Thursday, February 07, 2013

မိုဘိုင်းဖုန်းများ ယခုထက် ဈေးလျှော့မည့်အစီအစဉ်ရှိ

Posted by drmyochit Thursday, February 07, 2013, under | No comments

မိုဘိုင်းဖုန်းများ ယခုထက် ဈေးလျှော့မည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေး နဝမ နေ့ မေးခွန်း ဖြေကြားခြင်း ကဏ္ဍတွင် ပြောကြား ခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက် တာ မြတ်ဉာဏစိုး၏ မိုဘိုင်းဖုန်းများ ကို ဈေးလျှော့ချရန် အစီအစဉ် ရှိသည့် အတွက် ကျေးလက်နေ ပြည်သူများအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျှော့ ချပြီးမှသာ ဆက် လက် ဆောင် ရွက်ရန် အစီ အစဉ် ရှိ၊ မရှိ မေးမြန်း ချက်နှင့် စပ်လျဉ်းပြီး ဆက်သွယ်ရေး ဒုဝန်ကြီးက မိုဘိုင်း ဖုန်းများ ယခုထက် ဈေးလျှော့ ပေးမည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကို သတ်မှတ်ပြီး ပါက ကျေးလက်နေ ပြည်သူများ အား ရောင်းချပေး မည့် အစီ အစဉ်ကို ဆက်လက် အသိပေး ကြေငြာပေးမည် ဖြစ်ပြီး ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ဝန်ကြီးဌာန အနေဖြင့် မိုဘိုင်းဖုန်းများ ယခုထက် ဈေးလျှော့ပေးရန် အတွက် မကြာမီက စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ထွက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။ "ဖုန်းကတော့ သိတဲ့ အတိုင်း ပဲ။ တလောက ဝန်ကြီး က နှုတ်ထွက်သွားပြီး အပြောင်းအလဲတွေ တော်တော် ဖြစ်သွားတယ် ဆိုတော့ ဒါတွေရှင်းပြီးမှ ဖုန်းက ထွက်လာ နိုင်တယ်။ ဈေးနှုန်း လျှော့ချပေးတဲ့ အပေါ် မူတည်ပြီး ဝယ်လိုအား ကလည်း ရှိမယ် ထင်တယ်" ဟု မိုဘိုင်းဖုန်း ဈေးကွက် ကျွမ်းကျင်သူ တစ်ဦးက ဆိုပါသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကစပြီး မိုဘိုင်းဖုန်းများကို ကျပ်ငါးသိန်းဖြင့် ရောင်းချပေး ခဲ့ရာ ပြည် တွင်းတွင် မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ပိုမိုများပြား လာပြီး ယခုနှစ် မတ်လမှ စပြီး မိုဘိုင်းဖုန်းများကို GSM မိုဘိုင်းဖုန်းများ အတွက် ကျပ်နှစ်သိန်းနှင့် WCDMA နှင့် CDMA 800 MHz မိုဘိုင်းဖုန်း များကို ကျပ်နှစ်သိန်းခွဲဖြင့် ရောင်းချ ပေးခဲ့သည်။ 

အများ ပြည်သူများ အနေဖြင့်လည်း ဈေးနှုန်းလျှော့ချ ရောင်းပေးခြင်းကို စောင့်မျှော်နေပြီး ဈေးနှုန်း လျှော့ချပါက ဝယ်ယူမည့်သူ များပြား နိုင်ကြောင်း ဈေးကွက် အတွင်းရှိ မိုဘိုင်းဖုန်း ဆိုင်များက သုံးသပ် ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ယခုနှစ် ဆန်းတွင် ဈေးနှုန်း လျှော့ချပေးမည် ဖြစ်ပြီး ရောင်းချ ပေးရာတွင် အလွယ်တကူ ဝယ်ယူနိုင်ရန် ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများတွင် အရောင်း စင်တာများ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ယမန်နှစ်က ထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်ပါသည်။ 


ခိုင်ဝေ 

From : Yatanarpon

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်