Saturday, August 24, 2013

ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်ကို လယ်ယာမြေကျူးကျော်ဖျက်ဆီးမှုဖြင့် လယ်သမားကတရားစွဲ

Posted by drmyochit Saturday, August 24, 2013, under | No comments


ကန်ကြီးထောင့်၊ သြဂုတ်လ ၂၃။

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင်အား  လယ်သမားတစ်ဦးက လယ်ယာမြေကျူးကျော် ဖျက်ဆီးမှုဖြင့်
ကန်ကြီးထောင့် မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ငါးရှည့်ထူး ကျေးရွာနေ ဒေါ်နော်လာဟေးက ၎င်းပိုင် လယ် ၁၃ ဧကအတွင်း စိုက်ပျိုးထားသည့် စပါးပင်များအား ဦးချစ်လွင်က ၀င်ရောက်ဖျက်ဆီး ထွန်ယက်ခဲ့သည်ဟုဆိုပြီး တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ရုံးတော်ကအမှုကို လက်ခံခဲ့ပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“ကျမစိုက်ထားတဲ့ စပါးပင်တွေကို ၀င်ဖျက်ဆီးလို့ သူ့ကို တရားစွဲတာပါ။ အဲဒီနေ့က သူ့အလုပ်သမားတွေက လယ်ထွန်စက်တွေနဲ့ ကျမတို့ လယ်ခင်းထဲကို ၀င်မောင်းတယ်။ ကျမတို့ တားပေမယ့် တားလို့မရဘူး။ ဒီလယ်တွေနဲ့ ပတ်သတ်လို့ ကျမတို့မှာ မြေခွန်ပြေစာ၊ ဘဏ်စာအုပ်၊ သီးစားချထားမှု အကုန်လုံး အထောက် အထားတွေ ရှိပါတယ်။ ရုံးတော်က တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ပေးမယ်လို့ ကျမယုံကြည်ပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ်အား တရားစွဲဆိုထားသည့် ဒေါ်နော်လာဟေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေကိစ္စဖြင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား လယ်သမားက တရားစွဲဆိုခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင်အား ဆက်သွယ် မေးမြန်းခဲ့ရာ “ကျွန်တော်က သူ့လယ် ၅ ဧကကို ၁ ဧက ၆ သိန်းနှုန်းနဲ့ ၂၀၀၈ ခုနှစ်ကတည်းက ၀ယ်ထားတယ်။ ၅ နှစ်ဆက်တိုက် ကျနော် စိုက်ပျိုး လုပ်ကိုင်ခဲ့ပါတယ်။ အခု အဲဒီနားက လယ်တွေက အတိုင်းအတာ တခုအထိ ဈေးတက်လာတာရော ပတ်ဝန်းကျင် အနှောက်အယှက်ရောကြောင့် ဒီကိစ္စတွေ ဖြစ်ပွားရခြင်း  ဖြစ်ပါတယ်”ဟု ပြောသည်။

သို့သော် လယ်ယာဝယ်ယူမှုနှင့် ပတ်သတ်၍ ယုံကြည်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သူ့ထံတွင် စာချုပ်စာတမ်း အထောက်အထား မရှိကြောင်းနှင့် လယ်ယာမြေနှင့် ပတ်သတ်၍လည်း အထောက်အထား
တစ်စုံတရာ မရှိကြောင်း ဦးချစ်လွင်က ဆိုသည်။

မိမိတို့အနေဖြင့် ဦးချစ်လွင်အား လယ်ယာမြေ ရောင်းချထားခြင်း လုံးဝမရှိဘဲ ၂၀၀၇ ခုနှစ်က ခြံနှင့် နွား ၆ ကောင် အပေါင်ထားပြီး ၁၀ တိုးဖြင့် ငွေ ၃၇ သိန်းချေးယူခဲ့ခြင်းဖြစ်ကြောင်း၊ အတိုးမဆပ်နိုင်သဖြင့် လယ်ယာမြေမှ ထွက်ရှိသော စပါးအားလုံးနှစ်စဉ် အတိုးအဖြစ် ပေးဆပ်ခဲ့ရကြောင်း ဒေါ်နော်လာဟေး၏ သားဖြစ်သူ ကိုရေချမ်းက ပြောသည်။

“သူက လယ်ကထွက်သမျှစပါး နှစ်တိုင်းရတာကို မကျေနပ်ဘဲ လယ်တွေကို မှတ်ပုံတင်ရာမှာ သူ့နာမည်နဲ့ ပြောင်းပြီး မှတ်ပုံတင်မယ်ပြောတယ်။ ကျနော်တို့က အကြွေးကို ဆပ်ပါမယ်။
လယ်ကိုတော့ မယူပါနဲ့ပြောတာ မရဘူး။ ငွေပြန်ဆပ်တာ သူက လက်မခံတော့ဘူး”ဟု ယင်းက ပြောသည်။

ဦးချစ်လွင်သည် ထိုကဲ့သို့ တောင်သူလယ် သမားများအား ငွေချေး၍ လယ်နှင့် အိမ်ခြံမြေများ သိမ်းယူလေ့ရှိကြောင်း လယ်ယာမြေများ အကြွေးဖြင့်အသိမ်းခံခဲ့ရသည့် ကန်ကြီးထောင့် မြို့နယ်၊
ဆားကွင်းကျေးရွာမှ လယ်သမားများက ပြောသည်။

“ကျနော်က မပြေလည်လို့ သူ့ဆီမှာ ငွေ ၁ သိန်းယူခဲ့တယ်။ မပြေလည်လို့ မဆပ်နိုင်ဖြစ်တော့ အတိုးတက်လာတာ ၄ သိန်းဖြစ်သွားရော။ ပြီးတော့ကျွန်တော့်လယ် ၅ ဧကကျော်ကို သိမ်းသွားတယ်။ ပြေစာတွေကို ကျေးရွာ မြေတိုင်းစာရေးနဲ့ ပေါင်းပြီး ခိုးထုတ်သွားတာ။ ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော်တောင် မသိလိုက်ဘူး။ အခု သူ့ငွေပြန်ပေးမယ် လယ်ပြန်ပေးပါ ဆိုတာကို သူက လုံးဝလက်မခံဘူး”ဟု ဆားကွင်းကျေးရွာမှ လယ်အသိမ်းခံရဖူးသူ လယ်သမားတဦးက ပြောသည်။

ဦးချစ်လွင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကန်ကြီးထောင့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ ဒုက္ခတွေ့နေရင်တောင် လွှတ်တော်မှာ တင်ပြပြီး ဖြေရှင်းနိုင်အောင် ကူညီဆောင်ရွက်ပေးရမှာ။ အခုဟာက လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် လယ်သမားကို လည်ပင်းတက်နင်းတဲ့ လုပ်ရပ်မျိုး၊ အကြွေးနဲ့ လယ်သိမ်းတဲ့ ဟိုတုန်းက ချစ်တီးတွေလိုမျိုး လုပ်ဆောင်နေတာဟာ ဘယ်လိုမှ မသင့်တော်ပါဘူး”ဟု လယ်သမားအရေး လိုက်ပါ ကူညီပေးနေသည့် ပုသိမ်မြို့ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ယက်မှ ကိုမောင်မောင်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေကို အကြောင်းပြု၍ မြို့နယ်တရားရုံးများ၌ တရားစွဲဆိုမှု အမြောက်အမြားဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ဆလိုင်းသန့်စင်
The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်