သတိလစ်နေသည့် ဇနီးသည်ကို ကားနောက်ခန်းတွင်ထားပြီး ဆေးရုံသို့ပို့ဆောင်စဉ် ကားနောက်ခန်းတံခါး ရုတ်တရက်ပွင့်၍ ပြုတ်ကျကာ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယခုလ ၂ ရက် နံနက်အစောပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ယခုလ ၁ ရက်က မြစ်ကြီးနားမြို့တွင် တာဝန်ကျသည့် အသက်(၃၉)နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ရန်ကုန်မြို့နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတို့သည် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အဖြူရောင်ပါရာဒိုကားဖြင့် လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅)ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုရန် အခန်းစီစဉ်ပြီးနောက် ပါရာဒိုကားကို ကားပါကင်တွင်ထားခဲ့ကာ အငှားကားဖြင့် ဘုရားသို့သွားပြီး ည ၇ နာရီတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ည ၈ နာရီခွဲတွင် king and queen စားသောက်ဆိုင်သို့ အဖြူရောင်ပါရာဒိုဖြင့်သွားကာ ည ၁၀ နာရီခွဲ တွင် ဟိုတယ်သို့ ပြန်ရောက်လာသော်လည်း ဇနီးမောင်နံနှစ်ဦးစလုံးမှာ ၎င်းတို့တည်းခိုမည့်အခန်းသို့ပင် မပြန်နိုင်အောင် အမူးလွန်နေသောကြောင့် ယာဉ်ပေါ်တွင်သာ အိပ်စက်ခဲ့သည်။
နောက်တစ်နေ့ နံနက် ၄နာရီခွဲခန့်တွင် အမျိုးသားက ဇနီးသည်ကိုနှိုးရာ နိုးထလာခြင်းမရှိသည့်အတွက် ဟိုတယ်လုံခြုံရေးတာဝန်ရှိသူ အမျိုးသားကို ဆေးရုံနေရာမေးမြန်းပြီး ဆေးရုံသို့ပို့ဆောင်ရန် မန္တလေး- လားရှိုး လမ်းမအတိုင်း မောင်းနှင်ခဲ့ရာတွင် ကားနောက်ခန်းယာဘက်ခြမ်းတံခါးပွင့်ပြီး ဇနီးသည် ပြုတ်ကျသွားသည်။ အဆိုပါအမျိုးသမီးသည် လမ်းပေါ်သို့ ပြုတ်ကျသည့်ဖြစ်စဉ်ကြောင့် ဦးခေါင်း၌ဒဏ်ရာရကာ ဆေးရုံမရောက်မီ လမ်းတွင်ပင် သေဆုံးသွားကြောင်း သေဆုံးသူခင်ပွန်းသည်အမျိုးသားက ပြင်ဦးလွင်မြို့မရဲစခန်းမှ တာဝန်ရှိသူများရှေ့တွင် ထွက်ဆိုခဲ့သည်။
ယခုဖြစ်စဉ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးခဲ့၍ တပ်ကြပ်ကြီးအဆင့်ရှိသူ အမျိုးသားကို ပြစ်မှုပုဒ်မ ၃၀၄ ကဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းမှ အမှုဖွင့်ထားသော်လည်း တရားခံဖြစ်သူမှာ တပ်မတော်သားတစ်ဦးဖြစ်နေသည့်အတွက် စစ်တပ်တရားရုံးသို့ လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
Thursday, December 05, 2013
သတိလစ်နေသည့်ဇနီးသည်ကို ဆေးရုံသို့ပို့ဆောင်စဉ် ကားပေါ်မှ ပြုတ်ကျသေဆုံး
Posted by drmyochit
Thursday, December 05, 2013, under မှုခင်း | No comments
Time in Rangoon


0 comments:
Post a Comment