတာတော့ မဟုတ်ဘူး၊ နောက်ဗဟိုကလည်း သူလှိုတွေအဲ့ဒီလောက်အများကြီးဖြစ်နိုင်ပါ့မလား သံသယရှိတယ်၊ ဒီဘက်မှာ
ကံကောင်းချင်တော့ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်အနေနဲ့လွှတ်ထားတဲ့သူတစ်ယောက်ပါတယ်၊ သူက အခုမြန်မာပြည်ထဲမှာ၊ သူ့ကို ဒီဘက်မှာ ABSDFဗဟိုကိုဖမ်းပေးပါ၊ကြည့်ပေးပါလို့ ကျွန်တော်အဲ့ဒီလောက် ပဲပြောလိုက်တယ်၊ သူ့ကိုဒီဘက်ကနေ ဖဖ်းတယ်၊စစ်တယ်၊ သူ့ထွက်ချက်တွေနဲ့ ဒီဘက်ကထွက်ချက်တွေသွားတူတယ်၊ မတူရင်ဗဟိုက ပြသာနာ၇ှိနိုင်တယ်၊ တူသွားတာက တော်တော်လေးခိုင်ခိုင်လုံလုံဖြစ်သွားတယ်လို့ ပြောလို့ရတယ်။

ACH ။ ။ အခုလိုနှစ်ပေါင်းများစွာကြာပြီးမှ ဒီကိစ္စကိုပြန်ဖော်ထုတ်တာနဲ့ပတ်သက်လို့ ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက် မှုလို့ပြောလို့ရမလား၊


AN ။ ။ ကျွန်တော်က ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက်မှုလို့တော့ မထင်ဘူး၊နိုင်ငံရေးပါနိုင်တယ်။ နိုင်ငံရေး ရည်ရွယ် ချက်တွေရှိကောင်း၇ှိနိုင်မယ်လို့ ထင်တယ်၊



ACH။ ။ တိတိကျကျပြောရရင် ဘယ်လိုမျိုးလဲ ခင်ဗျ။

AN။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုဟာက မြန်မာနိုင်ငံကိုအိမ်ပြန်ချိန်လို ဖြစ်နေတယ်၊ ABSDFလည်း တချိန်ချိန်မှာ အိမ်ပြန်ရမှာပဲ၊တကယ်တမ်း စွန့်လွတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်တယ်၊တစ်ချို့လူတွေက ၈လေးလုံး မျိုးဆက်တွေလို လူချစ်လူခင်များတဲ့အဖွဲ့တစ်ခုထပ်မ၇ှိစေချင်ဘူးလား၊ ABSDFကို သိက္ခာချချင်လို့လား၊အဖွဲ့နဲ့အတူပူးပေါင်းခဲ့တဲ့ သူတွေကို တစုံတရာ ထိခိုက်စေချင်လို့လားအဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေ ဖြစ်နိုင်သလား ကျွန်တော်စဉ်းစားမိတယ်၊



ACH ။ ။ အိမ်ပြန်ချိန်ဆိုတော့ ABSDF က ကိုယ့်အိမ်ကိုယ်ပြန်ဝင်မယ့်အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောထားမျိုးတွေ ရှိနိုင်မလဲခင်ဗျ။


AN ။ ။ ABကျောင်းသားတွေရဲ့ သဘောထားက တိုင်းပြည်ကောင်းရင်တော့ပြန်ဝင်မှာပေါ့၊ ABSDFက ကျွန်တော်တို့ ပါဝင်ဖြတ်သန်းသလောက်ဆိုဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေး အဲ့ဒီအချက်တွေသာပြည်တွင်းမှာ ခိုင်မာမယ်ဆိုရင် သူတို့ အိမ်ပြန်ကြမှာပါ၊ အဲ့ဒီ(၃)ချက်မခိုင်သေးဘူးဆိုရင်တော့ သူတို့ပြန်ကြမယ် မထင်ဘူး၊


ACH ။ ။ အိမ်ပြန်မယ်ဆိုတဲ့ကျောင်းသားအဖွဲ့တွေရဲ့စိတ်ထဲမှာအချိန်ကာလသတ်မှတ်ချက်ဆိုတာနဲ့ ပတ်သက်လို့ တိုင်းတာမယ့်စံနှုန်းများရှိသေးလားခင်ဗျ။


