Thursday, July 25, 2013

ရွာသာကြီးတွင် ကိုယ်ဝန်သည်အမျိုးသမီး အသတ်ခံရ

Posted by drmyochit Thursday, July 25, 2013, under | No comments



ရန်ကုန်၊ ဇူလိုင် ၂၄

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွာသာကြီးရပ်ကွက် ဒီဇင်ဘာအိမ်ရာအဝင် မုခ်ဦးအနီးတွင် ဇူလိုင်လ ၂၃ ရက်နေ့က တွေ့ရှိခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏ဝမ်းဗိုက်အတွင်းမှ ထွက်ရှိလာသော ကလေးတို့၏ အလောင်းနှစ်လောင်းမှာ လူသေမှုဖြစ်စဉ် မဟုတ်ဘဲ လူသတ်မှု ဖြစ်သည်ဟု မှုခင်းဆရာဝန်က သုံးသပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ အမျိုးသမီးမှာ ဒဂုံမြို့သစ်တောင်ပိုင်း ရွာသာကြီး ရပ်ကွက်တွင် နေထိုင်သော မအေးအေးအောင်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို ဒီဇင်ဘာအိမ်ရာဝင်း အတွင်းရှိ လယ်ကွင်းထဲတွင် ငါးဖမ်းနေသူ လူငယ်တစ်ဦးက တွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏မိခင်က ပြောကြားသည်။

သေဆုံးသူ မအေးအေးအောင်၏ ယာဘက်လည်ပင်းတွင် အရိုက်ခံထားရပြီး သတိလစ်ချိန်တွင် လည်ပင်းကို လုံချည်ဖြင့် ညှစ်သတ်ကာ ရေနှစ်ထားကြောင်း၊ လည်ချောင်းလေပြွန်တွင် ဒဏ်ရာတွေ့ရကြောင်း၊ အလားတူ အစာပြွန်တွင် ရွှံ့ဝင်နေကြောင်း၊ ၎င်းသည်ဝမ်းဗိုက်တွင် ကန်ကျောက်ခံထားရပြီး သားအိမ်ပေါက်ကာ ကလေးမှာ ဗိုက်ပေါက်အူထွက် သေဆုံးခဲ့ကြောင်း၊ အလောင်းမှာ သေဆုံးပြီး လေးငါးရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံမှ မှုခင်းဆရာဝန်ကြီးတစ်ဦးက ကနဦး သုံးသပ်ချက်ပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ထုတ်ပြန်ချက်များအရ သိရသည်။

“သူအလုပ်လုပ်တာ အရမ်းသွက်လက်တယ်။ အလုပ်လည်းမပျက်ဘူး၊ အိမ်အလုပ်လည်း မလစ်ဟင်းဘူး၊ အိမ်ပြန်မလာလို့ စုံစမ်းမှ အခုလိုဖြစ်တာ သိရတာ” ဟု သေဆုံးသူ၏မိခင်က The Voice သို့ ပြောကြားသည်။

“ငါးဖမ်းကြွက်ထောင်လုပ်တဲ့ ကောင်လေးရဲ့ခွေးက ဟောင်တာနဲ့ မနက်စောစော ၈ နာရီဝန်းကျင်မှာ စတွေ့တာပါ။ အလောင်းက ပုပ်ပွပြီး ရွဲနေပါပြီ။ အလုပ်ကလူတွေဆို မှတ်တောင်မမှတ်မိဘူး။ အဝတ်အစားတွေ ကြောင့် မှတ်မိတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။

ဇူလိုင် ၁၉ ရက်နေ့ညက အလုပ်ဆင်းချိန် ည ၈ နာရီခွဲတွင် လာကြိုရန် မှာကြားခဲ့သဖြင့် သွားကြိုရာ မတွေ့ရှိရသဖြင့် သမီးဖြစ်သူ၏ သူငယ်ချင်းများကို မေးမြန်းရာ ည ၈ နာရီခန့်တွင် ၎င်း၏ချစ်သူ ကိုပြည့်ဝအောင်က မအေးအေးအောင်ကို အအေးခန်းစက်ရုံမှ ခေါ်ဆောင်သွားခဲ့သည်ဟု သိရပြီး နံနက်ပိုင်းတွင် ကောင်လေးကို သွားရောက်မေးမြန်းရာ ညပိုင်းတွင် မိမိမှာ အလုပ်ဆင်းနေသဖြင့် မသိရှိကြောင်း ငြင်းဆိုခဲ့ပြီး သုံးရက်အကြာတွင် မိသားစုလိုက် ပြောင်းရွှေ့သွားကြောင်း သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြောကြားသည်။

