Thursday, July 25, 2013

သူငယ်တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှု အတန်းဖော်ကျောင်းသားမိဘများ စိုးရိမ်

Posted by drmyochit Thursday, July 25, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၄

ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာ မူလတန်းကျောင်းမှ သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့် ခံရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနေစဉ် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ပါသည်ဟု အဆိုပါ အဓမ္မပြုခံရသည့် သူငယ်တန်းကျောင်းသူက ပထမတစ်ကြိမ် ဖြေဆိုစဉ်ကနှင့် ကွဲလွဲစွာ ထွက်ဆိုထားခြင်းကြောင့် အတန်းဖော် ကျောင်းသားများ၏ မိဘဖြစ်သူများ အနေနှင့် ၎င်းတို့၏ သူငယ်တန်းအရွယ် ကျောင်းသားများ စစ်ဆေးခံရမည်ကို စိုးရိမ် ပူပန်နေရကြောင်း The Voice သို့ပြော ကြားသည်။

အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်သည် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မှုခင်းဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ မွေးစားမိခင်နှင့် ကျေးဇူးရှင် ဘုန်းတော်ကြီးတို့၏ ရှေ့မှောက်တွင် ကနဦး ထွက်ဆိုခဲ့စဉ်က လူကြီးတစ်ဦးက ပြုကျင့်ပါသည်ဟု ထွက်ဆိုခဲ့ပြီး၊ နောက်တစ်ပတ်ခန့် အကြာတွင် အတန်းဖော် ကျောင်းသားတစ်ဦးက ကျူးလွန်ခဲ့သည်ဟု ပြောင်းလဲထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း ရွှေပျောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့က အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် မိဘများကို တွေ့ဆုံကာ သူငယ်တန်း ကျောင်းသားတစ်ဦးဦးက ယင်းအဓမ္မမှုကို ကျူးလွန်ကြောင်း အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်က ဆိုသည်ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ခြင်း၊ မြို့နယ်ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကလေးငယ်အချို့ကို ဓာတ်ပုံ ရိုက်ယူသွားခြင်းနှင့် ကလေးများကို ခေါ်ယူစစ်ဆေးခွင့် တောင်းဆို ခဲ့ခြင်းများကြောင့် ကျောင်းသား မိဘများအနေနှင့် ၎င်းတို့ကွယ်ရာတွင် ကလေးများကို လာရောက်ခေါ်ဆောင်သွားမည်ကို စိုးရိမ်ကြောက်ရွံ့နေကြကြောင်း ယင်းမိဘများက ဆိုသည်။

“အရင်ကဆို ခြင်ကိုက်ပြီး သွေးလွန်တုပ်ကွေး ဖြစ်မှာစိုးလို့ အိမ်ထဲမှာမနေနဲ့၊ အိမ်အပြင်ကို ထွက်ဆော့ကြလို့ ခိုင်းရတယ်၊ အခုအလုပ်သွားချိန်မှာ အိမ်အပြင်ကို မထွက်ကြနဲ့၊ ရဲလာဖမ်းလိမ့်မယ်ဆိုပြီး မှာရတယ်၊ အိမ်နီးချင်းတွေကိုလည်း ဂရုစိုက်ဖို့ သေချာပြောရတယ်” ဟု အသက် ၃၀ အရွယ် မိခင်တစ်ဦးက ဆိုသည်။

ကလေးများ ကျောင်းသွား၊ ကျောင်းပြန်ကို ကိုယ်တိုင် လိုက်ပို့နေရပြီး၊ ကျောင်းဝင်းထဲရောက်မှ စိတ်အေးရကြောင်း၊ ရဲစခန်းမှ ခေါ်စစ်မည်၊ မစစ်မည်ကို အထက်သို့ တင်ပြပေးမည် ဟုသာ ပြောဆိုထားသဖြင့် အထက်ဌာနမှ အမိန့်ချလိုက်မည်ကို တွေးပူကာ ညတွင် အိပ်၍မပျော်ကြောင်း သူငယ်တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမာက ပြောဆိုသည်။

“ကျွန်မတို့ သားလေးတွေဟာ ဒီအမှုနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး ဆိုတဲ့ ကြေညာချက်မျိုး ထုတ်ပေးစေချင်တယ်၊ ဒါမှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများက အဆိုပါအမှုအတွက် ကလေးများကို ကျောင်းဝင်းအတွင်း လာရောက်စစ်ဆေးခြင်းကို လုံးဝလက်မခံနိုင်ကြောင်း ရဲစခန်းသို့ ပြောဆိုထားပြီး ဖြစ်ကြောင်း၊ သို့သော် ကျောင်းဝင်း အပြင်ဘက်တွင် စစ်ဆေးခြင်းကို ၎င်းတို့အနေနှင့် တားဆီးပေး၍ မရကြောင်း၊ သက်ဆိုင်ရာ မိဘများ၏ ဆန္ဒသာဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ပညာရေးမှူးကြီးက ဆိုသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ တရားလိုပြု တိုင်တန်းထားသည့် စခန်းမှူးဖြစ်သူ ဒုရဲမှူး ဦးခင်စိုးကို ကျောက်တန်းမြို့နယ် ရဲစခန်းသို့ ယနေ့ညနေ ၂ နာရီဝန်းကျင်နှင့် ညနေ ၄ နာရီခန့်က သွားရောက် တွေ့ဆုံခဲ့သော်လည်း စခန်းမှူးမှာ အလုပ်ရှုပ်နေသဖြင့် စခန်းတွင်မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေဆိုသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ မြန်မာစကားကောင်းစွာ မပြောဆိုတတ်သည့် ပအို့ဝ် တိုင်းရင်းသူဖြစ်ပြီး၊ ဗဟန်းမြို့နယ် တောင်ကြီးကျောင်းတိုက်မှ သံဃာတော်တစ်ပါးထံမှ တစ်ဆင့် ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာရှိ ရွှေမင်းသမီး တည်းခိုရိပ်သာပိုင်ရှင်က ခေါ်ယူမွေးစားထားခြင်း ဖြစ်ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် တည်းခိုရိပ်သာ မန်နေဂျာနှင့် ဝန်ထမ်းတစ်ဦးက အဆိုပါ မိန်းကလေးကို မြို့နယ်ဆေးရုံသို့ ခေါ်ဆောင် ဆေးကုသရာ ဆရာဝန်များ၏ ဆေးစစ်ချက်အရ မုဒိမ်းမှု ကျူးလွန်ခံရသည်ကို တွေ့ရှိ ခဲ့ရသဖြင့် ကျောက်တန်းမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး (ပ)၂၀၅/၂၀၁၃ ပြစ်မှု ဥပဒေပုဒ်မ ၃၇၆/၃၇၇ ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း ကျောက်တန်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် မှုခင်းကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်အရ ယင်းသူငယ်တန်းကျောင်းသူမှာ အဓမ္မပြုကျင့် ခံရကြောင်း၊ သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင်ကြောင်း ကျောက်တန်းမြို့နယ် ဆေးရုံမှ လက်ထောက် ဆရာဝန်တစ်ဦးက The Voice သို့ ပြောဆိုသည်။

အောင်မျိုးထက်
The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်