Thursday, November 21, 2013

သမ္မတ၏ အမျိုးသမီး ကိုယ်ရံတော်

Posted by drmyochit Thursday, November 21, 2013, under | No comments



ခန်းမကြီး အပြည့် အစီအရီ ထိုင်နေသော လူထု ပရိသတ် အလယ်တွင် မီးခိုးရင့်ရောင် ၀တ်စုံ ဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီး သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ၁၂ ပေခန့် အကွာ တွင် တစ်ဦးတည်း မတ်တတ် ရပ်နေသည်။ သူ့မျက်လုံး များက ပတ်ဝန်းကျင် ကို မျည်ခြည် မပြတ် အကဲခတ် နေသည်။ လက်မောင်း တစ်ဖက်စီ တွင် မြန်မာ နိုင်ငံ အလံနှင့် အထူး တပ်ဖွဲ့၏ အတိုကောက် (STF) တံဆိပ် တို့ တပ်ဆင် ထားပြီး ၄င်းကို စေ့စေ့ စပ်စပ် လေ့လာ ကြည့်လျှင် ခါး နောက်ဘက် တွင် ထိုးထား သည့် ပစ္စတို တစ်လက် ကို တွေ့နိုင် သည်။ ထိုမြင်ကွင်း မှာ သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ အဖွဲ့ဝန်ကြီး အချို့ တက်ရောက် နေသော နိုင်ငံတကာ ဆွေးနွေးပွဲ တစ်ခု တွင်ဖြစ်သည်။

ထိုအမျိုးသမီး ကို အနီးကပ် လေ့လာ ကြည့်လျှင် မြန်မာ နိုင်ငံ၏ အမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သည့် နိုင်ငံတော် သမ္မတ အနီး လက်နက် ကိုင်ဆောင် ထားသည့် အထူး တပ်ဖွဲ့ဝင် မှာ သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦး ဖြစ်နေခြင်း ပင်။ နိုင်ငံတကာ တွင် အမျိုးသမီး ကိုယ်ရံတော် ထားရှိခြင်း မှာ မဆန်း သော်လည်း မြန်မာ အစိုးရ ခေါင်းဆောင် များ အစဉ် အဆက် အမျိုးသမီး များ ကို အနီးကပ် လုံခြုံရေး အဖြစ် ထားခြင်းမှာ ရှားပါး လွန်း ပါသည်။ ထို့ကြောင့် အရပ်သား အစိုးရ သမ္မတ ဦးသိန်းစိန် အနီး အမျိုးသမီး လုံခြုံရေး အရာရှိများ ကို မြင်တွေ့ ရခြင်း ကပင် အသစ် အဆန်း ဖြစ်နေ သည်။

အထူး တပ်ဖွဲ့ဝင် ၂၀၀ ထဲက ဆန်ခါတင် ရွေးချယ် ထားသည့် သမ္မတ လုံခြုံရေး အရာရှိ များ အနက် အမျိုးသမီး လေး ဦး ထဲတွင် တစ်ဦးဖြစ် သည့် ဒုရဲအုပ် ဒေါ်ဇာဇာအောင် မှာ သမ္မတ ဦးသိန်းစိန် ၏ လုံခြုံရေး အရာရှိ အဖြစ် သုံးနှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့ပြီး ဖြစ်သည်။ သမ္မတ ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ် တိုင်း ထို အမျိုးသမီး လေးဦး အလှည့်ကျ လိုက်ပါ ရလေ့ ရှိပြီး အထက်မြက် ဆုံး နှင့် အထူး တပ်ဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် ချီးကျူး ရသည့် အရည် အချင်းများ ကြောင့် ဦးသိန်းစိန် ၏ ခရီးစဉ် တိုင်း လိုလို ဒေါ်ဇာဇာအောင် လိုက်ပါ ရလေ့ ရှိသည်။