AN ။ ။ အချိန်ဆိုတာထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုးတက်သွားပြီလား၊ ပါလီမန်ထဲမှာ ရွေးကောက်ခံမဟုတ်ပဲနဲ့စစ် သားလေးပုံတစ်ပုံပါနေတယ်၊ အဲ့ဒါမျိုးက ဒီမိုကရေစီလို့ခေါ်လို့ရလား၊စစ်တပ်အတွက် တစုံတရာ အာမခံချက်မလိုဘူးလားဆိုတော့ လိုတယ်၊ ရှိတယ်၊ဒါပေမယ့်တစ်ချိန်ချိန်မှာ လျော့သွားမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးဥပမာပြောတာပါ၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မီဒီယာအခွင့်အရေးအတွက်အာမခံချက်ရှိပြီလား၊ နောက် လက်ရှိ ၇ှိပြီးသားဥပဒေတွေကဖိနှိပ်တာတွေအများကြီးရှိတယ်၊ အဲ့တော့ အာမခံချက်ရှိတဲ့ဥပဒေတွေတည်ဆောက်မယ်၊ အဓိကက တိုင်းရင်းသား ပြသာနာ၊ ABSDFကတိုင်းရင်းသားတွေနဲ့နီးစပ်တော့ တိုင်းရင်းသားတွေအပေါ် နားလည်တဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကိုနားလည်နိုင်ရင် ၊တိုင်းရင်းသားပြသာနာမပြီးရင်၊ ပြည်တွင်းစစ်မပြီးဘူး၊ပြည်တွင်းစစ်မပြီးရင် တိုင်းရင်းသားပြသာနာမပြီးဘူး၊ အဲ့တော့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြသာနာ အထူးသဖြင့်တော့ ၂၀၀၈ဖွဲ့စည်းပုံကိုကျော်တဲ့ နိုင်ငံရေးအရနားလည်မှုမျိုးလိုအပ်မယ်လို့ထင်ပါတယ်။


ACH ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာလူမျိုးတော်တော်များများကိုယ့်ပြည်တွင်းကို ပြန်လာချင်တဲ့ စိတ် ရှိကြသလား ။


AN ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့လူတော်တော်များများကတော့ပြန်ကြမယ်ထင်ပါတယ်၊ သူတို့မှာ သွားစရာမှ မရှိတာ။

ဦးရော်နယ်အောင်နိုင်အား တွေ့ဆုံးမေးမြန်းဖြစ်ခဲ့ပြီးနောက်အစိုးရသစ်လက်ထက်အထိ ရေငုံနှုတ် ပိတ်နေခဲ့ရသောABSDFမြေပေါ်စည်း ရုံးရေးတာဝန်ခံ တစ်ဦးဖြစ်ခဲ့သူ GTI ကျောင်းသားထွန်းအောင်ကျော်နှင့် ကိုချိုကြီးတို့၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်မန္တလေးမြို့တွင် နေထိုင်သည့် စမားညီညီကိုလည်းဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။


စမားညီညီ



မင်းမင်းလတ် (MML)။ ။ နှစ်ပေါင်း(၂၀)ကျော်မျိုသိပ်ခဲ့ကြပြီးမှ(၁၂)ရက်နေ့ကြမှ အားလုံးစုပြီးပြန်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်ကဘယ်လိုစိတ်ကူးတွေနဲ့ဒီအစီအစဉ်ကို အကောင်ထည်ဖော်မိကြတာလဲ။

