Friday, February 15, 2013

လက်ပံတောင်း ဖြိုခွင်းမှုမျိုး နောက်ထပ် မဖြစ်သင့်တော့

Posted by drmyochit Friday, February 15, 2013, under | No comments


(အယ်ဒီတာ့ အာဘော်) ဒီမို ကရေ စီနှင့် ပွင့်လင်းသော စနစ်ကို တိုင်းပြည်တွင် ဖော်ဆောင် ရမှာ ဖြစ်သည့် အစိုးရ အနေဖြင့် အသစ် အသစ်သော လွတ်လပ် မှုများ ဖွင့်ပေး လာသည်နှင့် အမျှ ရှေ့လာမည့် လများ၊ နှစ်များ တွင် လူအများက ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော် ပြောဆို လာကြပေ လိမ့်မည်။ ဤတွင် မေးခွန်း ကား လူမှုရေးနှင့် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ အရေး အရာ များနှင့် ပတ်သက်ပြီး လူထု ဆန္ဒပြပွဲ များ အပေါ် အစိုးရက မည်ကဲ့သို့ ကိုင် တွယ် သင့် သနည်း ဟူ၍ ဖြစ်ပေသည်။

ကံမကောင်း အကြောင်းမလှစွာပင် မြန်မာအာဏာပိုင်များအနေဖြင့် အရိုးစွဲနေသော လမ်းဟောင်းကြီး အတိုင်း ကျင့်သုံးနေခဲ့သည်။ မုံရွာတဖက်ကမ်းရှိ ဝမ်ဘောင်ကုမ္ပဏီနှင့် ဦးပိုင်လီမိတက်တို့ လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား လူထုနှင့် ရဟန်းတော်များက ကန့်ကွက် ဆန္ဒပြသည့် အပေါ် အာဏာပိုင်များ၏ တုံ့ပြန်မှုမှာ စိုးရိမ်ဖွယ်ရာ ပြဿနာပင် ဖြစ်သည်။ ယခင်နှစ် နိုဝင် ဘာလ ၂၉ ရက်နေ့က ဖြိုခွင်းနှိမ်နင်းခဲ့သော လက်ပံတောင်း ဆန္ဒပြမှုအကြောင်း အများပြည်သူတို့ ပိုသိလာ ရသော အချက်အလက်များကို ထောက်ရှုလျှင် အာဏာပိုင်များအနေဖြင့် ဆန္ဒဖော်ထုတ်မှုကို ကိုင်တွယ် ရာတွင် သတိကြီးစွာထား လုပ်ဆောင်ဖို့ လိုနေသည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေသည်။

ကြေးနီစီမံကိန်းကြောင့် ကျန်းမာရေးနှင့် ရေထု၊ လေထု ညစ်ညမ်းမှုများ ရှိသည်ဟု စွပ်စွဲတိုင်တန်းရန် ချီတက် ဆန္ဒပြ သူများကို ဖြိုခွင်းရာတွင် မီးစုန်းဓာတ်ကို အသုံးပြုခဲ့သည်ဟု ရှေ့နေအဖွဲ့တခုကို ကိုးကားကာ နယူးယောက် တိုင်းမ် သတင်းစာက ရေးသားထားသည်။ အဆိုပါ သတင်းကို အတည်မပြုနိုင်သေးသော် လည်း အကယ်၍များ မီးစုန်းဓာတ်ကို အသုံးပြုခဲ့လျှင် သတင်းဆိုးကြီးပင် ဖြစ်ပေတော့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဓာတ်ခွဲခန်းတခုသို့ ကျည်ခွံများ ပို့၍ ဓာတ်ခွဲရာ မီးစုန်းဓာတ် အကြွင်းအကျန်များ တွေ့ရှိရ သည်ဟု ကျွမ်းကျင်သူများက အတည်ပြုပြောကြားကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

လက်ရှိ အနေအထားအရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က စုံစမ်း စစ်ဆေးရေး ကော်မ ရှင်ကို ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်မှုနှင့် ဖြိုခွင်းခဲ့ပုံတို့ကို လေ့လာကာ အကြံပြုချက်များ ပေးရမှာ ဖြစ် သည်။

လမ်းများပေါ်တွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုများနှင့် သံဃာတော်များ မီးလောင် ဒဏ်ရာများ ရစေသော လုပ်ဆောင်မှုအပေါ် ဗီဒီယိုများနှင့် ဓာတ်ပုံကားချပ်များတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်တွေ့ခဲ့ကြရသည်။