ပိန်ပိန် သွယ်သွယ်၊ အသား ခပ်လတ်လတ် နှင့် ဒေါ်ဇာဇာအောင် သည် နိုင်ငံခြား ဇာတ်ကား များထဲမှ ကိုယ်ရံတော် များ လို ကိုယ်လုံး ကိုယ်ထည် ခပ်တောင့်တောင့် မဟုတ် သဖြင့် ရုတ်တရက် ဆိုလျှင် သာမန် အရပ်သူ တစ်ဦး အဖြစ်သာ ထင်မြင် မိမည် ဖြစ်သည်။ သို့သော် ယောက်ျားကြီး လေးငါးယောက် လောက် ကို တစ်ပြိုင် တည်း တိုက်ခိုက် လှဲသတ် နိုင်ပြီး အထိုး အနှက်၊ အသတ် အပုတ် ကျွမ်းကျင် ကာ မီတာ ၃၀ အတွင်း က ပစ်မှတ် ကို သေနတ်ဖြင့် နောက်ပြန် ထိမှန်အောင် ပစ်နိုင် သည့် ဒေါ်ဇာဇာအောင် ၏ အရည် အချင်း ကို အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဝင် အချင်းချင်း ကပင် လေးစား သမှု ရှိကြသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည် မြို့မှ ဆိုင်ကယ် ဖြင့် နာရီဝက် ခန့် ထပ်မံ သွားရောက် ရသည့် အိမ်ခြေ နည်းပါး လွန်းလှ သော နား ပတ်ကြီး ကျေးရွာ သူ တစ်ဦး ဖြစ် သည့် ဒေါ်ဇာဇာအောင် မှာ တောင်သူ လုပ်ငန်း လုပ်ကိုင် နေသော မိဘ များ က ဆင်းသက် လာသော် လည်း ငယ်စဉ် ကတည်းက နုနုရွရွ နှင့် မိန်းမဆန် သည့် အလုပ်ကို စိတ်မ၀င်စား။ စွန့်စွန့် စားစား နှင့် ရဲအလုပ် ကိုမှ ၀ါသနာ ပါသည်။ မိဘ များက မပြည့်စုံ သော်လည်း သူတို့ မောင်နှမ ခုနစ်ယောက် လုံး ကို ပညာ ကြိုးစား သင်ယူ စေသည်။ ၂၀၀၃ ခုနှစ်တွင် မုံရွာ တက္ကသိုလ်မှ သမိုင်း အဓိက ဖြင့် ဘွဲ့ရချိန် နှစ် အတန်ကြာ ရပ်နား ထားခဲ့သည့် အမျိုးသမီး ရဲတပ်သား များ ပြန်လည် ခေါ်ယူ သည့် အခါ ၀င်လျှောက် ဖြစ်သည်။

ဝါသနာနှင့် အလုပ် တစ်ထပ်တည်း ကျသည့် အတွက် သင်တန်း တိုင်း တွင် ထူးချွန်စွာ အောင်မြင် သည်။ တပ်ဖွဲ့ဝင် တိုင်း ရဖို့ခက် သည့် အကောင်းဆုံး သင်တန်းသား နှင့် အကောင်းဆုံး သေနတ်ပစ် ဆု နှစ်ခု လုံးကို ၄င်း တစ်ဦး တည်း က ရရှိ ခဲ့ပြီး အကောင်း ဆုံး သေနတ် သမားဆု တို့ကို ရရှိ သည်။ မီတာ သုံးရာ ( ပေတစ်ထောင် ပတ် လည် အတွင်း ) ရွေ့လျား နေသော ပစ်မှတ် ကိုပင် ထိမှန်အောင် ပစ်ချ နိုင်ပြီး ပေ နှစ်ဆယ်၊ အစိတ် အတွင်း ပစ်မှတ် ကတော့ လုံးဝ ပြေးမလွတ် ဟု ဒေါ်ဇာဇာအောင် တို့၏ တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်သူ ဗိုလ်မှူး ကြီး အောင်ထွန်းလွင် က ချီးမွမ်း ပြောဆို သည်။