စမားညီညီ(NN) ။ ။ ဒီမေးခွန်းကိုမေးတဲ့ အတွက်ကျေးဇူးပါပဲ ၊ ဘာဖြစ်လို့လဲဆိုရင်ဒီနှစ်(၂၀)ကျော်ကြီးအရင်က နေပြီးတော့မှ မကြုံဘူး မကြားဘူးတဲ့ပုံသဏ္ဍာန်ကြီးနှိပ်စက်ခံလာခဲ့ရတယ် ၊ခံလာပြီးပြန်လာတဲ့အချိန်မှာမြို့ပေါ် မှာရောက်တော့လဲနေရာ အသီးသီကနေပြီးတော့မှ ထောက်လှန်းရေးတွေ ပါဆိုပြီးဝိုင်းအပယ်ခံရဘူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဖွင့်ပြောလိုက်လို့ရှိရင်ဒီတော်လှန်ရေးကြီးက တစ်နေရာကနေထိခိုက်သွားမယ် ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားကိုနိုင် ငံတကာကဖြစ်စေ အထင်မြင်သေးသွားမယ်ဆိုတဲ့ အသိတရားတွေနဲ့ ၊ ဒါကတော့ လုပ်သွားတဲ့ လူတွေက လူတစ်စု ၊မကောင်းတဲ့လူတစ်စုကလုပ်သွားတာ ၊ ကျွန်တော်တို့ အနေနဲ့ကတော့နဂိုရည်မှန်းချက်အတိုင်း တော်လှန်ရေးအပေါ်မှာ သစ္စာရှိရမယ်လို့ယုံကြည်ပြီးတော့မှ တို့အားလုံးက မတိုင်ပင်ပဲနဲ့ ပါးစပ်ပိတ်နေကြတာ။ခုသမ္မတအစိုးရလက်ထက်ရောက်တဲ့အခါ သမ္မတအစိုးရကလဲ အပြင်ရောက်တဲ့သူကိုပြန်ဝင်ခွင့်ပေးတယ် ၊ အပြစ်ရှိသူကို အပြစ်ရှိသလိုခံရမယ်လို့ ပြောတယ် ၊
နောက်ပြီး နိုင်ငံရေးအရလဲပွင့်လင်းမှုတွေအတိုင်းအတာတစ်ခုထိရှိလာတဲ့အချိန်မှာ ဒီအချိန်က တော့ ပြောလို့ရပြီ ၊ပြောသင့်ပြီ ဒီအချိန်မှ တို့မပြောတော့ဘူးဆိုရင် အတူတူသွားပြီးတော့မှအသက်ပေးခဲ့ရတဲ့ သူငယ်ချင်းတွေ ဥပမာ ထွန်းအောင်ကျော်ဆိုလို့ရှိရင်ကျွန်တော်နဲ့ ၁၉၈၅လောက်ကတည်းက ရင်းနှီးပြီး သီချင်းတွေအတူရေးကြစပ်ကြတီးကြဆိုကြ နေလာခဲ့ကြတာ ၊ ထွန်းအောင်ကျော်ရဲ့အကိုဝမ်းကွဲ
ကိုချိုကြီးဆိုရင် ၁၉၇၅ကတည်းက ခင်ခဲ့တာ ၊ တက္ကသိုလ်တက်တော့ဓါတုဗေဒပထမနှစ်မှာကတည်းက တစ်တန်းတည်းအတူ နေခဲ့ရတယ် ၊ အင်မတန်မှရင်းနှီးတဲ့ ညီအကိုသူငယ်ချင်းတွေဖြစ်တယ်။ ဒီသူငယ်ချင်းတွေကလဲ မသေခင်မှာနောက်ဆုံးအချိန်မှာ သူတို့သမိုင်းကိုတော့ မသေခင်ဖေါ်ထုတ်ပေးပါ ၊ကိုညီဖြစ်အောင်လုပ်ပါဗျာဆိုပြီး ပြောခဲ့တယ်။ နောက်ပြီးတော့မမှာခဲ့နိုင်ပေမဲ့ ဒီထဲမှာ အသက်ပေးသွားခဲ့တဲ့ဘ၀ပေးသွားခဲ့တဲ့သူတွေအတွက်ဒီနေ့လုပ်ဖြစ်တာဖြစ်တယ်။

MML ။ ။ ဒီ(၁၂)ရက်နေ့ပွဲမှာ အသက်ရှင်ပြီး ကျန်နေခဲ့တဲ့သူတွေက အဲဒီတုန်းက
ဖြစ်ခဲ့ခံခဲ့ရတဲ့ဟာတွေ ကိုရော ဘယ်သူဟာလက်သည်တရားခံအစစ်ပါလို့ဖွင့်ချသွားဖို့ အစီအစဉ်ရှိလား။


