Tuesday, January 06, 2015

အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား

Posted by drmyochit Tuesday, January 06, 2015, under | No comments


အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ စုံတွဲတွေနဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသားတစ်ဦးကို လူတစ်စုက သတိထားမိခဲ့ပြီး ရဲကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေမှာ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးခိုးရောင် ဆံပင်ရှိပြီး တက်တူးတွေရှိတဲ့ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်လည်း အ၀တ်ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံးတစ်ပုံးကို ကိုင်ဆောင်ထားပါတယ်။

ထိုရေခဲပုံးထဲမှာတော့ ကင်မရာတစ်လုံးကို လျှို့ဝှက်စွာ ထည့်ထားပြီး စုံတွဲတွေနဲ့ အမျိုးသမီးတွေကို ဗီဒီယို ခိုးရိုက်နေခဲ့ရာ ဒါကို ဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ သူငယ်ချင်းတွေကို သတင်းပေးခဲ့တာဖြစ်ပါတယ်။

ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေဟာ ၁၉၇၅ ခုနှစ်ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ်ဗလာနဲ့ အပန်းဖြေရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ref:mirror.co.uk
Trend Myanmar

နာမည်ကြီး Cadbury ချောကလက်ထဲ၌ ပိုးဖလံ တွေ့ရှိ

Posted by drmyochit Tuesday, January 06, 2015, under | No comments


(လန်ဒန်၊ ဒီဇင်ဘာ ၂၉)
 
 အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ယောက်ခ်ရှိုင်းယားနေ ခရေ့(ခ်ျ) ဘရောင်း ဆိုသူသည် စတိုးဆိုင်မှ Cadbury ချောကလက်နှစ်တောင့် ဝယ်ယူခဲ့ရာ ချောကလက်ထဲ၌ ပိုး ဖလံအသေကောင် ပါဝင်လာသည် ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။
 
 အသက် ၂၁ နှစ်အရွယ် ဘ ရောင်းသည် ၄င်းချစ်သူ၏ကလေး နှစ်ယောက်အတွက် ချောကလက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Cadbury ကုမ္ပဏီသို့ ဆက်သွယ်အကြောင်း မကြာခင် ဓာတ်ပုံရိုက်ယူထားခဲ့ သည်။
”ကျွန်တော် ဒီချောကလက် ကို စတိုးဆိုင်က ဝယ်လာတာပါ။ ကံကောင်းစွာပဲ ကလေးတွေကို မကျွေးခင် ကျွန်တော် ဖောက်လိုက် တော့ အထဲမှာ ပိုးဖလံ အသေ ကောင် ပါနေတာကို တွေ့ရတယ်။ အစက ချောကလက် ထဲက အဆာ ထင်နေ တာ။ သေချာကြည့် မှ ပိုးဖလံကောင်ဖြစ် နေတယ်”ဟု ၄င်းက ဆိုသည်။
 
ယင်းကိစ္စနှင့်ပတ်သက် ၍ Cadbury ကုမ္ပဏီမှ တာဝန်ရှိသူ က ”မစ္စတာဘရောင်း တော်တော် စိတ်ပျက် သွားမှာပဲ။ ဒီအထုပ်ကို ကျွန်တော် တို့ဆီ ပြန်ပို့ပေး လို့ ရပါ တယ်။ ဒါမှ ဘာ့ ကြောင့်ဖြစ်ရတယ် ဆိုတာ စုံစမ်းနိုင်မှာပါဟု ပြောကြား ခဲ့သည်။
 
TW
Ref: mirror.co.uk
Popular Myanmar

ရုရှားစစ်တပ်တွင် အမှုထမ်းရန် နိုင်ငံခြားသားများကို ငှားရမ်းသွားမည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


စစ်သားများအဖြစ် ရုရှားစစ်တပ်တွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရန် ရုရှားစကားပြော တတ် သည့် နိုင်ငံခြားသားများအား ငှားရမ်းခေါ်ယူနိုင်သည့် အမိန့်ဒီကရီတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက် သည်။ နိုင်ငံခြားသား စစ်သားသစ်များမှာ ဆိုဗီယက် အုပ်စုဝင်ဟောင်း ဗဟိုအာရှသမ္မတနိုင်ငံများမှ ဖြစ်မည်ဟု မျှော်လင့်ရသည်။
ရုရှား အပါအဝင် နိုင်ငံခြားတပ်ဖွဲ့ များသည် ယူကရိန်းတွင် တိုက်ပွဲဝင်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
ရုရှားနိုင်ငံက အရှေ့ ယူကရိန်းဒေသ ခွဲထွက်ရေးသူပုန်များ သို့ လက်နက်ကြီး များနှင့် ကောင်းစွာ လေ့ကျင့် ထားသည့် တပ်ဖွဲ့ဝင် များ ပေးပို့နေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စုတို့ က စွပ်စွဲထားသည်။
ပူတင်၏ ယခုအမိန့် ထုတ်ပြန်ချက်သည် ရုရှားစစ်တပ် စွမ်းရည်မြှင့်တင်ရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သော်လည်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းများနှင့် ရုရှားတို့ ၏ ဆက်ဆံရေးမှာ သံတမန်အရှုပ်အထွေးများ ရှိနေကြောင်း ဘီဘီစီ စစ်ရေးလေ့လာသူ ဂျွန်နသန်မားကတ်စ်က ပြောသည်။
ယင်းအမိန့် ထုတ်လိုက်ခြင်းဖြင့် ရုရှားနယ်စပ်များတွင် တပ်ဖြန့် ချထားသည့် တပ်မများအတွက် တပ်သား သစ်စုဆောင်းရေးကို တရားဝင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်ရေးပညာရှင်ပါဗေးနှင့် အလက်ဇန္ဒြားဂေါ့ဖ်တို့ နှစ်ဦးစလုံးက ဘီဘီစီသို့ ပြောသည်။
"အရင်က စစ်မှုထမ်းချင်ကြတယ်ဆိုရင် ရုရှားနိုင်ငံသားဖြစ်ရမယ်။ ဒါမှမဟုတ် နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေရှိမှ စစ်မှုထမ်းခွင့် ရမယ်။ အခုအမိန့် အရတော့ နိုင်ငံသားမဖြစ်လည်း စစ်တပ်တွင်းမှာ တရားဝင် စစ်မှုထမ်းခွင့်ရပါပြီ။"ဟု ပါဗေးကပြောခဲ့သည်။
စီးပွားရေးကျပ်တည်းနေသည့် ယခုကာလအချိန်အတွင်း နိုင်ငံခြားသား စစ်သားများအနေဖြင့် ရုရှား တပ်မတော် အတွင်း ဝင်ရောက် စစ်မှုထမ်းပါက လစာ ရူပီး ၃၀၀၀၀(အမေရိကန်ဒေါ်လာ ၅၀၀) ရရှိမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်လည်း မျှော်လင့်၍ ရကြောင်း အလက်ဇန္ဒြားဂေါ့ဗ်က ဖြည့်စွက်ပြောခဲ့သည်။
Ref: BBC
Mizzima

