Thursday, February 07, 2013

အစိုးရအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းပြီး နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြောကြား

Posted by drmyochit Thursday, February 07, 2013, under | No comments

အစိုးရအဖွဲ့မှ နိုင်ငံရေး အကျဉ်းသားဟု သုံးနှုန်းပြီး လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မ တီ ဖွဲ့စည်းခြင်းအား ကြိုဆိုကြောင်း အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်း သားဟောင်း များက ပြောကြားခဲ့သည်။ 

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်၍ ၀န်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အချို့မှ ကိုယ်စား လှယ်များ ပါဝင်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်က ညွှန်ကြားထားသည်။ 

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ''နိုင်ငံရေး အကျဉ်းသားတွေ မရှိပါဘူးလို့ ပြောသော်ငြားလည်း အခုရှိပါတယ်ဆိုပြီး စိစစ်ပြီး လွှတ်ပေးမယ်လို့ ပြောတဲ့အတွက် အကိုတို့ဘက်က ကြိုဆို တယ်။ အရွေ့တစ်ခုရဲ့ အစလို့ သုံးသပ်မိတယ်။ အဲဒီလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆက်သွား နိုင်ဖို့လည်း လိုပါတယ်။အဲဒီကော်မတီမှာ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်းတွေ ပါဖို့လိုတယ်။ နိုင်ငံရေး အကျဉ်း သား များ စာရင်းကို စနစ်တကျ ပြုစုလုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေမျိုးပေါ့။ နိုင်ငံရေး အကျဉ်း သားကို သုံးလာတဲ့ အပေါ်မှာ နက်နက်နဲနဲ ကြိုဆိုတယ်။ အဲဒီနိုင်ငံရေး အကျဉ်းသားတွေ ချွင်းချက်မရှိ လွတ်မြောက် အောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်ဖို့ မကြာခင် ပေါ်လာမယ်လို သုံးသပ်မိပါတယ်'' ဟု ပြောကြားခဲ့ပါသည်။ 

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ''ကျွန်တော်တို့ အကျဉ်းထောင်တွေထဲကို ရောက်တယ် အပြစ်ပေး ခံရတယ်ဆိုတာ နိုင်ငံရေးဖြစ်စဉ်အရ ဖမ်းဆီးထိန်းသိမ်းခံရတာ အပစ်ပေးခံရတာတွေ ဖြစ်တယ်။ အကျဉ်းထောင် တွေထဲမှာ နေခဲ့တုန်းကရော အကျဉ်းထောင် ပြန်ထွက်လာတော့ပါ နိုင်ငံရေး အကျဉ်းသား အဖြစ်ပဲ ရပ်တည်တယ်။ နိုင်ငံတကာမှာ အာဏာရှင်နိုင်ငံကနေ အပြောင်းအလဲကို လုပ်နေတဲ့ နိုင်ငံတွေမှာ တောင် နိုင်ငံရေး အကျဉ်းသားတွေဆိုတဲ့ ဂုဏ်ပုဒ်ကို မြှင့်တင်နေကြပြီ'' ဟု ပြောကြားခဲ့ပါသည်။                 

ထို့ပြင် ''နိုင်ငံရေး အကျဉ်းသားတွေကနေ အစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အခြေ အနေ တွေလည်း ရှိနေပြီ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်တဲ့ ပါလီမန်တွေကနေ အကူးအပြောင်းကာလ ကုစား မှုဆိုင်ရာ ဥပဒေတွေကို ပြဌာန်းပြီး ဆောင်ရွက်နေပြီဆိုတဲ့အတွက် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို နိုင်ငံ တကာ မျက်နှာစာကို ပြန်ဝင်ကြပြီ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဖော်ဆောင်ကြပြီ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းကြမယ်ဆိုရင် သဘောထားကြီးကြီးနဲ့ အရင်တုန်းက ဖုံးကွယ်မျက်ကွယ်ပြုခဲ့တဲ့ ကိစ္စရပ်တွေကို ရဲရဲတင်းတင်းနဲ့ ပြန်လည်အသိအမှတ် ပြုတဲ့အတွက် ရေရှည် အတွက် အများကြီး အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒီလို အသိ အမှတ်ပြု မှုဟာလည်း ရှေ့လျောက်ဆက်ပြီးတော့ လှမ်းရမယ့် ကိစ္စရပ်တွေအတွက် နားလည်မှုတွေ အပြန်အလှန် လေးစား မှုတွေ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ်'' ကိုပြုံးချိုက ဆက် လက် ပြောကြားခဲ့ပါသည်။ 

လက်ကျန် နိုင်ငံရေး အကျဉ်းသား ကော်မတီအနေဖြင့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်း ဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားများ စိစစ်၍ လွှတ်ပေး သင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ်တွေ့ ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။ 

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ စုစည်းထားသည့် စာရင်းများအရ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား နှစ်ရာဝန်းကျင် ကျန်ရှိနေသေးကြောင်း သိရပြီး ယင်းစာ ရင်းများတွင် ရခိုင်၊ ကချင်ဒေသများတွင် ဖမ်းဆီးခံရသူများနှင့် ပုဒ်မ ၁၈၊၅၀၅(ခ) ဖြင့် တရားစွဲခံ ရသူများ ပါဝင်ခြင်းမရှိဟု ကိုထွန်းကြည်က ပြောကြားခဲ့သည်။ 

နိုင်ငံရေး အကျဉ်းသားများ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၅ ခုနှစ် မတိုင်ခင် ဖြစ်လာလိမ့်မည်ဟု မျော်မှန်း လို့ရကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ဇန်န၀ါရီလ ၂၇ ရက်က ပြောကြားထားသည်။ 

၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ပေးခဲ့ပြီး လေးကြိမ် တွင် ယခင်စစ်အစိုးရ လက်ထက်က အကြောင်းအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင် အပါအ၀င် ထင်ရှားသော နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လည် လွတ်မြောက်လာ ခဲ့သည်။ 

ယင်းကဲ့ သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အကြီး မားဆုံး နိုင်ငံရေး အကျဉ်းသား လွှတ်ပေးမှု ဖြစ်ခဲ့သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံ ချက်နှင့် ပေးသော လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်ကာ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် ပြည်တွင်းရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်