Saturday, November 03, 2012

ရန်ကုန်မြို့တွင် ဒီမိုကရေစီဆန်ဆန် အုပ်စုဖွဲ့ဝိုင်းရိုက်၊သတ်ဖြတ်မူများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်

Posted by drmyochit Saturday, November 03, 2012, under | No comments


ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွားလာခြင်းကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။
အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက်ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကိုရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။
ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ “ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။
ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ်အချင်းချင်းဖြစ်ပွားသော ပြဿနာများမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။
အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသော
ဆိုင်ကယ်စီးအုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်