Tuesday, December 04, 2012

တော်ဝင်သစ်စက်ရုံ အလုပ်သမားများ ထပ်မံဆန္ဒပြ

Posted by drmyochit Tuesday, December 04, 2012, under | No comments


ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ၀ါးတရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် မိသားစု သစ်စက်က အလုပ် သမားတွေဟာ အလုပ်ပြန်ဆင်းခွင့်အပါအ၀င် နစ်နာချက်တွေ ပြန်ရအောင် ဆောင်ရွက်ပေးဖို့ ဒီနေ့မနက် က ရွှေပြည် သာမြို့နယ် အလုပ်သမားရုံးကို သွားရောက် ဆန္ဒပြတောင်းဆိုပါတယ်။
အလုပ်သမားတွေဟာ ခုံသမာဓိရုံး ဆုံးဖြတ်ချက်အရ အလုပ်ပြန်ဆင်းရာမှာ အလုပ်ရှင်က ဆင်းခွင့် မပေးတဲ့အတွက် ဒီကိစ္စကိုင်တွယ်ဖြေရှင်းပေးဖို့ မြို့နယ်အလုပ်သမားရုံးကို သွားရောက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ဟာ ဒီနေ့ မနက် ၁၀ နာရီလောက်ကစပြီး တော်ဝင် သစ်စက်ရှေ့ ကနေ ရွှေပြည်သာ အလုပ်သမားရုံးရှေ့အထိ သွားရောက်တောင်းဆို ဆန္ဒကြရာမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေက အလုပ်သမား ရုံးရှိရာ လမ်းထဲ ၀င်ခွင့်မပေးဘဲ ပိတ်ပင်ထားမြစ်ခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနေလင်းဦး က ပြောပါတယ်။
“ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်ဘက်က မလိုက်နာသလို မြို့နယ် ဦးစီး အရာရှိ တွေကလည်း လာရောက်ဖြေရှင်းပေးခြင်းမရှိလို့ သူတို့ရှိတဲ့နေရာကို လာရတာပါ။ ကျနော်တို့အခု လုပ်ငန်းခွင်ထဲ ပြန်ဝင်ရောက်လို့ မရသေးတာရယ်။ ခုံသမာဓိကောင်စီကို အကောင်အထည်ဖော်ပေးဖို့ရယ်။ အလုပ်သမား နစ်နာမှုတွေ ကို ဖြေရှင်းပေးဖို့ရယ်ကို အဓိက တောင်းဆိုပါတယ်။ အလုပ်သမားရုံးထဲ ၀င်တော့လည်း ကျနော်တို့ကို ၀င်ခွင့်မပေး ဘဲ လမ်းဘေးမှာ ထိုင်နေရပါတယ်။ ရဲတွေနဲ့ ပိတ်ထားတယ်။ ကျနော်တို့ကို လုံး၀၀င်ခွင့်မပေးဘူး။”


တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေး များအတွက် အောက်တိုဘာလလောက်ကစပြီး တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမားအကြား ကြားဝင်ဖျန်ဖြေပေးတဲ့ ခုံသမာဓိကောင်စီက အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေ ကို လိုက်လျောဖို့ ဆုံးဖြတ်ပေးခဲ့တာပါ။


ဆုံးဖြတ်ချက်တွေထဲမှာ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေး၊ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အပြင်လုပ်ငန်းခွင်တွေကို ပြောင်းရွှေ့မခိုင်းဖို့၊ လူမူဖူလုံရေးကတ် ပြုလုပ်ပေးဖို့၊ အလုပ်သမားစာချုပ် ချုပ်ဆိုရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

တော်ဝင်မိသားစု သစ်စက် ဒါရိုက်တာ ဦးညွန့်သိန်းကတော့ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ဟာ အလုပ်ရှင်တင်ပြ ထားတဲ့ အချက်အလက်တွေကို လျစ်လျူရှု ချမှတ်ခဲ့တာဖြစ်ပြီး ဒီအလုပ်သမားတွေ ကို တော်ဝင် ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြန်ခန့်နိုင်ပေမယ့် သစ်အချောထည်စက်ရုံမှာ အလုပ်ပြန်ခန့် ဖို့က ကုမ္ပဏီအနေ နဲ့ အခက်အခဲရှိတယ်လို့  ပြောပါတယ်။

“အဓိကက တည်ဆောက်ရေးသမား တည်ဆောက်ရေးမှာ သွားမဆင်းဘဲ ဒီမှာလာ ဆင်းနေတော့ ပြဿနာရှိတာပေါ့။ ကျနော်တို့ဆီမှာ လက်ခံဖို့ သိပ်မလွယ်ဘူးလေ။ နဂိုထဲကလည်း စက်ရုံအနေနဲ့က လူအင် အား အဲလောက် မလိုဘူးလေ။ ခုံသမာဓိဆုံးဖြတ်ချက်အနေနဲ့က ကျနော်တို့မှာ တင်ပြထားတဲ့ အကြောင်း အရာတွေ ရှိတယ်။ ခိုင်လုံတဲ့အကြောင်းအချက်တွေ တင်ပြထားတယ်လေ။ ဒါတွေကို လျစ်လျူရှုပြီး ဒီမှာပဲ ဆင်းပါဆို တာက ကျနော်တို့အတွက် အဆင်မပြေဘူးလေ။ မပြေဘူးဆိုတာက ကျနော်တို့ဆီမှာလည်း ဒီလောက် လူမလိုဘူးလေ။ ဒီလောက်လည်း လူမရှိဘူး။ ဟိုကပို့ထားတဲ့လူကို ခဏထိန်းထားတဲ့ သဘောပဲ။ ဒါကို ပြန်ပြီး မသွားဘူးဆိုတော့ ဘယ်လိုမှ လုပ်လို့ ဆက်ထိန်းထားလို့ မရဘူးလေ။”

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Action Labour Right အဖွဲ့ဝင် ကိုကျော်မင်းက ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာတာဟာ ဥပဒေချိုး ဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက ခုံရုံးကတောင် ဆုံးဖြတ်လိုက်ပြီ။ ဒီလူတွေက စက်ရုံလုပ်သားတွေလား၊ ဆောက်လုပ်ရေးဆိုဒ်က လူတွေလားဆိုတာကို ခုံရုံးကနေ နိုဝင်ဘာ ၆ ရက်မှာ တကြိမ်၊ ၂၆ ရက်မှာ တကြိမ်၊ ၂၇ ရက်မှာ တကြိမ် လိုက်နာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးပြီ။ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲ ပေးဝင်ရမယ်ဆိုတာ ဥပဒေအရ ဆုံးဖြတ်ချက်ချပြီးသား။ အခု အလုပ်သမားတွေကတောင် ဒုက္ခတွေခံပြီးတော့ လိုက်နာတာ။ အလုပ်ရှင်ဘက်က မလိုက်နာဘူးဆိုတော့ ဒါဟာ ဥပဒေကို အရင် ချိုးဖောက်ပြနေတာပါ။”

အလုပ်သမားတွေကတော့ ဒီပြဿနာကို တာဝန်ယူဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပြီး အရေးယူဆောင်ရွက်ပေးလာတဲ့အထိ သပိတ်စခန်းဖွင့်ပြီး ဆက်လက် ဆန္ဒပြဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်