Tuesday, October 01, 2013

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ

Posted by drmyochit Tuesday, October 01, 2013, under | 1 comment

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။

"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"

နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။

ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

RFA Burmese

1 comments:

သတင်းအမှန်ထုတ်ဖေါ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်ခင်ဗျား- သတင်းအမှန်ကို ထုတ်ဖေါ်ပေးတာကို ကျေးဇူးတင်ပါတယ်။ သတင်းမှန်ရုံတင်မဟုတ်ဘဲ ပြည့်စုံတဲ့သတင်း ဖြစ်အောင်လည်း တင်ပေးစေချင်ပါတယ်။ ဗုဒဘာသာတွေ အကြမ်းဖက်မှုသတင်းဆိုတာကိုပဲ တင်ပြနေတော့ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး အေးအေးဆေးဆေးနေတဲ့ မူဆလင်တွေကို ဗုဒဘာသာတွေက အလကားနေ ရန်စပြီး အကြမ်းဖက်နေတယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ သံတွဲမြို့မှာ မူဆလင်က ဘာသာရေးကိုစော်ကားလို့ အကြမ်းဖက်မှုဖြစ်တယ်၊ ဘယ်ရွာမှာတော့ ဘယ်သူကရန်စလိုက်လို့ အကြမ်းဖက်မှုတွေဖြစ်ရပါတယ် ဆိုတာကိုတင်ပေးသင့်ပါတယ်။ ဦးဝင်းနိုင်ရဲ့ ပေးပိုတဲ့သတင်းတွေဟာ အဲဒီလို မဟုတ်ဖြစ်နေပါတယ်။ ဒါမှမဟုတ် ဦးဝင်နိုင်ကိုယ်တိုင်က မူဆလင်ဖြစ်နေသလား။ ဒါဆိုရင်လည်း သတင်းမှန်ဖေါ်ထုတ်ရေး မူလဆင်အဖွဲ့လို့ အတိအကျ တင်ပေးပါ။ ခင်ဗျာတို့လို မပြည့်မစုံတဲ့ သတင်းကိုပေးပို့မှုတွေကြောင့် ကဘာမှာ ဗုဓဘာသာဝင်တွေဟာ အကြမ်းတွေလို့ အထင်ခံနေရပါတယ်။ ဒီမိုကရေစီသို့ တွဲလက်ညီညီ ချီတက်နေတဲ့ အခုလိုအခါမျိုးမှာ အချင်းချင်းအမြင်စောင်းပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေ ပျက်စီးနိုင်ပါတယ်။ အလွန်အရေးကြီးပါတယ်။ ကစားနေတာ မဟုတ်ဘူး၊ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး။ ခင်ဗျားပိုသိမှာပါ။ တကယ်မသိတာလား၊ မသိချင်ရောင် ဆောင်တာလား။ ၀င်းနုင်နှင့် ၀င်းထိန် မူဆလင်ဇာတ်လိုက်တွေလား။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်