ရဲတပ်သား မှ အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ဝင် ဖြစ်လာချိန် ၂၀၀၉ ခုနှစ် တွင် ၄င်း အပါအ၀င် တပ်ကြပ် အမျိုးသမီး ၁၈ ဦးကို အရာရှိကြီး အချို့က လူတွေ့ မေးမြန်း မှုပြုလုပ် သည်။ အသက် ပေး၍ တာဝန် ထမ်းဆောင်နိုင် ပါသလား ဟု မေးလာ ချိန် တွင် လက်တွေ့ ကျပြီး ရိုးရှင်း လွန်းသော ၎င်း၏ စကား တစ်ခွန်း ကြောင့် သမ္မတ ၏ လုံခြုံရေး အရာရှိ ဖြစ်လာ စေခဲ့သည် ဟု ၄င်းက ယုံကြည် သည်။ “မသေသင့် တဲ့ နေရာတော့ ဘယ်သူ ကမှ သေချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တာဝန် ပေး လာရင်တော့ သေဖို့ အဆင်သင့် ပဲ” ဟု ဒေါ်ဇာဇာအောင် က ပြောခဲ့ သည်။

ပည်တော် တွင် ပထမ အကြိမ် လွှတ်တော် အစည်းအဝေး များ အပြီး ၂၀၁၀ ဧပြီ တွင် သမ္မတ အိမ်တော် တွင် စတင် တာဝန် ထမ်းဆောင် ရန် အမိန့်ကို မျှော်လင့် မထားဘဲ လက်ခံ ရရှိ ခဲ့သည်။ ဒုရဲအုပ် အဆင့်ဖြင့် အိမ်တော် သို့ စတင် ရောက်ရှိ ချိန်က စိုးရိမ်စိတ် များ ရှိခဲ့ကြောင်း ဒေါ်ဇာဇာအောင် က ၀န်ခံသည်။ “နည်းနည်း တော့ စိုးရိမ် စိတ် ဖြစ်မိတယ်။ အတွေ့ အကြုံ ကလည်း မရှိတော့ စိတ်လှုပ်ရှား တယ်။ ကိုယ် ကာကွယ် ရမယ့် လူက မြန်မာ နိုင်ငံ မှာ အကြီးဆုံး ဆိုတော့ လေ”

နျ

ရဲ တပ်သား ဘ၀က လူဆိုး ဖမ်းသည့် အတွေ့ အကြုံများ ကလည်း ဒေါ်ဇာဇာအောင် အတွက် လုံခြုံရေး အရာရှိ ဖြစ်လာစေ သည့် အထောက် အပံ့ ကောင်းများ ဖြစ်လာ ခဲ့သည်။

“သာကေတ က ဘောလုံး ပွဲ ဒိုင်ကြီးကို ပထမဆုံး စဖမ်း တာ။ ၀င်း ထဲမှာ ယောက်ျားတွေ ချည်းပဲ ၁၀၀ ကျော်လောက် ရှိတယ်။ အဲဒီ အချိန် ဒိုင်က မီးဖြတ် လိုက်ရော။ ဘယ်သူ မှ မမြင်ရဘူး။ မည်းမည်း မြင်ရာ အသား ကုန် ချပဲ။ ကျွန်မ က လည်ပင်း တက်နင်းပြီး ဖမ်းထား တာ။ မီးပြန် လာလို့ ကိုယ့်ကို မိန်းကလေး မှန်းလည်း သိရော ဟာ မိန်းမတွေ ဆို ပြန်လုပ်တာ ပေါ့တဲ့၊ ပြောကုန် ရော။ ကိုယ်က ပြန်ပြောရ မလား ဆိုပြီး နားပန်တွေ ကျင်းပစ် လိုက်တာ” ဟု ပြောသည်။

အိမ်တော် သို့ ရောက်ပြီး နောက် ပထမဆုံး ကိုယ်ရံတော် အတွေ့အကြုံ အဖြစ် သမ္မတ ၏ အိန္ဒိယ နိုင်ငံ ခရီးစဉ် တွင် အသက် အန္တရာယ် ထိခိုက် လောက်သော ဖြစ်ရပ် မဟုတ် သော်လည်း လုံခြုံရေး စည်း အတွင်း ၀င်ရောက် လာသော သတင်း ထောက် တစ်ဦး အကြောင်း နှင့် အဖြစ်အပျက် ကို မှတ်မှတ်ရရ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

