Thursday, February 07, 2013

ထင်းအစားထိုး စပါးခွံထင်းချောင်း ရခိုင်ပြည်နယ်တွင် စတင်

Posted by drmyochit Thursday, February 07, 2013, under | No comments


ရခိုင်ပြည်နယ်တွင် သစ်တောများပြုန်းတီးလာမှုကိုကာကွယ်ရန် မီးဖိုချောင်သုံးထင်းများအစား စပါးခွံ များကို အစားထိုးသုံးရန် ပြုလုပ်သည့်နည်းပညာစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီဟု နည်းပညာ စမ်းသပ်မှု တွင် ပါဝင်သူတစ်ဦးဖြစ်သည် ဦးသန်းဝင်းက ပြောသည်။

ဖေဖော်ဝါရီလ(၅)ရက်နေ့က စစ်တွေမြို့ဆတ်ရိုးကျချောင်း တစ်ဖက် စက်မှုရပ်ကွက်တွင် စပါးခွံဖြင့် ထင်းချောင်း ထုတ်လုပ် သည့် နည်းပညာကို စတင်စမ်းသပ်ရာ အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံက နည်းပညာတွေနဲ့ စပါးခွံတွေကိုထင်းအဖြစ်လုပ်နေရတာပါ။ ရခိုင်ပြည် မှာ ထင်းဟာ အခက်အခဲရှိတယ်။ စပါးခွံကနေ ထင်း အဖြစ်လုပ်ငန်းကို လုပ်ဖို့အတွက် ရခိုင်ပြည် နယ်ဆား လုပ်ငန်းက ဝန်ထမ်းတွေ ရခိုင်ပြည်နယ် သစ်တောဝန်ကြီး ဦးအောင်သန်းတင်တို့ ကျွန်တော်တို့ ပူးပေါင်းပြီး လုပ်တာပါ” ဟု အဆိုပါလုပ်ငန်းတွင် ဦးဆောင်လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ်ဆားထုတ်လုပ်သူများအသင်း ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။

အဆိုပါ လုပ်ငန်းကို ရခိုင်ပြည်နယ်သတ္တုတွင်းဝန်ကြီးအပါအဝင် ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ ပူး ပေါင်း ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငမှ နည်းပညာကို အသုံးပြုကာ စပါးခွံထင်းချောင်းများ စမ်းသပ် ထုတ်လုပ် နေခြင်းဖြစ် သည်။

“ရခိုင်ပြည်မှာ သစ်တောတွေပြုန်းတီးတဲ့ အတွက် ထင်းတွေရှားပါးလာတယ်။ ထင်းမရှိလို့အခက်အခဲရှိ နေတဲ့ နေရာတွေ အများကြီးရှိတယ်။ တောင်တွေဟာ တောင်ကတုံးဖြစ်သွားပြီ။ စပါးခွံဆိုတာလဲ ရခိုင်ပြည် မှာ အလွန်တရာများတဲ့ အတွက် ကျွန်တော်တို့က မရှိမဲ့ရှိမဲ့ငွေတွေကိုစုပြီးတော့ လုပ်တာပါ။ ရခိုင်ပြည် မှာထင်းတွေ ရှားပါးလာတယ်။ ဒါကိုအစားထိုးတဲ့ အနေနဲ့လုပ်တာပါ”ဟု ဦးသန်းဝင်းက ဆိုသည်။

ယခုလိုနည်းပညာသစ်ဖန်းတီးမှုသည့် ရခိုင်ပြည်နယ်တွင် အောက်ခြေလူတန်းစားများ အပြင် ငွေကြေး သက်သာချောင် လည်ရေးအတွက် အထောက်အကူပြုမည်ဟု ဦးသန်းဝင်းက သူ၏ယုံကြည်ချက်အား ပြော သည်။

“ရခိုင်ပြည်နယ်မှာ အောက်ခြေလူတန်းစားတွေ အခက်အခဲဖြစ်နေတာက ထင်းမရှိတဲ့ဒဏ်ကို အလူးအလဲ ခံနေ ရပါတယ်။ ထင်းကို သာမန်လူတန်းစားတွေဝယ်မသုံးနိုင်ဘူး။ မီးသွေးတစ်ပိဿာကို ၄၀၀ နဲ့သုံးမဲ့ အစား ဒါတစ်ပိဿာကို တစ်ရာနဲ့ ရတယ် ဆိုရင်သူတို့အတွက် တစ်နေ့ ဝင်ငွေတွေ သက်သာသွားတာပေါ့။ မကောင်း တဲ့ အနှံ့အသက် တွေကို ကျွန်တော်တို့ ထုတ်ပစ်လိုက်ပြီဖြစ်ပါတယ်။ အဲဒီအကြောင်း အရင်တုန်း က လုပ်တဲ့နည်းပညာနဲ့ မတူပါ ဘူး”ဟု ဦးသန်းဝင်းက ပြောသည်။

၎င်းနည်းပညာမျိုးကို မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင်လည်း လုပ်ကိုင်ခဲ့ဖူးသော်လည်း စပါးခွံ ထင်းချောင်း မှာ မီးခိုးများ အလွန်ထွက်သည့် အတွက် ဈေးကွက်တွင်မှေးမှိန်ခဲ့ရသည်။

စပါးခွံကို ထင်းချောင်းအဖြစ်ထုတ်လုပ်သည့် နည်းပညာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထုတ် လုပ်သည့် နည်းပညာ ကို ဆင့်ပွားယူကာ ထုတ်လုပ်ခြင်းဖြစ်ရာ စပါးခွံကို လျှပ်စစ် ကွိုင်ဖြင့် အပူပေးပြီး ထုတ်လုပ် သည့်နည်းပညာဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်