Tuesday, October 01, 2013

ဇနီးလက်ကိုဆွဲလို့ ခင်ပွန်းဖြစ်သူက ဓါးဖြင့် ထိုးသတ်

Posted by drmyochit Tuesday, October 01, 2013, under | No comments

ဖမ်းဆီးရမိသူ ဂျပု(ခ)မျိုးလွင်

ရန်ကုန်၊ အောက်တိုဘာ ၁

၂၉.၉.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ ဒေါ်တင်အေးသည် နေအိမ်တွင် ရှိနေချိန် တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်မှာ သုမိတ္တာ တံတားထိပ်ရှိ သစ်သားတံတား ပေါ်သို့ တက်လာနေစဉ် အမည်မသိ အမျိုးသား တစ်ဦး လိုက်လာသည်ကို မြင့်တွေ့ရကြောင်း၊ တံတားအဆင်းအရောက် ၎င်းအမျိုးသားမှ တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်အား မင်းတော်တော် ရစ်ပါလား ဟု ပြောဆိုကာ မည်သည့်အရာမှန်း မသိသည့်လက်နက်ဖြင့် ၀ဲဘက်ရင်အုံအားထိုးခဲ့၍ ချီးဗူး(ခ)တင်ထွန်းအောင်မှာ လဲကျသွားသည်ကို မြင်တွေ့ရကြောင်း၊ ထိုသို့လဲကျသွားစဉ်ထပ်မံ၍ ၀ဲဘက်လက်အား ထိုးသည်ကို မြင်တွေ့သဖြင့် ၎င်းမှပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ  တောင်းခဲ့ကြောင်း၊ ထိုသို့အကူအညီတောင်းနေစဉ် အဆိုပါအမျိုးသားမှာ အမျိုးသမီးတစ်ဦးနှင့်အတူ စက်ဘီးစီးနင်းကာ ထွက်ပြေးသွားခဲ့ကြောင်း၊ တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်အား သွားရောက်ကြည့်ရှုရာ ၀ဲရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်၊ယာပါးတို့တွင် ပြတ်ရှဒဏ်ရာများရရှိသည်ကိုတွေ့ရှိရ၍ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့ကြောင်းတို့ကိုပြောပြတိုင်တန်း ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၇၇၆/၂၀၁၃၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဂျပု(ခ)မျိုးလွင်နှင့် ၎င်း၏ဇနီး မမိုးမိုးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၃၀.၉.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန်တွင် ဂျပု(ခ)မျိုးလွင်(ဘ)ဦးဘဆွေ၊ မြောက်ဥက္ကလာပ မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဇနီး မမိုးမိုးမှာ ထွက်ပြေး တိမ်းရှောင် နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

ဖမ်းဆီးရမိသူ ဂျပု(ခ)မျိုးလွင်အား စစ်ဆေးချက်အရ အခင်းဖြစ်ချိန်က ၎င်းသည်ဇနီးဖြစ်သူ မမိုးမိုးနှင့် သုမိတ္တာ(၄)လမ်းနှင့်(၅)လမ်းကြားတွင် ရှိနေစဉ် ဇနီးဖြစ်သူ၏လက်အား သေဆုံးသူ ချီးဗူး(ခ)တင်ထွန်းအောင်မှ လာရောက်ဆွဲခဲ့သဖြင့် စကားများရန်ဖြစ်ပြီး ၎င်းမှအသင့်ပါလာသောဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများသိမ်းဆည်းကာ အမှုဖြင့်ဆက်လက် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်