Sony က ၁၂ ဒသမ ၉ လက်မ အရွယ်အစားရှိ Tablet ထုတ်မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


၂၀၁၅ နှစ်ဆန်းပိုင်းတွင် Sony က ၁၂ ဒသမ ၉ လက်မ မျက်နှာပြင်အရွယ်အစားရှိ Xperia Ultra တက်ဘလတ်များ ထုတ်လုပ်ရောင်းချမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ Sony က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ရောင်းချမည်ဟု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အခက်အခဲများကြောင့် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်တွင် Sony က Tablet Ultra ကို ရောင်းချမည်ဟု သတင်းများထွက်ပေါ်လာပြီး ယင်း Tablet သည် ယခင်ထုတ်လုပ်ခဲ့သည့် အမျိုးအစားများထက် ပိုမိုပါးလွှာပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည်ဟု နည်းပညာသတင်းများ ဖော်ပြနေသည့် T3 သတင်းဌာနက ဆိုသည်။
Sony Xperia Ultra Tablet ကို ၂၀၁၅ ခုနှစ် အစောပိုင်းကာလများတွင် ထုတ်လုပ်ရောင်းချနိုင်ဖွယ်ရှိပြီး အရွယ်အစားကြီးမားသည့် အလျှောက် တန်ဖိုးကြီးမားနိုင်သည်ဟု T3 က ခန့်မှန်းဖော်ပြထားသည်။
မျက်နှာပြင် ပုံရိပ်အရည်အသွေး 3840x2400 pixels ရှိမည်ဖြစ်ပြီး ကြီးမားသည့် မျက်နှာပြင်ပေါ်တွင် အံဝင်အောင် ဖန်တီးထားသည်ဟု T3 က ဆိုသည်။
ကင်မရာအရည်အသွေး 8MP ရှိမည်ဖြစ်ပြီး 64 bit Qualcomm Chipset ကို ထည့်သွင်းထားခြင်းကြောင့် Android ၏ နောက်ဆုံးဗားရှင်းများ ထည့်သွင်းအသုံးပြုနိုင်မည့် Tablet တစ်လုံးဖြစ်သည်ဟု T3 က သုံးသပ်သည်။ Tablet သည် အထူ ၈ ဒသမ ၆ မီလီမီတာ ရှိမည် ဖြစ်သည်ဟု T3 က ဖော်ပြထားသည်။
Sony က Sony Xperia Ultra Tablet ကို  Pegatron Technology ကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် Microsoft နှင့် Apple တို့၏ Tablet များကို လည်း ပူးပေါင်းထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
လက်ရှိအချိန်တွင် Samsung နဲ့ Apple တို့က ဈေးကွက်အတွင်း အပြိုင်ထိုးဖောက်နေသော်လည်း Sony ၏ Tablet သစ်သည်  ဈေးကွက်ကို စိန်ခေါ်နိုင်လိမ့်မည်ဟု Sony ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။ Apple အနေဖြင့်လည်း  ဧပြီ နှင့် ဇွန်လ အတွင်း  iPad Pro ကိုထုတ်လုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ Sony က ၎င်းတို့၏ Tablet သစ်ကို လာမည့် ရက်သတ္တပတ် အတွင်းကျင်းပမည့် CES 2015 နည်းပညာ ပြပွဲတွင် ထုတ်ဖော် ကြေငြာမည်ဟု ခန့်မှန်းချက်များရှိနေသည်။
Sony Tablet သစ်၏ တန်ဖိုးကို အမေရိကန် ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု T3 က ခန့်မှန်းထားသည်။
Ref: T3
Mizzima

ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူး ထွက်လာသည့် အမျိုးသမီးငယ် ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments




