Thursday, December 05, 2013

အင်ဒိုရှိ မြန်မာသံရုံး ဗုံးခွဲရန်ကြံစည်သူက တရားရုံးတွင် ဖြောင့်ချက်ပေးဝန်ခံ

Posted by drmyochit Thursday, December 05, 2013, under | No comments

ကြာသပတေးနေ့က တရားခွင်တွင် အဆိုပါ လုပ်ရပ်ကို မိမိစီမံခဲ့ကြောင်း သံသယ တရားခံက ဖြောင့်ချက်ပေးဝန်ခံခဲ့ပြီး မွတ်ဆလင်တို့ကို ဆန့်ကျင်သူ အားလုံးအပေါ် ဆက်လက်၍ စစ်ကြေညာနေမည်ဟုလည်း ပြောကြား


အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်ခဲ့သည့် အစီအစဉ်အား နောက်ကွယ်မှ ကြိုးကိုင်သူက အပြစ်ရှိကြောင်း ဖြောင့်ချက်ပေး ဝန်ခံလိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့က တရားခွင်တွင် အဆိုပါ လုပ်ရပ်ကို မိမိစီမံခဲ့ကြောင်း သံသယ တရားခံက ဖြောင့်ချက်ပေးဝန်ခံခဲ့ပြီး မွတ်ဆလင်တို့ကို ဆန့်ကျင်သူ အားလုံးအပေါ် ဆက်လက်၍ စစ်ကြေညာနေမည်ဟုလည်း ပြောကြားသွားသည်။ အသက်(၂၃)နှစ်ရှိ ဆီဂျစ်အင်ဒရာဂျစ်သည် အစ္စလာမ်မစ်အစွန်းရောက် အချို့ကို Facebook မှတစ်ဆင့် ဆက်သွယ်စုစည်းကာ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပြဿနာများက အင်ဒိုအထိ ပျံ့နှံ့ ရိုက်ခတ်လာပြီးနောက် မေလတွင် ဆီဂျစ်တို့အဖွဲ့က မြန်မာသံရုံးကို ဗုံးခွဲခြင်းဖြင့် လက်တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု သိရသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွင် ရိုဟင်ဂျာ မွတ်ဆလင်များ အနေဖြင့် ဖိနှိပ်ခံနေရသည်ဟု ယုံကြည်သည့်အတွက် ယခုလို ကြံစည်ခြင်းဟု ဆီဂျစ်က ဂျကာတာ တောင်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုခဲ့သည်။ "ဒီကိစ္စကို ကျွန်တော် အစပြုခဲ့တာပါ"ဟု ၎င်းက ဝန်ခံခဲ့သည်။ တရားသူကြီးက ၎င်း၏ လုပ်ရပ်အပေါ် နောင်တရမရ မေးမြန်းရာ ဆီဂျစ်က အသံကိုမြှင့်ပြီး "လုံးဝပါပဲ။ ဒါဟာ မြန်မာအပြင် မွတ်ဆလင်တွေကို သူတို့စိတ်တိုင်းကျ ဖိနှိပ်ဆက်ဆံနေသူ အားလုံးကို သတိပေးလိုက်တာပါ"ဟု ဖြေကြားခဲ့သည်။

၎င်းက "မွတ်ဆလင်တွေကို နှိပ်ကွပ်နေမှုတွေ ရှိနေသ၍ ကျွန်တော် တိုက်ပွဲဝင်နေမှာပဲ"ဟုလည်း ပြောကြားခဲ့သည်။ ဆီဂျစ်သည် အင်ဒို၏ တင်းကျပ်သော အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအရ စွဲချက်(၃)ခုနှင့် ရင်ဆိုင်နေရသည်။ ယင်းတို့အနက် လက်နက်နှင့် ဖောက်ခွဲရေး ပစ္စည်းများ လက်ဝယ်ထားရှိမှု စွဲချက်သည်လည်း အကျုံးဝင်နေပြီး အမြင့်ဆုံး ချမှတ်နိုင်သည့် ပြစ်ဒဏ်မှာ သေဒဏ်ဟု သိရှိရသည်။ ဆီဂျစ်က Facebookပေါ်တွင် မြန်မာနိုင်ငံမှ လူမျိုးရေး ပဋိပက္ခများအကြောင်း ဖတ်ရှုမိသည့်နောက် ဒေသတွင်းရှိ မွတ်ဆလင်တို့ကို စည်းရုံးကာ သံရုံးကို တိုက်ခိုက်ရန် အကြံရလာကြောင်း ပြောကြားခဲ့သည်။ ယင်းသည် မြန်မာနိုင်ငံမှ အခြေအနေများကို ဆန့်ကျင်ဆန္ဒပြမှု အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆကြောင်းလည်း ဆိုသည်။

၎င်းသည် ဆီပာရီယာနိုအမည်ရှိ ကြံဖော်ကြံဖက်တစ်ဦးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ဆီပါရီယာနိုသည်လည်း ဆီဂျစ်နှင့် အလားတူပင် စွဲချက်တင်ခံထားရသည်။ "ကျွန်တော်သူ့ကို ပြောခဲ့တယ်။ သံရုံးကို ဗုံးခွဲရအောင်လို့လေ။ သူကလည်း သဘောတူခဲ့တယ်"ဟု ဆီဂျစ်က ထွက်ဆိုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အစ္စလာမ်မစ် အင်ဒိုနီးရှားနိုင်ငံတော်ဟု အမည်တပ်ထားသည့် ကွန်ရက်တစ်ခုကလည်း ဆက်နွယ်ပါဝင်ခဲ့ကြောင်း သိရသည်။ မေလ(၂)ရက်နေ့တွင် တိုက်ခိုက်မည့် အစီအစဉ် မတိုင်မီတွင် အင်ဒိုရဲများက ပိုက်ဆက်ဗုံးများ သယ်ဆောင်လာသည့် မော်တော်ဆိုင်ကယ်စီးသူနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီဂျစ်သည် Facebookပေါ်တွင် အခြားသော ကြံဖော်ကြံဖက်များနှင့် ဆက်သွယ်ခဲ့သလို ရိုဟင်ဂျာတို့အတွက် လက်စားချေရန် နှိုးဆော်မှုများကိုလည်း ရေးသား လွှင့်တင်ခဲ့ကြောင်း အစိုးရ ရှေ့နေများက ဆိုသည်။ အင်ဒိုနီးရှားသည် အကြမ်းဖက် တိုက်ခိုက်မှုများ၏ ဒဏ်ကို ယခင်ကတည်းက ခံစားခဲ့ရဖူးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ဘာသာရေး အစွန်းရောက် ကွန်ရက်အချို့ကို ဖိနှိပ်ဖြိုခွဲလာနိုင်ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်