NN ။ ။ လက်သည် တရားခံအစစ်ဆိုတာက ဖွင့်ချမှာပါ၊ဘာလို့လဲဆိုတော့ မျိုသိပ်ထားရတာကြာပြီ ဆိုတော့ဖွင့်မချပါနဲ့ပြောလဲမရပါဘူး ဖွင့်ချမှာပါ။ ဖွင့်ချပေမဲ့ဒီကိစ္စကအဲဒီအဖမ်းဆီးခံခဲ့တဲ့ အခြေနေမျိုးပြန်တွေး
ပေးစေခြင်တယ် ၊ အဲဒီအခြေအနေတုန်းက ကျနော်တို့အားလုံးက ထိပ်တုံးထဲမှာနေရင်နေရတယ် ၊ မနေရရင် လည်း သံကြိုးချည်ခံထားရတယ် ၊ လမ်းလျှောက်ရင်ခေါင်းငုံ့လျှောက်ရတယ် ၊ အချုပ်ခန်းထဲထည့်လိုက်ပြီဆိုရင် မျက်စိအ၀တ် စည်းထားတယ် ၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောခွင့်မရှိဘူး၊ အဲဒီတော့ ကျွန်တော်တို့မှာက သတင်းတွေကအကန့်အသတ်ဖြစ်နေတယ်၊ ကိုယ်တိုင်ကြုံခဲ့ရတာတောင်မှ နောက်တစ်ယောက်ဘာဖြစ်နေတယ်ဆိုတာ အတိအကျသိနိုင်ဖို့ နည်းနည်းခဲယဉ်းတယ် ၊ အကြားတွေနဲ့ပဲ
သိရတာတွေရှိတယ်။ တစ်ယောက်ခြင်းကတော့ ကိုယ့်အတွေ့အကြုံကို သိကြတယ်အဲဒါကြီးကိုပြန်စုစည်းမိဖို့ဆိုတာကြီးက ကျွန်တော်တို့စုစည်းပြီးလုပ်ကြမှဖြစ်မှာ ၊ကိုယ်နဲ့ ပတ်သတ်လို့ ဘယ်သူနှိပ်စက် တယ် ဘယ်သူလုပ်ခဲ့တယ်ဆိုတာအားလုံးကိုပြောနိုင်တဲ့ ၊ အဲလိုပဲ အထဲထဲမျာပါတဲ့ တစ်ယောက်ချင်းကိစ္စတွေပြောမှာပါပဲ ၊ ပြောပေမဲ့လဲ ဒါတွေအားလုံးက တရားခံတွေအားလုံးက ဘယ်လိုကနေဘယ်လိုစုစည်းပြီး ဘယ်လို လုပ်တယ်ဆိုတာ ကောက်ချက်ချဖို့ဆိုတာတော်တော်လေးစောသေးတယ် ၊ ဒါပေမဲ့သေချာတာ တစ်ခုက ဒီနေ့ Facebookပေါ်မှာတက်နေတဲ့ အများသိတာထက်က ပိုပြီးနက်ရှိုင်းတဲ့နေရာကနေလာတဲ့ကိစ္စဖြစ်တယ်ဆိုတာ ပြောနိုင်တယ် ၊ ဒါလေးကိုလဲ မကြာခင်မှာအားလုံးသိနိုင်ဖို့ ဖွင့်ချသွားမှာပါ။ ဒီနေရာမှာပြောခြင်တာက ဖွင့်ချတဲ့
အချိန်မှာ လူတွေကိုစွပ်စွဲရပြီဆိုရင် မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ် ၊ သူတို့ရဲ့ နေထိုင်တဲ့ နေရာဒေသ၊ သူတို့ပါဝင်တဲ့အဖွဲ့အစည်း ၊ ဒါတွေဘယ်လိုမှမပါဘူး ၊ မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ်။ ဒါတော့ နားလည်ပေးကြပါ။



MML ။ ။ စွပ်စွဲတဲ့အခါမှာရောအကို့အနေနဲ့ ဘာလိုစွပ်စွဲပြီးဘာတွေလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲ။


NN ။ ။ ပထမအဆင့်အနေနဲ့ ဒီကိစ္စကအညိုရောင်နယ်မြေမှာဖြစ်ခဲ့တာဆိုတော့ လက်ရှိဥပဒေအရ ဆိုရင်တိုက်ရိုက်တရား စွဲဆိုဖို့ရနိုင်တဲ့အခြေအနေမှာ ရှိခြင်မှ ရှိမယ်။ကျနော်မသိတာလဲဖြစ်နိုင်တယ်လေ ၊ ရရင်လဲရမှာပေါ့ ၊ ဒါပေမဲ့ဘာစဉ်းစားထားလဲဆိုတော့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ နောက်ကျနော့်အတွေ့အကြုံနဲ့ပတ်သတ်ပြီးတော့ စာအုပ်ရေးထားတာရှိတယ်။အဲဒီစာအုပ်ကို နိုင်ငံတကာ မှာဖြန့်ပြီးတော့အကူအညီတောင်းပြီးလုပ်ဆောင်သွားဖို့ စဉ်းစားထားတာရှိတယ်။အဲဒါတွေအားလုံးကို လူ့အခွင့်အရေးကို တင်ပြတိုင်တန်းပြီးတဲ့အခါ ဒီဟာကိုတရားစွဲဆိုဖို့ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ တရားဝင် လုပ်မှာဖြစ်ပါတယ်။

