Thursday, February 07, 2013

တိုးတက် စည်ပင် ကရင် ပြည်နယ် တစ်ခွင်

Posted by drmyochit Thursday, February 07, 2013, under | No comments

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြု ဆောင်းပါး 

ကရင် ပြည်နယ်ဟု ဆိုလိုက်လျှင် ကရင်ရိုးရာ ဝတ်စုံကို ပြေး၍ မြင်မိသလို ဒေါနမြေက ဖားစည်သံနှင့် ဘားအံရှိ ဇွဲကပင် တောင်ကြီး ကလည်း ကရင် ပြည်နယ်၏ အမှတ်သညာ ဖြစ်နေပါသည်။ 

ထို့အပြင် ရိုးရာ အကဖြစ်သော ကရင်ဒုံးယိမ်း သီချင်းသံနှင့် ဒုံးယိမ်းအက မြိုင်မြိုင်ဆိုင်ဆိုင် တို့ကလည်း စိတ်မျက်စိထဲတွင် မြင်ယောင် ကြားယောင် လာစေပါသည်။ ထို့အတူ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် များမှ ပဉ္စမ ဦးတည်ချက် ဖြစ်သော ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံ တော်ကြီး ဖြစ်ထွန်း လာစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးက ဥပဒေနှင့် အညီ တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်း တည်ဆောက်ရေး ဦးတည်ချက် အတိုင်း ယနေ့ နိုင်ငံ တော် အစိုးရက မူဝါဒများ ချမှတ်ပြီး ပြည်နယ် အစိုးရ အဖွဲ့က အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ 

ကရင် ပြည်နယ်သည် နိုင်ငံ၏ အရှေ့ တောင်ဘက်ပိုင်း တွင်တည်ရှိပြီး စတုရန်းမိုင် ၁၁၇၃ဝ ဒသမ ၈၅ ကျယ်ဝန်း၍ ဧကအားဖြင့် ၇၅ဝ၇၇၄၃ ရှိပါသည်။ ကရင် ပြည်နယ်တွင် ကရင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်း စသည့် တိုင်းရင်းသား မျိုးနွယ်စုများ အတူတကွ စုပေါင်း၍ နေထိုင်လျက် ရှိသည်။ 

ကရင် တိုင်းရင်းသား တို့၏ ကိုယ်စားပြု အထိမ်းအမှတ် ယဉ်ကျေးမှု သင်္ကေတမှာ ဖားစည် ဖြစ်သည်။ ကရင် နှစ်သစ်ကူး နေ့သည် နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ ဖြစ်သည်။ ဘာသာရေး ဆိုင်ရာ ရိုးရာဓလေ့ ပွဲတော် များမှာ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ သဲပုံစေတီပွဲ၊ ရေအိုးစင်ပွဲ၊ ကရင်မီးပုံပွဲ၊ လိပ်ပြာခေါ်ပွဲ၊ သင်္ဘောလွှတ်ပွဲနှင့် အရိုးကောက် ပွဲတို့ ဖြစ်ကြသည်။ ထို့အပြင် တောင်ယာ လယ်တောနှင့် သက်ဆိုင်သော ပွဲတော်များမှာ တောင်ယာနတ် စားပွဲ၊ တောင်ယာခုတ်ပွဲ၊တောင်ယာ စူးထိုးပွဲ၊ တောင်ယာ စပါး ရိတ်သိမ်းပွဲ၊ ကောက်သစ် စားပွဲ၊ ရေမြောင်း၊ တာတမံ နတ်ပူဇော်ပွဲ၊ စပါးပုံ လိပ်ပြာခေါ်ပွဲ၊ လယ်နတ် တင်ပွဲ၊ ကိုင်းနတ် တင်ပွဲနှင့် တောင်ယာနတ် တင်ပွဲတို့ ဖြစ်ကြသည်။ ကရင်ဒုံး အကသည် မြူးမြူး ကြွကြွ နှင့် ညီညွတ်ခြင်း၏ သရုပ်ဖော်ညွှန်း ကပြခြင်းကြောင့် ကြည့်ရှု သူများပါ မနောခွေ့သော အကတစ်မျိုး ဖြစ်သည်။ 