လွန်ခဲ့သည့် (၄) နှစ်ခန့်ကပင် ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူးထွက်လာသည့် အမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ၂၁ နှစ် အရွယ် မခိုင်ယဉ်မွန်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ကံကြီးတောင်ကျေးရွာကဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကပင် မျက်လုံးပြူးလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရာ ဦးနှောက်အစပ်နှင့် မျက်လုံးအပေါ် ကြားတွင် အကျိတ်ဖြစ်နေကြောင်း သိရကြောင်း၊ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မကုသခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း နယ်လှည့်ဆေးကုသပေးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်လှည့်ဆေးကုသအဖွဲ့က တွေ့ရှိရာမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်ရှိကြောင်း၊ ယင်းမှတစ်ဆင့် ပြင်ပလူနာဌာနကိုရောက်ရှိရာ စမ်းသပ်စစ်ဆေးပြီး လာမည့် တပတ်အတွင်း ဦးနှောက်နှင့်အာရုံကြော အထူးခွဲစိတ်ကုသဆောင်တွင် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သမီးမျိုးရိုးမှာလည်း ဒီလိုဖြစ်တာမရှိဘူး။ဖြစ်ဖြစ်ချင်း ဘယ်လိုမှမခံစားရဘူး။နောက်ပိုင်းတော့ မျက်စိမှုန်လာတယ်။ ၀ါးလာတယ်။ အခုဆိုရင် သိပ်မမြင်တော့ဘူး။ အခုလို ကုသပေးမယ့်သူပေါ်လာတယ်။ကုသဖို့အခွင့်အရေးရတယ်ဆိုတော့ပျော်ပါတယ်"ဟု မခိုင်ယဉ်မွန်က ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် အဆင့်မြင့်စက်ကိရိယာများ တပ်ဆင်ပေးထားကာ မြန်မာနိုင်ငံ၏ တခုတည်းသော စီတီစကင် (CT Scan) ဖြင့် ဦးခေါင်းအတွင်းပိုင်းကဲ့သို့နေရာများကို တိတိကျကျ ပြတ်ပြတ်သားသား ရိုက်ကူး၍ ရောဂါရှာဖွေပေးလျက်ရှိကြောင်း၊ မခိုင်ယဉ်မွန်ကိုလည်း စီတီစကင် (CT Scan) ထပ်မံရိုက်ကူးကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရိုးခွံပေါ်မှာ ဖြစ်တဲ့အကျိတ်ပါ။ မျက်လုံးရဲ့အပေါ်အရိုးပေါ်မှာ ဖြစ်တာပါ။ဦးခေါင်းခွံရဲ့ အရင်း မျက်လုံးရဲ့ အပေါ်မှာ ကင်ဆာမဟုတ်ဘဲ ရိုးရိုးအကျိတ်ဖြစ်ဖို့ များပါတယ်။ တကယ်က ၂၀၁၁ ကပဲ တွေ့ထားတာပါ။ ချို့တဲ့တော့ မခွဲဖြစ်ဘူး။ကွန်ပျူတာလည်း ထပ်ရိုက်ထားတယ်။ နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ ကူညီသူရှိတော့ ကောင်းသွားတာပေါ့၊ ခွဲပစ်ရင်တော့ကောင်းသွားမှာပါ။အောင်မြင်ဖို့ များပါတယ်။ ဦးနှောက်ခွဲစိတ်အဖွဲ့၊မျက်စိနားနှာခေါင်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာန၊ ပါမောက္ခ ဌာနမှုး ဒေါက်တာမြတ်သူက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Tuesday, September 23, 2014

အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်တပ်များ အခြေစိုက်စခန်းများပျက်စီး

Posted by drmyochit Tuesday, September 23, 2014, under | No comments


အမေရိကန်ဦးဆောင်သောလေကြောင်းတိုက်ပွဲသည် မြောက်ပိုင်းရှိဆီးရီးယားတပ်များကို ကောင်းစွာဖျက် ဆီးတိုက်ခိုက်နိုင် ခဲ့ကြောင်း သတင်းများအရသိရသည်။ ညပိုင်းတိုက်ခိုက်မှုသည် အီရတ်က ဆီးရီးယား ဘက်သို့ အမေရိကန်၏လေကြောင်းတိုက်ပွဲတိုးချဲ့လိုက်ကြောင်း ပြသလိုက်သလို တိုက်ပွဲအခြေအနေ ပြင်းထန်လာနေသည်ဆိုသည်ကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများမှာ ဆီးရီးယားမြောက်ပိုင်းတစ်လျှောက်တွင်ဖြစ်ပြီး တူရကီ အနောက်မြောက်ဘက် အလက်ပိုအနီးကစ၍ အီရတ်နယ်စပ်အထိတောင်ပိုင်းကို မိုင်ပေါင်း ၂၂၀ အထိရှိကြောင်း အမေရိကန်ဗဟိုထိန်းချုပ်ရေးဌာနနှင့် မြေပြင်မျက်မြင်သက်သေများကဆိုသည်။

အဓိကပစ်မှတ်က IS (Islamic State) အဖွဲ့ဖြစ်ပြီး ISIS (သို့မဟုတ်) Islamis State of Iraq and Syria ဟုလည်းသိကြသည်။ အိုင်အက်စ်အဖွဲ့များခြေကုတ်ယူထားသည့်
မြို့ လေးမြို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များကပြောကြားသည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှာ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် ယူအေအီးအာရပ်စော်ဘွားများနိုင်ငံတို့ဖြစ်သည်။ ဂျော်ဒန်အစိုးရက၄င်း၏ လေတပ်မှ အကြမ်းဖက်သမားပစ်မှတ်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တိုက်ပွဲထဲမှာဂျက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်၊ လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ်၊ ပါရှန်ပင်လယ်ရှိ အမေရိကန်သင်္ဘောမှပစ်လွှတ်သော တိုမာဟော့ခ် ဒုံးကျည်များအသုံးချခဲ့ကြောင်း ပင်တာဂွန်ကထုတ်ပြန်ခဲ့သည်။

 ဖျက်ဆီးနိုင်ခဲ့သည့် ပစ်မှတ်များတွင် အိုင်အက်စ်တပ်သားများ၊ လေ့ကျင့်ရေးစခန်းများ၊ ဌာနချုပ်များနှင့် ဗဟိုထိန်းချုပ်ရေးဌာနများ၊ သိုလှောင်ရုံများ၊ ငွေကြေးထောက်ပံ့ရေးဌာန၊ ထောက်ပံ့ရေးနှင့် စစ်လက်နက်တပ်ဆင်ထားသည့်  ယာဉ်များပါဝင်ကြောင်း ပင်တာဂွန်က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင်အမေရိကန်က အလက်ပို၏ မြောက်ဘက်ရှိ ကိုရာဆန်အုပ်စုဟု သိကြသည့် အယ်ကိုင်ဒါးလူဟောင်းများ၏ ကွန်ယက်အဖွဲ့ကိုလေကြောင်းမှ
 ၈ ကြိမ်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည်အမေရိကန်နှင့် အနောက်နိုင်ငံများကိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း ပင်တာဂွန်ကဆိုသော်လည်းအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အလက်ပိုအနီးအမေရိကန်ကျောထောက်နောက်ခံပေးထားသည့် သူပုန်များကိုတိုက်ခိုက်နေသော အယ်ကိုင်ဒါးကွန်ယက်အဖွဲ့ကို အမေရိကန်က တိုက်ခိုက်ခဲ့ရာမှာ ယင်းကွန်ရက်အဖွဲ့ဝင် ခုနစ်ဦးနှင့် အရပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံအဖွဲ့များကပြောသည်။

