ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့တွင် ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်၌ ကျူးလွန်သူဟု ယူဆ ရသူ ၂၅ ဦးအား ဖမ်းဆီး စစ်ဆေး လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ယင်း ကဲ့သို့ ဖြစ်စဉ်တွင် ပါဝင် ကျူးလွန် သည်ဟု ယူဆထားသူ ၂၅ ဦးအား စစ်ဆေး ခဲ့ရာတွင် စစ်ဆေး ချက် မပေါ် ပေါက်ခဲ့သူ ရှစ်ဦးအား ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ ဖြင့် ပြန်လည် လွှတ်ပေး ထားကြောင်း သိရှိရ သည်။
တိုက်ကြီး မြို့နယ် ဥက္ကံမြို့ ပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ တိုင်း တပ်ဖွဲ့မှူုး ဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က "ဧပြီ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဥက္ကံပဋိပက္ခ ဖြစ်စဉ် ကတော့ ဒီနေ့ မေလ ၄ ရက်အထိတော့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သံသယရှိ ခဲ့တဲ့သူ ၂၅ ဦးထဲကနေ ရှစ်ဦးကို ခံဝန်ချုပ်နဲ့ ပြန်လွှတ်ပေးထားပါတယ်" ဟု မေလ ၄ ရက် မွန်းလွဲပိုင်းက ပြောကြား ခဲ့သည်။
ခံဝန်ချုပ် ဖြင့် ပြန်လည်လွှတ်ပေးခဲ့သူ ရှစ်ဦးမှာ ပနီပင်ကျေးရွာမှ လင်းနိုင်ဦး၊ ကျော်မင်းထွဋ်၊ ကျော်ကျော်၊ ကျော်စိုး မင်း၊ ခင်မြင့်နှင့် ဗန္ဓုလရပ်ကွက်မှ ရာဇာမင်း၊ ရဲထွန်း၊ မျိုးဇော်ဦးတို့ဖြစ်ကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။
ဖမ်းဆီး စစ်ဆေးလျက် ရှိသည့် ၁၇ ဦးကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂ မှ (ပ) ၁၂၂ ထိပုဒ်မ ၁၀ ခုဖြင့် အမှု ဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဥက္ကံမြို ၏ ပဋိပက္ခဖြစ်စဉ်ကို ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ ဈေးအနီးတွင် ဆွမ်းခံကြွလာသည့် ကိုရင် လေး တစ်ပါးအား အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဒေါ်ဝင်းဝင်းစိန်က ၀င်ရောက်တိုက်မိရာမှ သပိတ်ပြုတ်ကျ ပျက်စီး ခဲ့ပြီး ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပဋိပက္ခ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ကိုးဦးရှိခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ပြုလုပ်သူ ဒေါ်ဝင်းဝင်းစိန်ကို ဥက္ကံမြို့နယ် ရဲစခန်းမှ (ပ) ၁၁၂/၂၀၁၃ ပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
(ဥက္ကံမြို့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူများကို ဖမ်းဆီးလာသည်ကို တွေ့ရစဉ်)
(ဓာတ်ပုံ-၀င်းမြင့်ကျော်)
From: Eleven
Time in Rangoon


0 comments:
Post a Comment