Thursday, December 05, 2013

ဝိုင်အမ်စီအေတွင် ဝါရင့် အလေးမသမားတစ်ဦး ဝိတ်ပြားပိ သေဆုံး

Posted by drmyochit Thursday, December 05, 2013, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၎

ဗိုလ်တထောင်မြို့နယ် (၉) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ခရစ်ယာန် ကလျာဏယုဝအသင်း (YMCA) တွင် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကာယ ခန်းမဆောင်အတွင်း အလေးမ ကစားနေသူ အသက် ၆၈ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ဝိတ်ပြားပိကာ သေဆုံးခဲ့ကြောင်း အဆိုပါ ခန်းမဆောင်ရှိ အားကစားရေးရာ စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် ဗျိုင်းရေအိုးစင် ကွက်သစ် ရပ်ကွက်တွင် နေသူ ဦးအောင်ကြီးသည် ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ကာယ ခန်းမဆောင်အတွင်း တစ်ဖက်ဝိတ်ပြား လေးချပ်စီ ပါရှိသော ပေါင် ၃၀၀ ကျော် ဝိတ်တန်းကို ထိုင်ထ အလေးမ ကစားနေစဉ် လဲကျရာမှ ဝိတ်တန်းတင်သည့် သံတိုင်နှင့် ထိုင်ခုံကြားတွင် ဝိတ်ပြားပါ သံတိုင်မှ ဦးခေါင်းနှင့် ဇက်ပိုးပေါ် ပိလျက် သေဆုံးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူက ပုံမှန် ၉ နာရီလောက်ဆို ပြန်နေကျ၊ အဲဒီနေ့က ၁ နာရီ ၃၀ မိနစ်လောက်မှာ ကာယခန်းမဆောင် တံခါးပွင့်နေလို့ တာဝန်ကျ လုံခြုံရေးက ဝင်ကြည့်တော့မှ သူသေဆုံးနေမှန်း သိရတာ။ ဘယ်အချိန်တည်းက ဆုံးနေလည်းတော့ မသိဘူး။ မျက်နှာမှာ အညိုအမည်းတွေတောင် ပေါ်နေပြီ” ဟု အဆိုပါ ခန်းမရှိ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

သေဆုံးသူသည် YMCA ခန်းမရှိ ကာယဆောင်တွင် အလေးမ ကစားနည်းကို လာရောက် ကစားသည်မှာ နှစ် ၂၀ ကျော် ရှိပြီး သူငယ်ချင်းများနှင့် နှစ်ရက်ခြား တစ်ခါ လာရောက် ကစားလေ့ ရှိကြောင်း၊ ယင်းနေ့က ၎င်းတစ်ဦးတည်း လာရောက် ကစားခဲ့ခြင်း ဖြစ်ကြောင်း၊ သွေးတိုးရောဂါ ရှိပြီး အသက် ၇၀ နှစ်နီးပါး ရှိပြီး ဖြစ်သောကြောင့် ဆရာဝန်က အလေးမကစားရန် မှာကြားထားကြောင်း ၎င်း၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရှိရသည်။
“သူက ဝိတ်ကစားတာကို အရမ်းခရေစီ ဖြစ်တာ။ အရက်သမားက အရက်နဲ့သေတာ ရှက်စရာ ကောင်းတယ်။ ဝိတ်သမားက ဝိတ်မရင်း သေရတာ ဂုဏ်ယူစရာ ကောင်းတယ်လို့ သူအမြဲ ပြောပြောနေတာ” ဟု ကာယ ခန်းမဆောင်ရှိ အားကစားရေးရာ စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝိတ်တန်းတင် သံတိုင်နှင့် ထိုင်ခုံကြားတွင် ဝိတ်ပြားပါ သံတိုင်နှင့် ပိခဲ့သောကြောင့် ညာဘက် မျက်နှာတွင် ညိုမည်းဖူးရောင် ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ပေါက်ပြဲဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ ကြောင်း၊ အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးက ပီအာရ် ၀၄၁ ဖြင့် လက်ခံထားခဲ့ပြီး ဗိုလ်တထောင် မြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၁/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်