7 Day

ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ပြန်လည်ဖော်ထုတ်

Posted by drmyochit Tuesday, September 23, 2014, under | 3 comments


မုံရွာ၊ စက်တင်ဘာ ၂၂။

ရှားပါး ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ဖိုးသူတော်ယိမ်းအက ကို စက်တင်ကာ တတိယပတ်က မုံရွာမြို့၌ ကျင်းပခဲ့သည့် အလှူပွဲ တစ်ခုတွင် ပြန်လည်ဖော်ထုတ်က ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖိုးသူတော်ယိမ်းအကကို ဘုန်းကြီးပျံပွဲ၊ အလှူပွဲ၊ ဘုရားထီး တင်ပွဲ စသောဘာသာရေးပွဲများ တွင် ကပြဖျော်ဖြေကြသည်။ ကိုယ် ပိုင်သီချင်း၊ ကိုယ်ပိုင်အကဖြင့် တစ် ဖွဲ့လျှင် အနည်းဆုံး ၁၂ယောက် ပါဝင်ကပြကြပြီး ကြက်တိုက်ဖိုး သူတော်နှင့် ဘုန်းကြီးတစ်ပါးလည်း ပါဝင်ကပြရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရ ပြီးနောက်ပိုင်းတွင် ခေတ်စားလာ သော ယိမ်းအကတစ်ခုဖြစ်ပြီး ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ကပြ ဖျော်ဖြေမှု နည်းပါးလာပြီး ယခုအခါ မုံရွာမြို့ ထန်းတောရပ်ကွက်မှ ဖိုး သူတော်ယိမ်း အကကို ပြန်လည်ဖော် ထုတ်ကပြရာမှ ပြန်လည်အသက် ဝင်လှုပ်ရှားလာသော ယိမ်းအက တစ်ခုဖြစ်သည်။

KTS‎
Democracytoday‬

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်း ပြုပြင်ပြီးကြောင်းကြေညာ

Posted by drmyochit Tuesday, September 23, 2014, under | No comments

SMW- 3 ရေအောက်ကေဘယ် ဆက်ကြောင်းပြုပြင်မှု ယနေ့ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ကြေညာသည်။

စက်တင်ဘာလ ၂၃ ရက် ၀၁း၁၆ နာရီတွင် ပြုပြင်မှုများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ကြေညာ လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ပြတ်တောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

သြဂုတ်လ ၁၃ ရက် ၀၀း၀၈ နာရီတွင် အင်ဒိုနီးရှား ရေပြင်ပိုင်နက်ရှိ ပင်လယ်ရေအောက်၌ ဖြစ်ပေါ်ခဲ့သော SMW-3 ရေအောက်ကေဘယ် ချို့ယွင်းမှုကို SMW-3 အဖွဲ့ အစည်းမှ ကေဘယ်ပြုပြင်ရေး သင်္ဘောဖြင့် ပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Internet Journal

ဆင်းကတ်များလာမည့်နှစ်မှသာ ရောင်းနိုင်မည်ဟု ရတနာပုံဆို

Posted by drmyochit Tuesday, September 23, 2014, under | No comments

အောင်ဇော်
ရန်ကုန်၊ စက်တင်ဘာ ၁၃

မိုဘိုင်းဖုန်းဆင်းကတ်များ စတင်ရောင်းချမှုကို လာမည့် နှစ်မှသာ ပြုလုပ်နိုင်မည်ဟု ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခံထားရသည့် ရတနာပုံ တယ်လီပို့မှ သိရသည်။ လက်ရှိတွင် ရတနာပုံ တယ်လီပို့သည် ဖုန်းဆင်းကတ်များ စတင်ရောင်းချနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အခြား ဆက် သွယ်ရေး အော်ပရေတာများအားယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်၊ ဆင်းကတ်များအခမဲ့ဖြန့်ဝေမည်ဟု သတင်းများထွက်ပေါ်နေသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရတနာပုံ တယ်လီပို့မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရှိန်းသူအောင် က ”ငွေကြေးပိုင်းနဲ့ နည်း ပညာပိုင်းအ တွက်ေ တာ့ ပြည် ပဆက်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်းသွားမှာပါ။ လောလောဆယ်ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်ချုပ်ပြီးတော့ လုပ်ဆောင်ထားတာ မရှိသေးပါဘူး။ ရှယ်ယာ ကိစ္စတွေ ရှင်း ရှင်း လင်းလင်း ဖြစ်ဖို့အတွက် ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပဲ ရှိပါသေးတယ်” ဟု ပြောသည်။

ဆင်းကတ်များအား အခမဲ့ပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ ရတနာပုံတယ်လီပို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီကိုလည်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း၊ သင့်တော်မည့် ကုမ္ပဏီကိုသာ လေ့လာစိစစ်နေသည့်အဆင့်သာရှိကြောင်း၊ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်ပေး သွား ရန်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

”လိုင်စင်လျှောက်တုန်းက ကုမ္ပဏီကိုးဆယ်ကျော်လျှောက်ထားခဲ့တယ်။ အခုလက်ရှိလုပ်နေတာ သုံးခုပဲရှိတယ်။ ကျန်တဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်း လုပ်ကိုင် ဖို့လာကမ်းလှမ်းထားတယ်။ ကုမ္ပဏီအားလုံးနီးပါးပါပဲ။ ဒါကြောင့် ဘယ်သူနဲ့ ပူးပေါင်းမယ်ဆိုတာ ရွေးချယ်နေရပါတယ်” ဟု ၎င်းက ဆက်ပြော သည်။ယင်း အခြေ အနေများကြောင့် ဆင်းကတ်များ ရောင်းချမှုကို ၂ဝ၁၅ ခုနှစ်မှသာ ရောင်းပေးနိုင်မည် ဖြစ်ကြောင်း၊ အခြားအော်ပရေတာများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် တတ်နိုင် သလောက် အမြန်ဆုံး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများစတင်သည့် အခါတွင် ခိုင်ခိုင်မာမာရှိရန် ရှယ်ယာ ကိစ္စလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