ကရင် ပြည်နယ်ကို ခရိုင်၎ ခု၊ မြို့နယ် ၇ ခု၊ မြို့ ၁၈ ခု၊ မြို့နယ်ခွဲ ၉ ခုတို့ဖြင့် ဖွဲ့စည်း ထားပါသည်။ ပြည်နယ် အတွင်း မှ စိတ်ဝင်စားဖွယ် သမိုင်းဝင်နှင့် ပထဝီဝင် အရ ထူးခြားသော ဒေသများမှာ ကရင် ပြည်နယ်၏ အလှ ကျက်သရေဆောင် ဇွဲကပင်တောင် အလှသည် ပြည်တွင်း ပြည်ပ ဧည့်သည်များအား ဆွဲဆောင်မှုရှိပြီး ကော့ဂွန်းဂူ မှာလည်း စိတ်ဝင်စား ဖွယ် ကောင်းသော ဂူဖြစ်သည်။ 

ကရင် ပြည်နယ်သည် တောင်တန်းနှင့် သစ်တောများ ဆက်စပ် နေသော ပြည်နယ် ဖြစ်ပါသည်။ ပြည်နယ်၏ အရှေ့ဘက်တွင် တောင်တန်း များသည် မြောက်မှ တောင်သို့ သွယ်တန်းနေကာ ပြည်နယ်၏ အနောက်ဘက်တွင် မြေနိမ့် လွင်ပြင်များ တည်ရှိ နေပါသည်။ ပြည်နယ်အတွင်း သံလွင်မြစ်၊ သောင်းရင်းမြစ်၊ အတ္ထရံမြစ်၊ ဂျိုင်းမြစ် စသည့် မြစ်ကြီးများ စီးဆင်းလျက် ရှိသည်။ 

လမ်းပန်း ဆက်သွယ်ရေး ကောင်းမှ ဒေသများ ဖွံ့ဖြိုး တိုးတက်ပြီး တစ်နေရာနှင့် တစ်နေရာ အပြန်အလှန် သွားလာနိုင်ပြီး တစ်ဦးနှင့် တစ်ဦး ချစ်ကြည် ရင်းနှီးစွာဖြင့် ပြည် ထောင်စု စိတ်ဓာတ် ခိုင်မာလာအောင် နိုင်ငံတော် အစိုးရက ငွေကြေး အမြောက်အမြား အကုန်အကျ ခံကာ ပြည်ထောင်စု အတွင်း နယ်မြေ တစ်ခုနှင့် တစ်ခု ဆက်သွယ် သွားလာ နိုင်အောင် ၂၂၅၂ ပေရှည်သည့် သံလွင်မြစ်ကူး သံလွင်တံတား (ဘားအံ)ကို တည်ဆောက် ပေးခဲ့ပြီး ဘားအံ မြို့နယ်၌ အရှည်ပေ ၂၉ဝဝ ရှိသည့် ဂျိုင်းမြစ်ကူး ဂျိုင်း(ဇာသပြင်) တံတားနှင့် ကော့ကရိတ် မြို့နယ်တွင် အရှည်ပေ ၁၂ဝဝ ရှိ ဂျိုင်းမြစ်ကူး ဂျိုင်း(ကော့ကရိတ်) တံတားကို တည်ဆောက် ပေးခဲ့သည်။ ထို့အပြင် ကရင် ပြည်နယ်မှ မြဝတီ- ကော့ကရိတ်- လှိုင်ကွက်-ဝင်းက- မဲသရော- မုဒုံလမ်းပိုင်း၊ မြဝတီ- ကော့ကရိတ်- ဘားအံ-သထုံလမ်းပိုင်း များသည်လည်း အာရှ လမ်းမကြီးများ၊ အာဆီယံ လမ်းမကြီးများ၊ နိုင်ငံ ဖြတ်ကျော် ကုန်စည် လမ်းမကြီးများနှင့် မဲခေါင်မြစ်ဝှမ်း ဒေသ လမ်းမကြီးများ ဖြစ်သဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ် လွယ်ကူစေရန် လမ်းများကို တိုးချဲ့ ဖောက်လုပ် ပေးခဲ့သည်။ 