MML ။ ။ အကိုတို့ အဲဒီတုန်းကတောထဲကို ထွက်သွားတယ်ဆိုတာကမြို့ပေါ်မှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို လက်မခံခြင်လို့၊အရေးအခင်းတွေမှာလူသတ်ပွဲတွေဖြစ်နေတာ လက်မံခြင်လို့ အကိုတို့တောထဲကိုထွက်သွားတယ် ၊ တောထဲရောက်မှ အချင်းချင်း ဒီလိုဖြစ်သွားတာကိုအကို့အနေနဲ့ ဘယ်လို ပြောမလဲ ။

NN ။ ။ အမှန်တိုင်းပြောရရင်တော့ ကျောင်းသားတွေတောခိုသွားတဲ့အချိန်မှာမျိုးချစ်စိတ်တစ်ခု တည်း ၊ နိုင်ငံချစ်စိတ် တစ်ခုတည်းနဲ့ တောခိုသွားကြတာ ၊အားလုံးဘက်စုံပြင်ဆင်မှု ဘ၀အတွေ့အကြုံ နည်းပါတယ်။ အဲဒီအခါရောက်တော့ မှန်ကန်တဲ့ဘက်မှာရပ်တဲ့ ကျောင်းသားတွေ အနေနဲ့ကလည်း မှန်မှန် ကန်ကန်တွေးခေါ်နိုင်စွမ်းတွေချို့တဲ့တာတွေ့ရတယ်။ တစ်ခါတဖက်မှာရောက်တော့ဒီမိုကရေစီနဲ့ အမျိုးသား နိုင်ငံရေးဆိုတဲ့ပုံသဏ္ဍာန်ကိုသွေ ဖည်ပြီးတော့မှမိမိအ ရပ်ဒေသအတွက် ဒေသတစ်ခုအတွက် လုပ်ကြမယ်ဆိုတဲ့ဦးတည်ချက်နဲ့လာတဲ့သူတွေဟာ ကြိုတင်စီမံပြီးတော့လုပ်ကြံမှုတစ်ခုလုပ်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေ အားလုံးမရှုမလှခံလိုက်ကြရတာဖြစ်တယ်။


MML ။ ။ ကြိုတင်စီမံမှုနဲ့ လုပ်ကြံမှုကိုလုပ်တယ်ဆိုတော့အကိုကအဲဒီဟာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ပြီး ပြောခြင်တာလဲ။

NN ။ ။ ဒီကိစ္စက မျိုးဝင်းနဲ့သံချောင်းနဲ့ အပေါင်းအပါတွေက ခုနကကျွန်တော် ပြောထားတယ်နော် ၊ ဒေသတစ်ခုလုံးကိုစွပ်စွဲတာ မဟုတ်ဘူး၊မျိုးဝင်းနဲ့သံချောင်းနဲ့ဆိုတဲ့အဖွဲ့က မိုးညှင်း မိုးကောင်း နမ္မားဒေသကိုအခြေခံပြီးတော့မှ အဲဒီဒေသမှာ သူတို့ စစ်ဘုရင်လေးတွေဖြစ်ခြင်တယ် ၊သူတို့နယ်မြေမှာ သူတို့အုပ်ချုပ်ပြီးတဲ့ အခါရောက်တော့သူတို့ချုပ်ကိုင်ပြီးနေခြင်တဲ့အလိုလောဘနဲ့ ရမ္မက်ကြောင့် လုပ်ကြတာဖြစ်တယ်။အဲဒီတော့ ဒီစကားကိုပြန်ကောက်ရရင် ဒေသတစ်ခုလုံးကို စော်ကားတာမဟုတ်ဘူးဆိုတာ ဘာလို့ပြောတာ လဲဆိုရင် ဥပမာ အားဖြင့် သံချောင်းရဲ့အမေဟာသံချောင်းဒီလိုမဟုတ်တာတွေလုပ်တဲ့အချိန်မှာ လူထုအစည်းအဝေးပွဲမှာဒီသားဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် မွေးတုန်းက သတ်ပစ်ခဲ့ပါတယ် ၊ဒါဝမ်းရည်စပ်တဲ့ သားပါဆိုပြီးတော့ သံချောင်းရဲ့ မိခင်ကဒီလိုဆိုးယုတ်မှုတွေကို လက်သင့်မခံဘူးဆိုပြီးတော့ ကျွန်တော်မှာသက်သေအထောက်အထားရှိပါတယ်။