“ဘကြီးက ကားပေါ် အတက် ကျွန်မက ကားနား မှာ အသင့် နေရာ ယူထား တုန်း မိုက်ကိုင် ထားတဲ့ သတင်းထောက် တစ် ယောက် က အတင်း ပြေးဝင် လာပြီး ဘကြီး ကို မေးတော့ တာ။ တော်တော် လေး ရုန်းရင်း ဆန်ခတ် ဖြစ်သွားပြီး သတင်းထောက် ကို တွန်း ထုတ် ရတာ တွေ၊ ဘာတွေ လုပ်ခဲ့ဖူး တယ်။ ကျန်တာ ကြီးကြီး မားမား အသက် အန္တရာယ် ဘေး နီးကပ် တာမျိုး မရှိ ခဲ့ဖူးဘူး” ဟု ဆိုသည်။

်မာနိုင်ငံ ၏ အနေအထား အရ သမ္မတ ဖြစ်သူ သည် အနီးကပ် အန္တရာယ်ပြု မည့် သူများ ပေါ်ပေါက် နိုင်ခြေ နည်းသော် လည်း မိမိအပေါ် ယုံကြည် ခန့်အပ်ခြင်း ခံထား ရ၍ စက္ကန့် မလပ် သတိထား ပြီး ၎င်းက မပေါ့ဆ ရဲပေ။ “မသင်္ကာ စရာ ဆိုလည်း ကိုယ်က ချက်ချင်း သိနေ သလိုပဲ။ လုံခြုံရေး လိုက်တာနဲ့ တောင်ကြည့် မြောက်ကြည့် တစ်ချိန် လုံး ကြည့်နေတာ။ ကိုယ်တိုင် ကြုံမှပဲ သိမှာ။ ခုချိန်မှာ ပြောရင် အပြောပဲ ဖြစ်မှာ။ ဖြစ်လာ တာနဲ့ ကိုယ် ဘယ်လို တုံ့ ပြန် မလဲ၊ အဆင်သင့် ပြင်ထားပြီး သားပဲ” ဟု ၎င်းက ယုံကြည်မှု အပြည့် ဖြင့် ပြောသည်။

န်

ယခင် အစိုးရ လက်ထက် တွင် အကြီးအကဲ များ အိမ်တွင် တာဝန် ထမ်းဆောင် ရသော တပ်ဖွဲ့ဝင် များ မှာ အလုပ် နှင့် မဆိုင် သည့် ကိုယ်ရေး ကိုယ်တာ အလုပ်များ ကို သိမ်းကျုံး လုပ်ကိုင် ပေးရလေ့ ရှိသော်လည်း သမ္မတ ဦးသိန်းစိန် နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် တာဝန်မှ လွဲ၍ ကိုယ်ရေး ကိုယ်တာ ကိစ္စများ လုံးဝ ခိုင်းစေခြင်း မရှိပေ။ အိမ်တော် ၀န်ထမ်းများ ကို မိဘ နှင့် သား သမီး သဖွယ် နွေးထွေး စွာ ဆက်ဆံ ခံရခြင်း ကြောင့် မည်မျှ အလုပ်လုပ် ရသည် ဖြစ်စေ ပင်ပန်း သည်ဟု မခံစား ရ ဟု ဒေါ် ဇာဇာအောင် က ပြောသည်။

လုံခြုံရေး အရ ဘယ်တော့မှ ကြိုတင် သိရလေ့ မရှိသည့် သမ္မတ လမ်းကြောင်း များ အတွက် ခေါ်သည့် အချိန် ချက်ချင်း ထလိုက် သွားရန် အမြဲ ပြင်ဆင် ထားလေ့ ရှိပြီး မိခင် တပ်ဖွဲ့ တွင် လည်း နည်းပြ အဖြစ် ပြန်လည် လုပ်ကိုင် နေခြင်း ကြောင့် ကိုယ် ပိုင် အားလပ် ချိန် ရှားပါး လွန်းပါ သည်။ သို့သော် မိသားစု အတွက် တစ်ဖက် တစ်လမ်း က ပြန်လည် ထောက်ပံ့ နိုင်သည့် ၎င်း၏ တစ်လစာ တစ်သိန်း တစ်သောင်း ရှစ်ထောင် ကျပ် အတွက် အလွန် ကျေနပ် နေဟန် ရှိနေ ပါသည်။ “သမ္မတကြီး က ကျွန်မ တို့ကို မုန့်ဖိုး အဖြစ် သုံးသောင်း ပေးတယ်။ အဲဒါကို သုံးပြီး လစာ ကို အိမ်ကို အမြဲ လွှဲပေး တယ်။ မောင်လေး တွေ ကျောင်းစရိတ် ရှိတယ်လေ။ ကျွန်မ က သိပ် မသုံးတော့ မကုန်ဘူး။ ဘယ်မှ လည်း မသွား ရတော့ အ၀တ် အစား လည်း မ၀ယ်ဖြစ်ဘူး” ဟု နားရွက် အောက်နား အတိ ညှပ်ထားသော ဆံပင် ကို သပ်တင်ရင်း ရယ်ရယ် မောမောဖြင့် ပြောသည်။