Popular Myanmar

မိုင်းတုံက မိုးကြိုးပစ်ခံရတဲ့ ဆက်သွယ်ရေးဂြိုဟ်တု မပြင်နိုင်သေးတာကြောင့် ဆက်သွယ်ရေးခက်ခဲ

Posted by drmyochit Tuesday, September 23, 2014, under | No comments

မိုင်းတုံ၊ စက်တင်ဘာ ၂၃

မိုင်းတုံမြို့က V-Sat ဆက်သွယ်ရေးဂြိုဟ်တု မိုးကြိုးထိမှန်ခဲ့လို့ ရန်ကုန်ပို့ပြီး ပြင်နေတာ စက်တင်ဘာလ ၂၃ ရက်နေ့အထိ ပြန်လည်တပ်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် ဆက်သွယ်ရေးပိုင်းမှာ အခက်အခဲ တွေ့နေရတယ်လို့ မိုင်းတုံ ဌာနဆိုင်ရာ အစိုးရရုံးတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး ထိမှန်ခဲ့တဲ့ အဲဒီစက်ကို ရန်ကုန်ကို ပြင်ဖို့ ပေးထားတာ ခုထိ ပြင်လို့ရ မရ မသိရသေးဘူးလို့ ကျိုင်းတုံမြို့နယ် ဆက်သွယ်ရေးရုံး တာဝန်ခံ ဦးမျိုးညွန့်က ပြောပါတယ်။
“မြဝတီမြို့က ဆက်သွယ်ရေးစက် ခဏငှားဖို့ ပြောထားတာ ရမရတော့ မသိသေးဘူး” လို့ သူကဆိုပါတယ်။

ကျိုင်းတုံမြို့ရှိ အစိုးရရုံးတွေက ပေးပို့စာတွေကို ရေဒီယို တယ်လီဖုန်း (RT) နဲ့ ကျိုင်းတုံဆက်သွယ်ရေးရုံးကို တဆင့်ခံပြီး သက်ဆိုင်ရာ ရုံးတွေကို ပြောပေးနေရတယ်၊ ဘဏ်ငွေ လွှဲစာတွေဆို အရေးကြီးတာကြောင့် ပိုမိုဂရုစိုက် ပြောပေးနေရတယ်လို့ မိုင်းတုံ ဆက်သွယ်ရေးရုံးက ကြေးနန်းတာဝန်ခံ ဦးတင်အောင်သက်က ပြောပါတယ်။
“ဖက်စ်လုပ်ငန်းအပြင် အီးတယ်လီဂရမ် ရှိပေမယ့် အင်တာနက်လိုင်း မကောင်းတော့ လုပ်ငန်းကြန့်ကြာတယ်။ ဒီကြားထဲ အီးတယ်လီဂရမ်က ၁၀ ရက်လောက် ပျက်လိုက်သေးတယ်။ မနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) ကမှ ပြန်ရတယ်” လို့ သူကဆိုပါတယ်။

ဘဏ်ငွေလွဲ လုပ်ငန်းတွေနဲ့ အရေးကြီး လျှို့ဝှက်သတင်းတွေ ဆိုရင် တယ်လီဖုန်း၊ RT တို့နဲ့ ပို့လို့ မဖြစ်တာကြောင့် ၄၂ မိုင်ခန့်ဝေးတဲ့ မိုင်းဆတ်မြို့ကို ရဲတပ်ဖွဲ့ အကူအညီနဲ့ အထူးဆက်သား စေလွှတ်ပြီး သက်ဆိုင်ရာ မြို့နယ်တွေကို သတင်းပို့နေရတာကြောင့် ကုန်ကျစရိတ်များပြီး အခက်အခဲတွေ ကြုံရတယ်လို့ သိရပါတယ်။

မိုင်းတုံမြို့မှာ GSM၊ WCDMA နဲ့ တပ်မတော်ပိုင် ဆက်သွယ်ရေးကြိုးလိုင်းတွေ ရှိပေမဲ့ လိုင်းတွေက မကြာခဏ ပြတ်တောက်နေတာကြောင့် အခက်အခဲ ဖြစ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

The Voice Weekly

မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့လက်ရာတွေနဲ့ ဖက်ရှင်ပြပွဲ

Posted by drmyochit Tuesday, September 23, 2014, under , | No comments



မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့ ဖက်ရှင်ပြပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က ပွဲရဲ့ ပထမနေ့အဖြစ် ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park မှာ ပြုလုပ်ခဲ့ပါတယ်။

 Myanmar Fashion Designer Group (MFDG) နဲ့ Forever Group တို့ ပူးပေါင်းကျင်းပတာပါ။

ပြပွဲလေ့လာဖို့ MEP အဆောက်အဦထဲသို့ ၀င်လိုက်ပြီဆိုရင် ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ ဒီဇိုင်နာ ပေါင်းစုံရဲ့ ဖက်ရှင်လက်ရာများပဲ ဖြစ်ပါတယ်။

အရောင်အသွေး ပေါင်းစုံနဲ့ ဖန်တီးထားတဲ့ ဆန်းသစ်ထူးခြား ဖက်ရှင်လက်ရာတွေဟာ ဂရုတစိုက်နဲ့ ကြည့်ရှုနေတာကိုမြင်တွေ့ခဲ့ရပါတယ်။