လျှပ်စစ်စွမ်းအား ကဏ္ဍ ထုတ်လုပ်မှု မြင့်မားရေးနှင့် သုံးစွဲမှု ပမာဏ အဆများစွာ တိုးတက်ရေး အတွက် ရေအားလျှပ်စစ် စက်ရုံများ၊ ဒီဇယ်ဆီသုံး ဓာတ်အားပေး စက်ရုံများ အပြင် ၁၃၆ဝ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် ဟက်ကြီး ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက် ပေးလျက်ရှိသည်။ 

လျှပ်စစ်စွမ်းအား ကဏ္ဍ၌ အလားအလာ ကောင်းများ ဖော်ဆောင်မြှင့်တင် ပေးသည့် နည်းတူ စက်မှုလက်မှု ကဏ္ဍ ပိုမိုပွင့်လန်း တိုးတက်စေရန် ပုဂ္ဂလိက စက်ရုံများ၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ နိုင်ငံပိုင် စက်ရုံ အလုပ်ရုံ များဖြင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ နိုင်ငံတော် အစိုးရသည် စိုက်ပျိုးရေးကို အခြေခံပြီး စက်မှု ကဏ္ဍ ဖွံ့ဖြိုးအောင်လည်း တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။ ထို့ကြောင့် ကရင် ပြည်နယ်တွင် ဘားအံ စက်မှုဇုန်ကို တည်ထောင် ဆောင်ရွက် ပေးလျက် ရှိသည်။ 

'ပညာဟူသည် မြတ်ရွှေအိုး'၊ 'ပညာမြင့်မှ လူမျိုးတင့်မည်' ဆိုသည့် အတိုင်း တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအား အဆင့်မြင့် ပညာ သင်ယူနိုင်ရန် အတွက် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်၊ ပညာရေး ကောလိပ်များ၊ e-Learning Centre များဖြင့် သင်ကြား ပေးပြီး လူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ရာတွင် အခြေခံ ပညာမှ စ၍ ကောင်းမွန်သော ပညာ ရေး သင်ယူနိုင်ရန် အတွက် အခြေခံ ပညာကျောင်းများကို တိုးချဲ့ ဖွင့်လှစ် ပေးခဲ့ပါသည်။ 

ထို့အပြင် အသိ ပညာရှင်များ တိုးတက် ပေါ်ထွန်းလာအောင်၊ မိမိ၏ ပြည်နယ်ကို ဘက်စုံဖွံ့ဖြိုး တိုးတက်အောင်၊ အရေအတွက်ရော အရည်အချင်းပါ တိုးပွား မြင့်မားလာအောင် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ် တစ်ခုစီ ဖွင့်လှစ်ပေးပြီး ပညာ သင်ယူ စေခဲ့သည်။ 