MML ။ ။ ဘယ်တုန်းက ပြောသွားခဲ့တာလဲ။


NN ။ ။ သံချောင်းကိုပြန်ပြီးအစိုးရကဖမ်းမိပြီးနောက်ပိုင်းပြောသွားတာပါ။

MML ။ ။ ခုအင်တာနက်စာမျက်နှာတွေပေါ်မှာထွက်လာတာက ဟိုအရင်ကဟာပါ ၊ရော်နယ်အောင်နိုင်နဲ့ အင်တာဗျူးဆိုပြီးတော့ ထွက်လာတယ် ၊ ထွက်လာတဲ့အခါမှာသူတို့ဖက်ကလဲ လက်ရှိ အချိန်ထိကို သူလျှိုဖြစ်ပါတယ်လို့အခိုင်အမာပြောနေတုန်းပဲပေါ့နော် ၊ အဲဒီဟာကိုရော အကို့အနေနဲ့ဘာပြောခြင်လဲ။


NN ။ ။ သူတို့မှာ ဒီစကားကလွဲလို့ ဒီပြင့်ဘာစကားမှ ပြောစရာမှမရှိပဲ ဒါပဲပြောရမှာပေါ့၊ အဲဒီတော့ ရော်နယ်အောင်နိုင် ကိုပြောလိုက်ပါ ၊ကျွန်တော်စစ်ခံထားရတဲ့ဖိုင် သူ့ဆီမှာရှိပါတယ်လို့ပြောပါတယ် ၊အဲဒီဖိုင်ကိုကျွန်တော်ကို ပြန်မပေးပါနဲ့ ၊ ဒီမန္တလေးမြို့လယ်ခေါင်မှာ ချပြလိုက်ပါ ၊ဘာလဲဆိုတာ သိသွားမယ် ၊ ကိုယ်ခံခဲ့ရ တဲ့ ကိစ္စကိုသိတယ်၊ စစ်တုန်းက သူတို့ကရိုက်နှက်ပြီးတော့မှ ၀န်ခံခိုင်းပါတယ်။ ပြောပြီးသား စကားကို ပြန်ပြောရမယ်၊ ပြန်ပြောလို့လွဲတယ်ဆိုရင် ရိုက်တယ် ၊ ဘယ်လိုပြောရလဲ ဆိုရင်မှတ်မိအောင်လို့ ကိုယ့်ဘ၀အစစ်အမှန်ထဲက အဖြစ်အပျက်တွေကို နာမည်တွေတပ်ပြီး
အဖြစ်အပျက်လွဲပြီး ဥပမာဗျာကျွန်တော်နဲ့အတူသင်တန်းတက်ရတဲ့သူတွေ အကြောင်းပြောမယ်ဆိုရင်
အဲဒီနာမည်တွေကို ပြောစမ်း ဆိုတဲ့အခါရောက်တော့ မန္တလေးမြို့ကျွန်တော်တို့အရင် သူငယ်ချင်းတွေရှိတယ် ၊ တောင်ဆင်ကျုံးဗလီဝင်း ထဲကလမ်းထောင့်ကစပြီး အိမ်ထောင်ဦးစီးတွေနာမည်တန်းစီပြောလိုက်တယ်။ အဲဒီတော့သူတို့ကြိုက်တဲ့ အချိန်ပြန်မေး အဲဒီနာမည်တွေက မလွဲတော့ဘူး ၊ အဲဒီတော့သူတို့က ဒါကြီးကို ဆယ်ခါပြန်မေးလဲမလွဲဘူး ၊ ဒါဟုတ်လို့ပေါ့ ဆိုတော့အဲဒီလိုနာမည်မျိုးတွေ ဒီမှာလာပြီးချပြရင် ရီစရာကြီးဖြစ်နေမှာပေါ့ ၊အဲဒီတော့ ရော်နယ်အောင်နိုင်ကပြောတာတစ်ခုရှိပါတယ် ၊ ရော်နယ်အောင်နိုင်တင်မကပါဘူး ABSDF တစ်ဖွဲ့လုံးက အားလုံးက သူတို့ရဲ့ကြွေးကြော်သံလိုရွတ်နေတာ ၊ဒီသူလျိုဖမ်းဆီးမှုထဲမှာ တစ်ယောက်အမှားပါရင် ကိုယ့်သဘောနဲ့ကိုယ်ကြိုးစင်တက်ပြမယ်ဟေ့ ၊ ကျောင်းသားတပ်ဘယ်တော့မှ မမှားဘူးဆိုတာ သူတို့ပြောခဲ့ပါတယ်။ အဲဒီစကားလေးကို ပြန်မှတ်မိပါသလားလို့ရော်နယ်အောင်နိုင်ကို နီးစပ်တဲ့ သူတွေက မေးပေးပါ ၊ အဲဒီတော့မှတ်မိတယ်ဆိုလို့ရှိရင် အဲဒီကြွေးကြော်သံလေးကို လုပ်ဖို့ရာ အစီအစဉ်ရှိပါလား။ ယောက်ျားပီသပါလား မေးကြည့်ပါ။