ပြပွဲလုပ်မယ့်နေရာကို ခန်းမ တခုလို ဖွဲ့စည်းကာရံထားပြီး အပြင်ဘက်မှာတော့ စပွန်ဆာ ကုမ္ပဏီများရဲ့ အရောင်းပြခန်းများ၊ ဒီဇိုင်နာ များရဲ့ ၀တ်စုံပြခန်းများ၊ ဓာတ်ပုံစတူဒီိယို ပြခန်းများ၊ အလှကုန်၊ ဖိနပ်၊ ဖန်စီ ပြခန်းစတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကိုလည်း ဖွင့်လှစ်ရောင်းချပေးခဲ့ပါတယ်။
ဖက်ရှင်ပြပွဲကို ညနေ ၆ နာရီခွဲမှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲပြီး ပြသပေးခဲ့ပါတယ်။

ပထမပိုင်းအနေနဲ့ ဒီဇိုင်နာ မပုံ့၊ ယုံးယုံး၊ စုစုဝေ၊ သက်နှင်းအေး၊ ဒေါ်သီတာဝင်း၊ သွင်စုထွေး၊ ဆန်းဘောက်ရာတို့ရဲ့ လက်ရာများကို ပြသပေးခဲ့ပါတယ်။

ဒီဇိုင်နာတွေရဲ့ လက်ရာတွေက ထူးခြားသလို စပွန်ဆာပေးတဲ့ Lily ဖိနပ်ကုမ္ပဏီက မြင့်မားတဲ့ ဒေါက်ဖိနပ်တွေကလည်း ဆန်းသစ်တာမို့ ၀တ်ဆင်ပြသရတဲ့ တချို့မော်ဒယ်လ်လေးတွေတောင် ချော်လဲမလိုဖြစ်ပြီး ဟန်ချက်ပျက်ရုံသာမက မော်ဒယ်လ် အကယ်ဒမီ အစီအစဉ်ရဲ့ ဒိုင်လည်းဖြစ်၊ ဆရာမ အဖြစ်လည်း တာဝန်ယူထားတဲ့ မော်ဒယ်လ် သန္တာလှိုင်တောင် ခြေခေါက်လဲမလိုဖြစ်ခဲ့ရပါတယ်။
ပြပွဲ ပထမပိုင်း အပြီး ဒုတိယပိုင်း မစတင်မီမှာအနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖက်ရှင်အမြင်တွေကိုပြောပြခဲ့ပါတယ်။

“ဒီဖက်ရှင်ပြပွဲက အရမ်းလှပတဲ့ ပွဲတခုပါ။ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ ခိုင်သင်းကြည်က ပြောခဲ့ပါတယ်။


“ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
အချိန်ကြာကြာ ထိုင်ကြည့်ရလို့ ဗိုက်ခေါက်ပြီး နာတောင် နာတယ်၊ ဒုတိယပိုင်းကိုလည်း ဆက်ကြည့်ဦးမှာပါ” လို့ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ ရတနာခင်ကလည်း ပြောခဲ့ပါတယ်။

“အနုပညာရှင်တယောက်အတွက် ဖက်ရှင်ဆိုတာ အရေးလည်းကြီးတယ်။
လိုအပ်တဲ့ အခန်းကဏ္ဍတခု အနေနဲ့ ပါဝင်တယ်။
မမို့က ဖက်ရှင်ကို စိတ်ဝင်စားတယ်။ဒီလို ပွဲမျိုးမှာ လက်ရာပေါင်းစုံရဲ့ လက်ရာမျိုးစုံကို မြင်ခွင့်ရလို့ ပျော်ရွှင်ကြည်နူးမိပါတယ်”လို့ မို့မို့မြင့်အောင်ကလည်းပြောခဲ့ပါတယ်။

အဲဒီပြပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည် တွေအပြင် အနုပညာလောကမှလည်း သက်မွန်မြင့်၊ မယ်လိုဒီ၊ ရေဗက္ကာဝင်း၊ ခိုင်သင်းကြည်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်နှင်းဝေ၊
ချစ်သုဝေ၊ ရတနာခင် စတဲ့သူတွေကလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ပါတယ်။


ပြပွဲရဲ့ ဒုတိယပိုင်းကိုတော့ ဒီဇိုင်နာ မေမြတ်ဝါဆို၊ Iris, ဇော်စိုင်း၊ လတ်လတ်၊ မိုးကုတ်ပေါက်ပေါက်၊ မမဉ္ဇူ၊ မေသက်လွင်တို့ရဲ့ လက်ရာများကို ပြသခဲ့ပါတယ်။

ဒါ့အပြင် စပွန်ဆာပေးထားတဲ့ အပါချီ ဘိလပ်မြေအိတ်ခွံတွေ ကို မိုးကုတ်ပေါက်ပေါက်က ဒီဇိုင်းထွင် ချုပ်လုပ်ကာပြသပေးခဲ့ပါတယ်။

“ဒီပွဲနဲ့ ပတ်သက်ပြီး ကူညီခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
သူများ တိုင်းပြည်တွေမှာ ပြသတဲ့ ဖက်ရှင်ရှိုးတွေက ရက်သတ္တပတ်ကြာ အောင် ပြသလေ့ရှိတယ်။
ဒီမှာကတော့ နှစ်ရက်လောက်နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပြီးကျင်းပခဲ့ပါတယ်။ နောက်အခွင့်အရေးရခဲ့ရင်လည်း fashion Week လိုပွဲမျိုးတွေ ကျင်းပနိုင်အောင် ကြိုးစားသွားမှာပါ”လို့ MFDG ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒီဇိုင်နာ မမဉ္ဇူက ပြောခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ ဒီဇိုင်နာများရဲ့ လက်ရာများကို ပြသခဲ့ပါတယ်။

အဲဒီပြပွဲမှာ ဖက်ရှင်ဒီဇိုင်နာ ၂၈ ဦး ပါဝင်ပြသခဲ့ပြီး မိတ်ကပ်နဲ့ ဆံပင်ဖန်တီးမှု အပိုင်းကို လင်းလင်း (Make Up-Arist) နဲ့ မေးဦးတို့က လိမ်းခြယ်ပေးခဲ့ပါတယ်။
ဖက်ရှင်ဒီဇိုင်းများကို ၀တ်ဆင်ပြသပေးခဲ့တဲ့ မော်ဒယ်လ်များကတော့ မြန်မာနိုင်ငံ မော်ဒယ်လ်အေဂျင်စီ တော်တော်များများကဖြစ်ပြီး Channel-7 က လွှင့်တဲ့ မော်ဒယ်လ်အကယ်ဒမီမှ ပြိုင်ပွဲဝင်မော်ဒယ်လ်များလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ထူးခြားသစ်