ကျေးလက်များ ဖွံ့ဖြိုးမှ မြို့ပြများ တိုးတက်မည်၊ မြို့ပြများ တိုးတက်မှ ပြည်နယ် စည်ပင် ဝပြောမည် ဖြစ်သဖြင့် မြို့ရွာများ ဖွံ့ဖြိုး တိုးတက်အောင် လမ်းတံတားများ အဆင့်မြှင့် ပြင် ဆင်ခြင်း၊ တည်ဆောက်ခြင်းများ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ခဲ့သည်။ ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက် ပေးပြီး သန့်ရှင်းသော သောက်သုံးရေ ရရှိရန် အတွက် ဆောင် ရွက် ပေးနိုင်ခဲ့သည်။ ထို့အပြင် ဆေးရုံများ တိုးချဲ့ မြှင့်တင်ပေးပြီး တိုင်းရင်း ဆေးရုံ၊ ကျေးလက် ကျန်းမာရေး ဌာနများ၊ သူနာပြု သင်တန်း ကျောင်းများနှင့် သားဖွား သင်တန်း ကျောင်းများ ဖွင့်လှစ်ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကျန်းမာရေး အခြေခံ ကောင်းများ ဖွံ့ဖြိုး တိုးတက်အောင် ယခင်ကထက် ပိုမို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ 


နိုင်ငံတော် အစိုးရသည် ပြည်နယ် အတွင်း ငြိမ်းချမ်း သာယာမှ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရ၏ ကမ်းလှမ်းချက် အရ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဒုတိယ အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော် တို့ ကြီးကြပ်၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဦးစောဌေးမောင် (ခ) ဦးထိန်မောင် ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ခင်မင် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးကြပြီး နှစ်ဦးနှစ်ဖက် သဘော တူညီချက် (၇) ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့သည်။ 

နိုင်ငံတော် အစိုးရသည် ပြည်နယ် အတွင်း ငြိမ်းချမ်း သာယာမှ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရ၏ ကမ်းလှမ်းချက် အရ ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ကရင် ပြည်နယ် အစိုးရ အဖွဲ့မှ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ ပဏာမ သဘောတူညီ လက်မှတ် ရေးထိုးပွဲကို ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က လက်မှတ် ရေးထိုး နိုင်ခဲ့သည့် အပြင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘော တူညီချက် (၁၁)ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်း (၆ဝ)ကျော် ကြာခဲ့သည့် တိုင်းရင်းသား အချင်းချင်း နားလည်မှု လွဲမှား ခဲ့သော သံသယများ ပျောက်ကာ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အတွက် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင် များအား နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိ မြို့နယ် စက်မှုလယ်ယာ စနစ် တောင်သူ ပညာပေး ဧက ၅ဝဝ စိုက်ခင်းရှိ အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပြီး သမိုင်း တွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန် နှစ်ဦး နှစ်ဖက် နားလည်မှု ၊ ယုံကြည်မှုနှင့် စာနာမှု တို့ဖြင့် ထာဝရ ငြိမ်းချမ်းသည့် လူ့ဘောင်သစ် တစ်ရပ် လက်တွဲ ထူထောင်ရန် တွေ့ဆုံ ခဲ့ကြသည်။ ထိုနေ့မှာပင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်လည်း တွေ့ဆုံကြသည်။ 

ထို့အတူ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ လက်ခံ တွေ့ဆုံ၍ ထာဝရ ငြိမ်းချမ်းရေး (eternal peace) ဖော်ဆောင်ရေးကို ဆွေးနွေး ခဲ့ကြသည်။ 

ထို့ကြောင့် နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုကြီး အတွင်းရှိ ဒေသအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရန် ကရင်ပြည်နယ် အတွင်း ထာဝရ ငြိမ်းချမ်းရေးမှ တစ်ဆင့် ပြည်သူတို့၏ လူမှု စီးပွားရေး လုပ်ငန်းများနှင့် အကျုံးဝင်သည့် စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စီမံ ခန့်ခွဲရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင် ရွက်လျက် ရှိသည့် နည်းတူ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု လုပ်ငန်းများတွင် အကျုံးဝင်သည့် ပညာရေး၊ ကျန်းမာရေး၊ အသိပညာ ဗဟုသုတ တိုးပွားရေး တို့ကိုလည်း တစ်ပြိုင်တည်း ကြိုးပမ်း တည်ဆောက်ပေးလျက် ရှိကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။ ။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်