Thursday, April 11, 2013

ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းကြောင့် လူမှုဘဝသက်ရောက်မှု စစ်တမ်းကောက်ယူမည်

Posted by drmyochit Thursday, April 11, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၉

မြို့နယ်ပေါင်းများစွာကို ဖြတ်သန်းသွားသော မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွယ်တန်းသည့် ရွှေ သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံများအပေါ် သက်ရောက်မှုများကို သိရှိရန် အတွက် လူမှုဘဝသက်ရောက်မှု စစ်တမ်းကို မေလမှ စတင်ကောက်ယူ မည်ဖြစ်ကြောင်း မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း စောင့်ကြည့် လေ့လာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအို လာက ပြောကြားသည်။

အဆိုပါစစ်တမ်းကို မေလမှ စတင်ကာ တစ်လကြာ ကောက်ယူမည် ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းရာ မြို့များ ဖြစ်သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ မကွေးတိုင်းဒေသကြီးရှိ ပဒါန်း၊ မင်းဘူး၊ မကွေး၊ ရေနံချောင်း၊ မန္တလေး တိုင်း ဒေသကြီးရှိ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ တောင်သာ၊ ပုပ္ပါး၊ မန္တလေး၊
တံတား ဦး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ ကျောက်မဲ၊ နမ္မတူ၊ နမ့်ခမ်း စသည့်မြို့နယ် တို့တွင် ကောက် ယူသွား မည်ဖြစ်ကြောင်း၊ အဆိုပါအဖွဲ့ထံမှ သိရသည်။

လူမှုဘဝသက်ရောက်မှု စစ်တမ်း ကောက်ယူရာတွင် ပိုက်လိုင်းဖြတ်သန်းရာ ကျေးရွာ၊ မြို့နယ်များရှိ အိမ်ထောင် စု၊ စိုက်ပျိုးမြေဧက၊ ဝင်ငွေ၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ရေရရှိမှု၊ ရေထွက် အရေ အတွက် စသည့်အချက်များကို ပိုက်လိုင်း မဖြတ်သန်းခင်ကာလနှင့် ဖြတ်သန်းပြီး နောက်ပိုင်း အခြေ အနေများ ကို လေ့လာ စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း ရရှိလာသည့် အချက်အလက်များကို တရုတ် အမျိုး သား ရေနံထုတ်လုပ်ရေးကုမ္ပဏီ (CNPC) နှင့် စီမံကိန်းအကြံပေးပညာရှင် များသို့ တင်ပြသွား မည်ဖြစ်ကြောင်း ဦးအိုလာက ပြောကြားသည်။

"ဒီပိုက်လိုင်းဖြတ်သန်းပြီး နောက်ပိုင်း အချို့နေရာတွေမှာ ရေရှားတာ၊ သစ်တောပြုန်းတာ၊ လမ်းပျက်တာ၊ စိုက် ပျိုးမြေတွေ ပျက်စီးတာတွေရှိတယ်။ တရုတ်က တာဝန်ယူ ဖြေရှင်းမယ် ပြောပေမယ့် လက်တွေ့မှာ မလုပ်ဘူး" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်မြေများ အသိမ်းခံရပြီး ရရှိသည့်လျော်ကြေးဖြင့် ပြန်လည် ဝယ်ယူ ရန် ခက် ခဲကြောင်း၊ ပိုက်လိုင်း ဖြတ်သန်းပြီး နောက်တွင် စစ်ဆေးရေးဂိတ်များ ရောက်ရှိလာ သဖြင့် ဒေသခံ များ အနေနှင့် သွားလာရာတွင် တားဆီးစစ်ဆေး ခံရကြောင်း ရှမ်းပြည်နယ်ရှိ တအင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ဝင် ဒေါ်လွေးကွယ့်က ပြောကြားသည်။

"သူတို့ပေးတဲ့ လျော်ကြေးအပေါ်မှာ တရားမျှတမှု ရှိ မရှိ ပိုတိတိကျကျသိဖို့ စစ်တမ်းကောက်မယ်" ဟု အဆိုပါ အဖွဲ့ အထွေထွေအတွင်းရေးမှူး မိုင်းမျိုးအောင် က ပြောကြားသည်။

အရှည်မီတာ လေးထောင်ကျော်ရှိ သော မြန်မာ - တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ၂၀၀၉ ခုနှစ် စက်တင် ဘာလ တွင် စတင်ပြီး၂၀၁၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။

(ဇာဏီထွဏ်း)

From: The Voice Weekly 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်