 စက်တင်ဘာ ၂၂ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ရဲ့
မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့ ဖက်ရှင်ပြပွဲ Foerver Group နဲ့ ပူးပေါင်းပြီး Myanmar Event Park မှာ ပြသ ဆိုတဲ့  သတင်းကို ကူးယူ ဖော်ပြပါတယ်။









ဧရာဝတီ

ခန္ဓာကိုယ်လှပမှု ဆိုင်ရာ ပုံသဏ္ဍာန် ပြောင်းလဲသည့် ၀န်ဆောင်မှုကို လိုင်လာခမ်း သင်ကြားပေးနေ

Posted by drmyochit Tuesday, September 23, 2014, under , | 3 comments


ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာပြည်ဖွား ဘောလိဝုဒ် မင်းသမီး လိုင်လာခမ်းသည် စက်တင်ဘာ ၈ရက်မှ စတင်ကာ "ခန္ဓာကိုယ်လှပမှု ဆိုင်ရာ ပုံသဏ္ဍာန် ပြောင်း လဲသည့် ၀န်ဆောင်မှု"ကို လက်ခံ သင်ကြား ပေးလျက်ရှိသည်ဟု မဇ္စျိမကို ပြောသည်။

"ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံ အတွင်းက မြန်မာ အမျိုးသမီးတွေ အနေနဲ့ စတိုင်ကျကျ နေထိုင်တတ်တဲ့ အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်အ၀ နဲ့ လျှောက်လှမ်း နိုင်အောင်ပါ။ လာရောက်တဲ့ သူတွေဟာ သူတို့ရှိရင်းစွဲ အလှထက် ပြောင်းလဲနိုင်အောင်လို့ ကူညီပေးတဲ့ သဘောပါ။ ဆံဖျားကနေခြေဖျား အထိ လှပနေ ရအောင်လို့အကြံဥာဏ် ပေးသွား မှာပါ။ နောက်ပြီး မျက်နှာပဲ ဖြစ်ဖြစ်ခန္ဓာကိုယ်လှပမှု ဆိုင်ရာတွေ ခွဲစိတ်ချင်တာပဲ ဖြစ်ဖြစ် အကြံဥာဏ် ပေး ပြီးသိကျွမ်းတဲ့ ဆရာဝန် တွေဆီကို ညွန်ပြပေး မှာပါ။ ခန္ဓာကိုယ်တစ်ခုလုံး လှပစေပြီး အ၀တ်အစားတွေ ၀တ်ရင်လည်း စတိုင်ကျကျနဲ့ ဖြစ်အောင်လို့ ပါပဲ။ နောက် အသားအရေ ထိန်းသိမ်းမှုတွေ၊ ဆံပင်ပိုင်းဆိုင်ရာတွေက အစ ပါမှာပါ။ ဆံပင်ဆိုရင်လည်း သူနဲ့ လိုက်ဖက်မယ့်စတိုင်ကို အကြံဥာဏ် ပေးပြီး ဆံကေသာ ပညာရှင်ဆီကို သွားရောက်ဖို့ညွန်ကြား ပေးပါတယ်"ဟု လိုင်လာခမ်းက ၎င်းပြုလုပ်ပေး နေသည့် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ပြောသည်။

ယင်းဝန်ဆောင်မှုကို လက်ရှိတွင် သင်တန်းသား သုံးယောက် တက်ရောက်ပြီး ဆွေးနွေးလျက်ရှိကာ ခန္ဓာကိုယ်၊ဆံပင်၊မိတ်ကပ်၊ ၀တ်စားဆင်ယင်မှု၊ အသားအရေ ထိန်းသိမ်း မှုများ၊ ပြောဟန်ဆိုဟန်များကို တစ်ပတ် နှစ်ရက်ဖြင့် သုံးပတ်စာ အပြတ် ဆွေးနွေးမှုကို တစ်ဦးလျှင် ဒေါ်လာ ငါးရာဖြင့်နံပါတ် ၁၂၀၁၊ သံသုမာလမ်း၊ တာမွေ၊ ချမ်းသာဂုဏ်ရောင်ကွန်ဒို၌ လက်ခံ ဆွေးနွေးလျက်ရှိသည်ဟု ၎င်းကပြောသည်။

"ကျွန်မဒီလို ထိန်းသိမ်းမှုတွေက ကျွန်မအိန္ဒိယကို စရောက်ကတည်းက အနုပညာ အလုပ်တွေ စလုပ်တဲ့ အချိန်ကတည်းက ယနေ့ အချိန်ထိ ဆယ်စုနှစ်ကျော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ တွေနဲ့ ပြင်သစ်၊ ဂျာမနီတို့ကို သွားရောက်စဉ်က သင်ခဲ့ရတဲ့ သင်တန်းတွေ ကနေပြီး ပြန်လည်မျှဝေ တာပါ။ မြန်မာနိုင်ငံက မိန်းကလေးတွေက လှပတယ်။ စတိုင်တွေ ရှိတယ်။ အဲဒီစတိုင်တွေ ကနေပိုပြီး ပြည့်စုံသွား အောင်လို့ လိုအပ် မယ်ထင်လို့ ဖွင့်လှစ်ခဲ့တာပါ။ အခု ကျွန်မဆီမှာ လာတက်နေတဲ့သူတွေက စတိုင်ရှိတယ်။လှတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ယုံကြည်မှုတွေ အပြင်လိုအပ်ချက် လေးတွေကို လိုချင်တဲ့ အတွက်လာရောက်ကြ တာပါ"ဟု ၎င်းကပြောသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၌ ၂၀၁၃ခုနှစ်တွင် "ခန္ဓာကိုယ်လှပမှုဆိုင်ရာပုံသဏ္ဍာန်ပြောင်းလဲသည့်ဝန်ဆောင်မှု"ကိုစတင် လုပ်ဆောင်ခဲ့သည်ဟုပြောသည်။