MML ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ABSDF ကကြေငြာချက်ထွက်တယ်ပေါ့နော် ၊ ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူပါတယ် ၊မှားခဲ့တဲ့အမှားအတွက်လဲ တောင်းပန်ပါတယ်လို့ပြောထားတာရှိတယ်။ အဲဒီဟာကိုအကို့အနေနဲ့ ဘယ်လိုပြန်ပြောခြင်လဲ။


NN ။ ။ အဲဒီစကားပြောရမယ်ဆိုရင်တော့ ခု ABSDF ဗဟိုမှာရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုယ့်ရဲ့ရုံးကဖိုင်တွဲ တွေကိုပြန် လှန်ပါလို့ပဲပြောရမှာပဲ၊ ဒီကိစ္စကြီးဖြစ်လာတဲ့ အချိန်တုန်းက ABSDFဗဟိုကနေပြီးတော့မှအတွင်းရေးမှုးဆိုတဲ့သူက ABSDF မြောက်ပိုင်းဆိုတာဗဟိုရဲ့လက်အောက်ခံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ABSDFမြောက်ပိုင်းမှာဖြစ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ
တာဝန်ယူပါတယ်လို့ပြောထားပါတယ်။ အဲဒီတာဝန်ယူတယ် ဆိုတဲ့အချိန်တုန်းကကန့်ကွက်တဲ့သူတွေ တောင်းပန်တဲ့သူတွေ မပေါ်လာပါဘူး။ အခုမှ တာဝန်ယူရတော့မယ်ဆိုတော့မှ ခုနက အောင်နိုင်က ကိုယ့်ဟာကိုကြိုးစင်တက်မယ်ဆိုတဲ့စကားကိုမ တည်နိုင်တဲ့အခြေအနေမျိုးပေါ့ ဗျာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးမှာအဲဒါလေးတွေ စရှင်သန်လာပြီလို့ပြောရလိမ့်မယ်။

MML ။ ။ နောက်တစ်ခု ကိုမိုးသီးဇွန်က သူမသိပါဘူးလို့ပြောတာကြားပါတယ် ၊ အဲဒါလေးကိုရော ။


NN ။ ။ အဲဒီ မိုးသီးဇွန်ကိစ္စပြောရရင် ကျွန်တော့်အမြင်အရအသိအရပြောရရင်တော့ ကျွန်တော် သိတဲ့အထဲ မှာ မိုးသီးဇွန် မပါဘူး။ ဒီနေ့ပါတယ်ပြောနေတဲ့သူတွေ ရှိရင်လဲ ဒါသူတို့မြင်တာ သူတို့ သိတာသူတို့ပြောလိမ့်မယ်။ ကျွန်တော်သိတာကတော့ ဒေါက်တာနိုင်အောင်ပါတယ် ၊ဒေါက်တာနိုင်အောင်ကကျွန်တော့်ကို ပြန်ပြီး ထောင်ချောက်ဆင်တဲ့မေးခွန်းတွေ သူကိုယ်တိုင်မေးဘူးတယ် ၊ ကိုညီခင်ဗျားအကိုက ကျံန်တော်တို့ဆရာပါခင်ဗျားညီက ကျွန်တော်တို့သူငယ်ချင်းပါ ၊ခင်ဗျားထောက်လှန်းရေးမဟုတ်မှန်းသိပါတယ်ဆိုပြီးတော့မှ လာပြီးမေးတာရှိခဲ့တယ် ၊ နောက်တစ်ခါဒေါက်တာနိုင်အောင်ကိုယ်တိုင်က ရန်ကုန်က ကျော်စွာဝင်းမောင်ကိုခွဲမှုးသက်ထွန်းတို့စစ်တဲ့အချိန်မှာမိုးသီးဇွန်ထောက်လှန်းရေးမလားလို့မေးတယ် ၊ အဲဒီတော့ ကျော်စွာဝင်းမောင် ကမဟုတ်ပါဘူးဗျာလို့ပြောတဲ့အခါ ခွဲမှုးသက်ထွန်းက အဲဒီစစ်ကြောရေးထဲမှာ
ပေါင်ကိုဓါးနဲ့ထိုးတဲ့ဟာ ဒေါက်တာ အောင်နိုင်ရှေ့မှာတင် ဒီကိစ္စဖြစ်တာပါ။အဲလိုပဲ သူတို့ဟာ နည်းနည်းလေး နာမည်ကြီး လာတဲ့သူ အားလုံးကို စွပ်စွဲတာသူတို့အကျင့်ဖြစ်နေပြီ ၊ အောင်နိုင်ဆိုလဲ သူအခုမှမေ့နေတာ ၊ရှစ်လေးလုံးမျိုးဆက်ကို ဂုဏ်ပြုတာ သူလုပ်ကောင်းလုပ်လိမ့်မယ် ၊ ဒါပေမဲ့သူအမြဲတန်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ၊ အထက်မြန်မပြည်မှာထွန်းအောင်ကျော်က စပိုင် ၊ အောက်မြန်မာပြည်မှာ ကိုကိုကြီးစပိုင်ဆိုတာသူအမြဲပြောတဲ့ စကားပါ။



