Monday, September 23, 2013

KIO Technical Advisory Team နှင့် အစိုးရ MPC တို့ တွေ့ဆုံဆွေးနွေးပြီးသော်လည်း KIA အဖွဲ့မှ လူသစ် စုဆောင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိ၏

Posted by drmyochit Monday, September 23, 2013, under | No comments


စက်တင်ဘာ ၂၃ ရက် ၂၀၁၃

KIO Technical Advisory Team နှင့် အစိုးရ MPC တို့ စက်တင်ဘာ(၁၆)ရက်နှင့် (၁၇)ရက်တွင် မြစ်ကြီးနား၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လာမည့် အောက်တိုဘာ(၅)ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်းတွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အဖွဲ့မှ ဒေသခံကချင်လူငယ်/ရွယ်များအား လူသစ်စုဆောင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း တနိုင်းမြို့ခံများ ထံမှ သိရှိရသည်။

``အရင်တုန်းက အမည်စာရင်း ကောက်ထားတဲ့ ရွာကလူငယ်တွေကို လူသစ်ဆိုပြီး အတင်းဖမ်းခေါ်နေတာပဲ၊ လာဖမ်းတဲ့အဖွဲ့က ကချင်လွတ်လပ်ရေးတပ်ရင်း(၁၄)ကလို့ သိရပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်လောက်က တည်းက အဲဒီလိုပဲနာမည်စာရင်းနဲ့ လာခေါ်နေတာ၊ ရွာထဲမှာ လူငယ်တွေ မနေရဲကြတော့ဘဲ ထွက်ပြေးနေ ကြရတယ်လေ´´ ဟု မိုင်းခွန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။
KIA တပ်မဟာ(၂)၊ ရင်း(၁၄)မှ ဗိုလ်မှူးအဆင့်ရှိ ဇော်တောင်ဦးစီးအဖွဲ့သည် စက်တင်ဘာဒုတိယပတ်မှစ၍ တနိုင်း၊ မိုင်းခွန်၊ ရှဒူစွပ်တစ်ဝိုက်ရှိ ဒေသခံကချင်လူငယ်များအား လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် လျက်ရှိရာ စက်တင်ဘာ(၂၁)ရက်နေ့အထိ ဖမ်းဆီးခေါ်ဆောင်ခံရသော လူငယ်(၄၀)ဦးခန့်ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

``ရှဒူစွပ်ရွာက အဘွားကြီးယောက်ဆိုရင် သူ့မြေးကို ကချင်တပ်က အတင်းလာဖမ်းသွားတာကို မြင်ပြီး မစားနိုင်မသောက်နိုင်နဲ့ တငိုငိုတအီအီ ဖြစ်နေလေရဲ့ အခုအိပ်ယာထဲ ဗုန်းဗုန်းလဲနေတယ်၊ အခြေအနေ မကောင်းဘူး´´

KIO အနေဖြင့် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပြီးသော်လည်း ယခုကဲ့သို့ဒေသခံကချင်လူငယ် များအား လူသစ်အဓမ္မစုဆောင်းမှုများကြောင့် မိဘအုပ်ထိန်းသူများမှာ စိတ်သောကရောက်နေကြရကြောင်း၊ အချို့လူငယ်များမှာ ရွာ၌မနေရ၊ ပညာမသင်ရ၊ မိဘအား မလုပ်ကျွေးရဘဲ လူသစ်စုခံရမှာကို စိုးရိမ်သည့် အတွက် ထွက်ပြေးတိမ်းရှောင်နေကြသလို အချို့မှာ ရဟန်းဝတ်သွားကြကြောင်း၊ အပြောနှင့်အလုပ်မညီသည့် လုပ်ရပ်များကြောင့် လာမယ့် အောက်တိုဘာ(၅)ရက်တွင် တွေ့ဆုံဖွယ်ရှိသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာလည်း ဒေသခံတိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်းနှင့် လုံးဝအယုံအကြည်မရှိကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
Burmese Treasure

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်