Tuesday, October 01, 2013

KIA မှ ဒေသခံရွာသူ/ရွာသား (၃) ဦးအား လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ် ဆောင်မှု ၀ိုင်းမော်မြို့နယ်တွင် ဖြစ်ပွား

Posted by drmyochit Tuesday, October 01, 2013, under | No comments



အောက်တိုဘာလ ၁ ရက် ၂၀၁၃

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာ၊ ရပ်ကွက် (၃) ၌ နေထိုင်သော ရွာသူ/ရွာသား (၃) ဦးအား စက်တင်ဘာ (၂၈) ရက်နေ့ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ တစ်ဖွဲ့မှ ရွာထဲသို့ ၀င်လာပြီး လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရ သည်။

“ အဖမ်းခံရတာက ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ပါ၊ ရွာရဲ့ အရှေ့မြောက်ဘက်ကို ဖမ်းခေါ်သွားတာ မြင်တဲ့ရွာသားတွေလည်းရှိ တယ်၊ ဒါပေမယ့် ဘာမှ မလုပ်ရဲကြပါဘူး၊ နန်ဇော်ယန်စခန်းမှာ ဖမ်းချုပ်ထား တယ်လို့ သတင်းရပါတယ် ” ဟု ယင်းရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖမ်းခံရသည့် အကြောင်းအရင်းကို မေးမြန်းကြည့်ရာ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း အဖမ်းခံရသူများမှာ မောင်ငွါး ဆာ၊ မောင်ပေါ်စန်းတူနှင့် မချမ်းဝမ်တို့ဖြစ်ကြကြောင်း သိရှိရသည်။

“ မချမ်းဝမ်က မောင်ငွါးဆာရဲ့အိမ်မှာ သူ့မိန်းမ မရီရွယ်ဂျားနဲ့အတူ တီဗွီကြည့်နေကြတာ၊ အဲဒီအချိန်မှာ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ အိမ်ပေါ်တက်လာပြီး မောင်ငွါးဆာနဲ့ မချမ်းဝမ်တို့ကို လက်ပြန်ကြိုးတုပ်တော့ တာပဲ ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ မရီရွယ်ဂျားကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ် ” ဟု ယင်းရွာခံတစ်ဦးက ပြောပြသည်။

KIA အဖွဲ့မှ အဆိုပါ (၂) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားစဉ် အပြန်လမ်း၌ နန့်မီးခချောင်းတွင် မောင်ပေါ်စန်းတူ အား တွေ့ရှိသဖြင့် ထပ်မံဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ယင်းရွာခံက ဆက်လက်ပြောပြသွားသည်။

“ မောင်ငွါးဆာရော မချမ်းဝမ်ပါ တောင်သူတွေပါ၊ ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ၊ မူးယစ် ဆေးဝါးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ တစ်ရွာလုံးသိနေတာပဲ၊ ကချင်တပ်က သက်သက်မဲ့ အကြောင်းရှာပြီး လာဖမ်းတာ၊ မူးယစ်ဆေးသုံးလို့ ဖမ်းကြေးဆိုရင် သူတို့တပ်ဖွဲ့ဝင်အားလုံးကို လည်းပြန်ဖမ်းရမှာပဲ၊ အကုန်လုံး ဘိန်းစားတွေချည်းပဲ၊ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်တုန်းက ဘိန်းတွေကျွေးပြီး KIA တပ်ဖွဲ့ဝင်တွေကို စစ်တိုက်ခိုင်းတာ ကျွန်တော်တို့သိနေတာပဲ၊

သူတို့ကိုယ်တိုင်ကျူးလွန်နေတာကျတော့ ဘာမှ မလုပ်ဘဲနဲ့ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းတာတော့ တော်တော်တရားလွန်တယ်ဗျာ ” ဟု ယင်းရွာမှ ပညာတတ်ဘွဲ့ရ လူငယ်တစ်ဦးက ပြောပြသွားသည်။

အတင်းအဓမ္မဖမ်းဆီးခြင်းခံရသော ရွာသူရွာသား (၃) ဦး၏ မိသားစုများမှာ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြု လုပ်ရဲဘဲ ကြောက်ရွံ့နေကြကြောင်း၊ KIA မှ သက်ဆိုင်ရာကို တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထား ကြောင်း၊ သို့သော် ၀ိုင်းမော်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများသို့ သွားရောက်တိုင်ကြားရန် ရွာသူရွာသားများက စီစဉ်နေကြကြောင်း ၊ တရားဥပဒေမဲ့လုပ်ရပ်များကို KIA က ယခုလို ကျူးလွန်နေခြင်းကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန် ဆန္ဒရှိနေကြကြောင်း ယင်းကျေးရွာသူ/ရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်