MML ။ ။ လက်ရှိ ABSDF နဲ့ နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးယူဖို့ဆွေးနွေးနေကြတယ်။ အဲဒီထဲမှာဗျာ ဥပမာ အဲဒီမှာဥက္ကဌဖြစ်ခဲ့တဲ့ ရော်နယ်အောင်နိုင်လိုမျိုး ပြည်တွင်းကိုပြန်ဝင်လာမယ်ဆိုရင် သူ့ကို ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်ပါတယ်ဆိုပြီးကန့်ကွက်ဖို့ အစီအစဉ်ရှိပါလား။

NN ။ ။ အဲဒီကိစ္စက ဥပဒေကြောင်းအရရှင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာနေတဲ့သူတွေ ပြန်လာဖို့ ဒီကိစ္စကြီးကိုသမ္မတကြီးကိုမေးတဲ့အခါမှာ သမ္မတကြီးက အပြစ်လုပ်ထားတဲ့သူတွေ အရေးယူ
ခံရမှာပေါ့ ၊ အပြစ်မလုပ်ထားတဲ့သူတွေ အပြစ်မရှိဘူးလို့ပြောထားတယ် ၊အဲဒီစကားမှာ ရှင်းနေပါပြီ ၊ အဲဒီစကား အရ ရော်နယ်အောင်နိုင်ဖြစ်စေကြိုက်တဲ့သူလာပါ အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို အပြစ်ပေးအရေးယူမယ်ဆိုတာ
သမ္မတကြီးကိုယ်တိုင် ညွှန်ကြားထားတာရှိပါတယ်။

MML ။ ။ အကို့အနေနဲ့ နောက်ဆုံးဘာများဖြည့်ပြောခြင်ပါလဲ။

NN ။ ။ မခုချိန်မှာ အသက်အရွယ်ကလဲ ရလာပြီဆိုတော့ ၊ အာဃာတတရားလဲမရှိတော့ပါဘူး ၊ အာဃတ တရားမရှိပေမဲ့ ဒီလိုအဖြစ်အပျက်တွေကိုအပြစ်မပေးပဲနဲ့ အရေးမယူပဲနဲ့လွှတ်ထားရမယ်ဆိုရင် ဒီကိစ္စမျိုးကအစဉ်အလာဆိုးကြီးက မြန်မာပြည်နိုင်ငံရေးရာဇ၀င်ထဲမှာ ပါသွားလိမ့်မယ် ၊ဒီအစဉ်လာဆိုးကြီး ရှိသွားရင် နောင်လုပ်မဲ့သူတွေကလဲ အပြစ်လုပ်တာ အချိန်တန်ရင် ခွင့်လွှတ်မှုကိုရမှာပဲဆိုတဲ့ အသိတရားနဲ့ နိုင်ငံအတွက်မကောင်းပါဘူး၊ အဲဒီတော့ အမှန်တရားကို ချစ်တယ် ၊ ဒီမိုကရေစီကို
တကယ်ချစ်တယ်ဆိုရင် အားလုံးက သူတို့ကိုဖေါ်ထုတ်ပြီး အရးယူတဲ့ကိစ္စတွေမှာပါဝင်ပေးဖို့လိုပါလိမ့်မယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်