Monday, August 27, 2012

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း

Posted by drmyochit Monday, August 27, 2012, under | No comments



 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ် အဖြေရှာနိုင်ရန် အတွက် လူထု ဆန္ဒဖေါ် ထုတ်ရေး ကော်မီတီ တစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။ ၎င်း လူထုဆန္ဒ ဖေါ်ထုတ်ရေး ကော်မီတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးလှသိန်းက နိရဉ္စရာသို့ ပြောသည်။
“ ရခိုင်ဒေသ လူထုဆန္ဒ ဖေါ်ထုတ်ရေး ကော်မီတီ တစ်ရပ်ကို ၃၁ ယောက်နဲ့ ၂၄ ရက်နေ့က ဖွဲ့စည်းပြီး ပါတယ်။ လူထု ဆန္ဒဖေါ်ထုတ်ပွဲကို ဘယ်နေ့ဘယ်ရက် လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် မချ ရသေးပါဘူး” ဟု ပြောသည်။ ၎င်းကော်မီတီတွင် ဥက္ကဌ ဦးခင်မောင်သန်း၊ ဒု ဥက္ကဌ (၁) ဦးဦးတင်မောင် (ကျောင်းအုပ်ဆရာကြီး အငြိမ်းစား)၊ ဒုဥက္ကဌ (၂) ဦးလှသိန်းနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ဦးဘသိန်း၊ ဦးစံရွှေမောင်တို့ အပါအ၀င် အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မီတီ၏ လုပ်ဆောင်သွားမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဦးလှသိန်းက နိရဉ္စရာသို့ ယခုကဲ့သို့ ဆက်ပြောသည်။ “ ဒီကော်မီတီက နေပြီးတော့ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ နောက်ပြီးတော့ ရခိုင်ဒေသ အခြေအနေတွေကို မြို့နယ် အသီးသီးက လူထုတွေရဲ့ အသံတွေကို နားထောင် စုစည်းပြီးတော့ ဗဟို က စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ရောက်လာလို့ရှိရင် တခါတည်း တင်ပြနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။” ယခု ဖွဲ့စည်းလိုက်သော လူထုဆန္ဒ ဖေါ်ထုတ်ရေး ကော်မီတီ အဖွဲ့ဝင်များ အနေဖြင့် တခြားမြို့နယ်များမှာ ကိုယ်စား လှယ်များနှင့် တိုင်ပင်ဆွေးနွေးကာ ရခိုင်ဒေသ တစ်ခုလုံး လူထုဆန္ဒ ဖေါ်ထုတ်ပွဲကို လုပ်ဆောင်သွား မည်ဟုလည်း သူက ဆက်ပြောသည်။ “ရခိုင်ဒေသ လူထုဆန္ဒ ဖေါ်ထုတ်ရေး ကော်မီတီဝင်တွေဟာ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ တခြား မြို့နယ်တွေက လူတွေရောက်လာတဲ့အခါမှာ အစီအစဉ် ချပေးဖို့၊ အစီအစဉ် ချပေးလို့ ဆန္ဒဖေါ်ထုတ်ပွဲ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဲဒီဆန္ဒ ဖေါ်ထုတ်ပွဲက ထွက်ပေါ်လာတဲ့ လူထုအသံကို ဗဟိုက လာတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို တင်ပြသွားဖို့ ဖြစ်ပါတယ်။” ယခုကဲ့သို့ ရခိုင်ဒေသ လူထုဆန္ဒ ဖေါ်ထုတ်ရေး ကော်မီတီဖွဲ့ စည်းခြင်းကို ကောင်းသော လုပ်ဆောင်ခြင်း ဖြစ် သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြောသည်။
“ ဟုတ်ပါရေ။ ကျွန်တော်ကတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟိုက ရောက်တာနဲ့ ဟိုလူ၊ ဒီလူ မေးစရာမလိုတော့ဘူး။ ရခိုင်ဒေသရဲ့ အခြေအနေတွေကို ဒီကော်မီတီက လုပ်ထားတဲ့ လူထု ဆန္ဒ ဖေါ်ထုတ်ထားတဲ့ အသံတွေ ဟိုက ရောက်လာတဲ့အခါမှာ တခါတည်း ပြည်သူ့အသံ အားလုံးကို ကြားသိသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ ကောင်းတယ်လို့မြင်ပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။” ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော် သမ္မတရုံးက အမိန့် ကြော်ငြာစာ ထုတ်ပြန်ပြီး ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများတွင် ၀င်ရောက် လုပ်ဆောင် နေသူများနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်များ အပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၂၇ ဦးဖြင့် သြဂတ်စ် ၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပဋိပက္ခများကို စုံစမ်း စစ်ဆေးရန် သမ္မတက ဖွဲ့စည်းပေးလိုက် သည့် ကော်မရှင်က သူတို့ရဲ့ လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်နိုင်ရန် ပထမ ခြေလှမ်းအနေဖြင့် သြ ဂတ်စ်လ ၁၉ ရက်နေ့က ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ ၀င်အားလုံး ပါဝင်သည့် မျက်နှာစုံညီ စည်းဝေးပွဲ တစ် ခုကို ကျင်းပခဲ့သည်။ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေး ရေးကာလမှာ ယခင်က တစ်လ သတ်မှတ်ထားသော်လည်း ပထမဆုံး အ ကြိမ် ကော်မရှင် အဖွဲ့ အစည်းအဝေးတွင် အချိန်ကာလ သုံးလအထိ တိုးမြှင့်လိုက်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်