လုပ်ငန်း သဘော အရ ဒေါင်းတင် မောင်းတင် နေထိုင် ရသော်လည်း အရွယ် ရောက်သူ တစ်ဦး ပီပီ ခံစားတတ် တဲ့ နှလုံး သား ၎င်းတွင် ရှိပါသည်။ အချစ်ရေး အကြောင်း စကားစ သည့် အခါ စကားဝိုင်း တစ်လျှောက် လုံး တက်ကြွ ရဲရင့်နေ သည့် မျက်နှာ ထားက မဆို သလောက် ပျော့ပျောင်း သွားပါ သည်။ စကားသံ ခေတ္တ တိတ်သွားပြီး နောက် အသေးစိတ် ဖြေကြားရန် ငြင်းဆို ခဲ့ပြီး “ကံပါ သလောက် ပေါ့။ ကြိုတော့ မတွေး ထားပါဘူး” ဟု ဆိုလေ သည်။

လုံခြုံရေး အရာရှိ အပြင် နေ့စဉ် မနက် ၅ နာရီ မှ ည ၈ နာရီခွဲ အထိ ပြင်းထန်သော လေ့ကျင့်ခန်း များဖြင့် သင်ကြား လေ့ ကျင့် ပေး ရသူ အကြမ်းဖက် နှိမ်နင်းရေး သင်တန်း နည်းပြ အဖြစ် ရပ်တည် နေပြီး ၀န်ထမ်း ဖြစ်သည့် အတွက် ပျော်ရာမှာ မနေရ တော်ရာမှာ နေရမည် ဆိုသည့်မူ ကိုလည်း ၎င်းက လက်ကိုင် ထားသည်။ အမျိုးသား နှင့် အမျိုးသမီး တန်းတူ အခွင့်အရေး ရမှု မညီမမျှ ဖြစ်နေဆဲ မြန်မာ နိုင်ငံတွင် ၎င်း သင်ကြား လေ့ကျင့်ပေး လိုက် သည့် အမျိုးသား တပ်ဖွဲ့ဝင်အချို့ သည်ပင် ယခုအခါ ၄င်း ထက် ရာထူး အဆင့် မြင့်မား သွားပြီ ဖြစ်သည်။ သို့သော် ဒေါ်ဇာဇာအောင် ကိုမူ လေးစားမှု ဖြင့် နေရာ ပေး ဆက်ဆံမြဲ ဖြစ်သည်။ သို့သော် ရာထူး ဌာနန္တရများ ကို ၎င်း မမက်မော ပါ။ ၎င်းရှေ့က စီနီယာ ရဲဘော် အစ်မများ မှာ လည်း ဒေသ အသီးသီးတွင် တာဝန် ကိုယ်စီဖြင့် ထမ်းဆောင် နေကြပြီး ၎င်း ကတော့ အထူး တပ်ဖွဲ့ဝင် အဖြစ် ကိုသာ ကျေနပ် နှစ်သက် ပါသည်။

သမ္မတ၏ လုံခြုံရေး အရာရှိ အဖြစ် မည်သည့် အချိန်ထိ ဆက်လက် လုပ်ကိုင် သွားမည် ကိုမူ ၎င်းက ရိုးရိုး သားသား ပင် ဖြေကြား ပါသည်။ “သမ္မတကြီး ခန့်သလောက် ပေါ့။ အနာဂတ် မှာ ကိုယ် ကတော့ ဘာမဆို တာဝန် ကျေအောင် လုပ်သွား မယ်”

သူစံ

အး
7day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်