 “အိမ်တံခါးတောင် ပိတ်မသွားဘူး ဒီအတိုင်းထားသွားတယ်။ အခုအိမ်ကို ရဲစခန်းက လာရောက် ချိပ်ပိတ်ထားတယ်” ဟု ရွာသာကြီးရပ်ကွက် အတွင်းရှိ အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။

မအေးအေးအောင်သည် ရွာသာကြီး ရပ်ကွက်ရှိ ငါးလုပ်ငန်းစက်ရုံ အအေးခန်းမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏ချစ်သူသည် ရပ်ကွက်အတွင်းရှိ အစာသွတ်လုပ်ငန်းတွင် လုပ်ကိုင်သူ ဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ထပ်မံပြောကြားသည်။

    “သူတို့ သမီးရည်းစား ဖြစ်နေတာ တစ်နှစ်လောက်ရှိပြီ။ အဲဒီညက နှစ်ယောက်စလုံး ၈ နာရီလောက် ပျောက်သွားပြီး ည ၁၀ နာရီလောက်မှာ ကောင်လေးက အလုပ်ပြန်ဝင်တယ်။ အရက်တွေလည်း မူးလာပြီး သူရဲ့ပုဆိုးမှာ ရေတွေစိုပြီး ရွှံ့တွေပေနေတယ်” ဟု စက်ရုံမှ လုပ်ဖော်ကိုင်ဖက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။

    သေဆုံးသူ မအေးအေးအောင်နှင့် ၎င်း၏ချစ်သူ ကိုပြည့်ဝအောင်မှာ သားမယားအဖြစ် ဆက်ဆံခဲ့ဖူးကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်တွင် ကိုပြည့်ဝအောင်က မအေးအေးအောင်ကို အအေးခန်းစက်ရုံမှ ခေါ်ဆောင်သွားခဲ့ပြီး ထိုအချိန်မှစ၍ သေဆုံးသူမှာ ပျောက်သွားသည်ဟု
    စက်ရုံဝန်ထမ်းများက ထွက်ဆိုခဲ့ကြောင်း ရွာသာကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရသည်။

    မှုခင်းဆရာဝန်၏ ကနဦးသုံးသပ်ချက်အရ အဆိုပါအလောင်း တွေ့ရှိသည့် ည ၁၀ နာရီခန့်တွင် ( ပ ) ၆၀၂/၁၃၊ ပြစ်မှု ပုဒ်မ- ၃၀၂ (လူသတ်မှု) ဖြင့် ပြောင်းလဲစစ်ဆေးခဲ့ပြီး ဝမ်းဗိုက်တွင်းရှိ ကလေးနှင့် မိခင်ကို သေအောင် ပြုလုပ်ခဲ့သည်ဟု ယူဆရသည့် ဦးပြည့်ဝအောင်ကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် ၃၃/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

    သေဆုံးသူ မအေးအေးအောင်၏ မိဘများသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာဇာတိဖြစ်ပြီး ထွက်ပြေးပုန်းရှောင်သူ ကိုပြည့်ဝအောင်၏ မိဘများသည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဇာတိ ဖြစ်ကြောင်း ရပ်ကွက်အတွင်းမှ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

    “အိမ်ရာက ကျယ်ဝန်းတော့မသိဘူး၊ မုခ်ဦးမှာ စောင့်တယ်ဆိုပေမယ့် အခြားတံခါးပေါက်ကလည်း ဝင်လို့ရတယ်လေ” ဟု ဒီဇင်ဘာအိမ်ရာမှ တာဝန်ကျလုံခြုံရေး အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်