အကယ်၍များ အဖြူရောင် မီးစုန်းဓာတ်ကို အရပ်သားများအပေါ် အသုံးပြုခဲ့လျှင် အာဏာပိုင်များက မကြာခဏ ဆင်ခြေပေးခဲ့ကြသလို လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်လွန်ခြေလွန် ဖြစ်သွားတာ မဟုတ်တော့ဘဲ ကြီးမားသော ရာဇဝတ်မှု ကျူးလွန်မှုဟု သတ်မှတ်ရပေလိမ့်မည်။

ဆန္ဒပြ မှုများအပေါ် အင်အားသုံး ဖြေရှင်းမှု မလုပ်ပါဟု ခေါင်းမော့ ရင်ကော့ကာ ပြောနိုင်သော နိုင်ငံ အနည်း ငယ်သာ ရှိပါလိမ့်မည်။ သို့ပေသော်လည်း အကန့်အသတ်နှင့်သာ သုံးကြရသည်။

နေပြည်တော်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် ဤကိစ္စကို အလေးအနက် ထားရမှာ ဖြစ်ကာ လျော်ကြေးပေးရန် ကမ်းလှမ်းခြင်းနှင့် ဆန္ဒပြမှုများကို ကိုင်တွယ်ရာတွင် လိုက်နာရမည့် လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်၍ အပြောင်းလဲကြီး ပြောင်းလဲကာ နောင်တွင် ယခုကဲ့သို့ အဖြစ်မျိုး ထပ်မံမဖြစ်စေရန် အသေအချာ လုပ်ဆောင်ရမှာ ဖြစ်သည်။

ယခုကဲ့သို့ ဖြိုခွင်းမှုကြောင့် ဒေသခံလူထုနှင့် ဆက်ဆံရေး ဆိုးရွားမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လုပ်ငန်း အတွက်လည်း မကောင်းသလို ရွှေနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြ၍ အကောင်း/အဆိုး ချိန်ဆနေကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကိုလည်း
သတိပေး ခေါင်းလောင်း ထိုးလိုက်သလို ဖြစ်စေသည်။

သတ္တုတွင်း ကုမ္ပဏီအနေဖြင့် ရေထု၊ လေထုညစ်ညမ်းပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်ကာ ဒေသခံ လူထုအပေါ် ထိခိုက်မှု မဖြစ်အောင် ကာကွယ်စောင့်ရှောက်မှု လုပ်ပါမည် ဆိုသည်ကို ပေါ်လွင်အောင် ပြသသင့်သည်။

စီမံကိန်း ရပ်တန့်သွားလျှင် တရားစွဲဆိုမည်ဟု ဝမ်ဘောင်ကုမ္ပဏီက မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ဌာနေ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမနှင့် အင်တာဗျူးတွင် အကယ်၍ စီမံကိန်းဆိုင်းငံ့ခံရလျှင် မြန်မာအနေဖြင့် များလှစွာသော ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးလိမ့်မည် ဟုလည်း ပြောကြားခဲ့သည်။

ယနေ့အချိန်အခါသည် မြန်မာအနေဖြင့် သဘာဝ သယံဇာတကို အသုံးပြုကာ စီးပွားရေး အခွင့် အလမ်းကောင်း များကို ပြသပြီး ကမ္ဘာကို ဖိတ်ခေါ်နေချိန် ဖြစ်ပေသည်။ များမြောင်လှစွာသော နိုင်ငံခြား ကုမ္ပဏီများက တံခါးဝ ရောက်နေ သို့မဟုတ် ဝင်ရောက်လုပ်ကိုင်နေကြသည်။

အများပြည်သူအနေဖြင့် ၎င်းတို့အတွက် အဆိုးအကောင်း ရိုက်ခတ်စေမည့် ကိစ္စရပ်များတွင် အဆုံးအဖြတ်ပေးမှု လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရှိခြင်း နည်းပါးလှသည်မှာ အန္တရာယ်ကြီး ဖြစ်ပေသည်။

ဓနဥစ္စာ ကြွယ်ဝရေးအတွက် မြန်မြန်ဆန်ဆန် လုပ်လိုမှာ ဖြစ်သော်လည်း အလျင်စလို လုပ်ကာ သာမန်လူများကို ချနင်းမှု မဖြစ်ပေါ်စေရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် မြန်မာအစိုးရ၊ ဒေသခံနှင့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ဂရုစိုက်ရမှာ ဖြစ်ပေသည်။ ။

မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်