Friday, February 15, 2013

မြန်မာပြည်မှာ ရှုံးပွဲ မကြုံသေးတဲ့ တယ်ရိုဆက်ဆနာ

Posted by drmyochit Friday, February 15, 2013, under | No comments

ရတနာပုံကို ဖေဖော်ဝါရီ (၁၂)ရက်က အနိုင် ကစားခဲ့သည့် တယ်ရို ဆက်ဆနာ အသင်းသည် ယနေ့ ညနေက ကစားခဲ့သည့် ခြေစမ်းပွဲတွင်လည်း ဧရာဝတီကို အနိုင် ယူခဲ့ပြန်ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခြေစမ်းခရီး လာရောက်သည့် တယ်ရိုဆက်ဆနာသည် ခြေစမ်းပွဲ (၂)ပွဲ ကစားပြီးချိန်တွင် (၂)ပွဲစလုံးကို အနိုင် ရရှိထားပြီး ရှုံးပွဲ မရှိသေးပေ။

တယ်ရိုဆက်ဆနာသည် ယခုပွဲတွင် ပွဲထွက် လူစာရင်း၌ နိုင်ငံခြားသား (၄)ဦးအထိ တည့်သွင်းထားပြီး ဧရာဝတီကို ရင်ဆိုင်ခဲ့သည်။ ဧရာဝတီတွင်မူ လက်ရွေးစင် အသင်းသို့ စေလွှတ်ထားရသည့် ဇော်ဇော်ဦး၊ နိုင်လင်းဦး၊ ဖြိုးကိုကိုသိန်းတို့ ပါဝင်ခြင်း မရှိဘဲ နိုင်ငံခြားသား ကစားသမား (၄)ဦးအနက်မှ လီအန်ဒရိုနှင့် ဒိုမီနစ်တို့ (၂)ဦးကိုသာ ကျန်ရှိသည့် ပြည်တွင်း ကစားသမားများနှင့် ပွဲထွက် ခဲ့သည်ကို တွေ့ရသည်။ ကျော်ဇေယျာမင်းနှင့် ထူးကျော်တို့ ဦးဆောင်သည့် ခံစစ်ကြောင်းသည် ပွဲချိန်တစ်လျှောက် အကောင်းဆုံး ပုံစံဖြင့် ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။

အဖွင့်ဂိုးကို ပွဲချိန် (၂၄)မိနစ်တွင် တယ်ရိုဆက်ဆနာ တိုက်စစ်မှူး ဒေါ့ဆန်းတို့စ်က ဂိုးဧရိယာ အပြင်မှ ဧရာဝတီ ဂိုးသမား အောင်မင်းခန့် ရှေ့ထွက်နေမှုကို အခွင့်ကောင်းယူကာ သာသာယာယာ ကန်သွင်းခဲ့သည်။ ထိုဂိုးကို ကန်သွင်းခဲ့သည့် ဒေါ့ဆန်းတို့စ်၏ ကန်သွင်းချက်မှာ သပ်ယပ်လှပသည် မှန်သော်လည်း စိတ်အေး လက်အေး ကန်ခွင့်ရခဲ့သည်မှာ ဧရာဝတီ ကစားသမားများ၏ လူကပ်ပုံ အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ ဧရာဝတီ ကွင်းလယ်မှ ဒိုမီနစ်၏ ပေးပို့မှုများ မဆိုးသော်လည်း တောင်ပံနှစ်ဖက်မှ နန္ဒလင်းကျော်ချစ်နှင့် အောင်ကျော်မျိုးတို့၏ အားနည်းမှုများကြောင့် မည်သို့မျှ အရာမရောက်ခဲ့ပေ။ ပထမပိုင်းတွင် ဧရာဝတီသည် တယ်ရိုဆက်ဆနာနှင့် ဘောလုံးပိုင်ဆိုင်မှုခြင်း ယှဉ်ကစားနိုင်ခဲ့သော်လည်း ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းတွင်မူ အားနည်းခဲ့သည်။ တိုက်စစ်မှူးဖြစ်သည့် လီအန်ဒရို၏ အားနည်းချက်များကြောင့်လည်း ဧရာဝတီ တိုက်စစ်ပိုင်းမှာ တယ်ရိုကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ ဒုတိယဂိုးကို တယ်ရိုက ပွဲချိန် (၃၇)မိနစ်တွင် ရယူခဲ့သည်။ 

အဖွင့်ဂိုး သွင်းခဲ့သည့် ဒေါ့ဆန်းတို့စ်ပင် ထောင့်ကန်ဘော ကန်တင်မှုမှ ရရှိသည့် ဘောလုံးကို ဂိုးသမားနှင့် အနီးကပ် ပိတ်သွင်းသွားခဲ့ခြင်း ဖြစ်သည်။ ဂိုး(၂)ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းတွင် ဧရာဝတီတို့ ပိုမိုအားစိုက် လာခဲ့ရာ ပွဲချိန် (၄၂)မိနစ်တွင် ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သည်။ အောင်ကျော်မျိုးကို ဧရိယာ အတွင်း ဖျက်ထုတ်မှုကြောင့် ကွင်းလယ်ဒိုင် ဦးခင်မောင်ဝင်းက ပင်နယ်တီ သတ်မှတ် ပေးခဲ့ရာ ကွင်းလယ်လူ ဒိုမီနစ်က ကန်သွင်းခဲ့သောကြောင့် ပထမပိုင်း ပြီးချိန်တွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။

 ခြေစမ်းပွဲ ဖြစ်သောကြောင့် ဒုတိယပိုင်း ပွဲချိန်များတွင်မူ နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်ခဲ့ပြီး ကစားကွက် စမ်းသပ်ခဲ့ကြသည်။ တယ်ရို ဆက်ဆနာသည် ပွဲထွက် လူစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့သည့် နိုင်ငံခြားသား (၂)ဦး အပါအ၀င် ကစားသမား (၅)ဦး လူစာလဲခဲ့ပြီး ဧရာဝတီက သီဟဇော်၊ နေလင်းထွန်း၊ ဖြိုးဝေစံ၊ ကောင်းမြတ်ဟန် အစရှိသည့် ကစားသမားများကို လူစားလဲ ထည့်သွင်းခဲ့သည်။ သို့သော် ဒုတိယပိုင်း ပွဲချိန် တစ်လျှောက်ကို တယ်ရိုဆက်ဆနာကသာ ကွင်းတစ်ဝက် ဖိကစားသွားပြီး စိတ်ကြိုက် တိုက်စစ်ဆင်မှုများ ပြုလုပ်သွားသောကြောင့် ဧရာဝတီတို့ ဂိုးထပ်မပေးရစေရန် အသည်းအသန် ကာကွယ်ရင်း ပွဲပြီးဆုံးခဲ့သည်။

ဧရာဝတီသည် ဖေဖော်ဝါရီလ (၂၇)ရက်တွင် AFC Cup အုပ်စုပွဲစဉ် ပွဲဦးထွက်ကို ရင်ဆိုင် ကစား ရတော့မည် ဖြစ်ရာ ယခုပွဲမှ ခြေစွမ်းမျိုးကို ပြောင်းလဲ ပြစ်နိုင်ရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်