လိုင်လာခမ်းသည် ယင်းဝန်ဆောင်မှုများ အပြင် မြန်မာနိုင်ငံ အတွင်း၌ အနုပညာ အလုပ်များ လုပ်ကိုင်ရန် လက်ခံထားသည်များ ရှိသည်ဟု ပြောသည့်အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနှစ်နိုင်ငံရှိ အနုပညာ အလုပ်များကို မျှတစွာ လုပ်ကိုင်လျက်ရှိသည်ဟု ပြောသည်။ လိုင်လာခမ်းသည် ဒါရိုက်တာ Nee Raj Pathaak ရိုက်ကူးသည့်Bhayaji Superhit ဇာတ်ကားတွင် ဘောလိဝုဒ် မင်းသားSunny  Deon နှင့်တွဲဖက်ပြီး ရိုက်ကူး လျက်ရှိသည်ဟု ပြောသည်။

Mizzima

ToP 10 Miss Popular မှာ မြန်မာအလှမယ် ပါဝင်

Posted by drmyochit Tuesday, September 23, 2014, under | No comments


ထိုင်းနိုင်ငံ ကျင်းပနေတဲ့ Miss Grand International 2014 မှာ နိုင်ငံတကာ အလှမယ်တွေ ယှဉ်ပြိုင်နေ ကြတာမှာ မဲပေးမှု စနစ်အရ Miss Popular Vote 2014 ရဲ့ နောက်ဆုံး ဇကာတင် ၁ဝ ဦး စာရင်း မှာ
မြန်မာ အလှမယ် M ဂျာဆိုင်း လည်း ရွေးချယ်ခံရပါတယ်။

 Top 10 Miss Popular များ၊ ဓာတ်ပုံ- Miss Grand International

မဲပေးမှု ၁ဝ.၃၂ ရာခိုင်နှုန်းရထားတဲ့ ဖိလစ်ပိုင်မယ်ပြီးရင် မြန်မာအလှမယ်က ၈.၆၈ ရာခိုင်နှုန်း နဲ့ ဒုတိယမဲ အများဆုံး ရရှိထားပါတယ်။

Miss Grand International ဖေ့စ်ဘုတ်မှာ ဖော်ပြထားတဲ့ လူကြိုက်အများဆုံး ထိပ်တန်း ဇကာတင် ၁၀ ဦး စာရင်းကတော့...

Congratulation Top 10 Miss Popular Vote 2014 on 22/09/2014

Miss Grand Philippines - Miss Kimberly Karlsson 10.32%
Miss Grand Myanmar - Miss M Ja Seng 8.68%
Miss Grand Indonesia - Miss Margenie Winarti 7.41%
Miss Grand Thailand - Miss Parapadsorn Disdamrong 5.20%
Miss Grand Mexico - Miss Marsha Ramirez 4.71%
Miss Grand USA - Miss Sara Platt 3.94%
Miss Grand India - Miss Monika Sharma 3.41%
Miss Grand Suriname - Miss Tashana Losche 2.78%
Miss Grand Hungary - Miss Lukács Réka. 2.74%
Miss Grand Nepal - Miss Shrijana regmi 2.69%

အိမ့်သံစဉ်
ဧရာဝတီ

သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျသို့ ပြန်လာမည် ဆိုပါက ထောင်နှစ်ရှည်ကျခံရမည်ဟု ဝန်ကြီးချုပ်ပြော

Posted by drmyochit Tuesday, September 23, 2014, under | No comments


အရှေ့အလယ်ပိုင်းဒေသတွင် စစ်သွေးကြွများနှင့်အတူ ပါဝင်တိုက်ခိုက်နေကြသော သြစတြေးလျနိုင်ငံသားများ သြစတြေးလျသို့ ပြန်လာမည် ဆို ပါက ထောင်ဒဏ်နှစ်ရှည်ကျခံရလိမ့်မည် ဖြစ်ကြောင်းသြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ထ်က  သတိပေးခဲ့သည်ဟု စက်တင်ဘာ ၂၂ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 သြစတြေးလျတွင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဥပဒေများကို အစိုးရက ပိုမိုတင်းကျပ်လာနေသည်။

“အကြမ်းဖက်အဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေကြတဲ့ သြစတြေးလျတွေအားလုံးကို ကျွန်တော်ပြတ်ပြတ်သားသားပြောချင်တာကတော့ ခင်ဗျား တို့ အဖမ်းခံရလိမ့်မယ်၊ တရားစွဲခံရလိမ့်မယ်၊ ပြီးတော့ အလွန်ရှည်လျားတဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ဆိုတာပါပဲ” ဟု အက်ဘော့ ထ်က နိုင်ငံတော်လုံခြုံရေး နှင့် ပတ်သက်သော ကြေညာချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျသည် နိုင်ငံအတွင်းရှိ အစွန်းရောက်ဝါဒီများကို ပစ်မှတ်ထားလျက် ရှိသလို ဆီးရီးယားနှင့် အီရတ်တို့တွင် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသော သြစတြေးလျနိုင်ငံသားများ နိုင်ငံအတွင်းသို့ ပြန်လာကြမည့် ကိစ္စနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်။

“ကျွန်တော်တို့ရဲ့ လမ်းမတွေ ပေါ်မှာ အကြမ်းဖက်သမားတွေ မရှိအောင် လုပ်ဆောင်တဲ့ နေရာမှာ ပိုပြီးလွယ်ကူအောင်လို့ ကျွန်တော်တို့ရဲ့ ဥ ပဒေတွေကိုလည်း ပြောင်းလဲနေပါတယ်” ဟု အက်ဘော့ထ်က ဆိုခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သြစတြေးလျတွင် ရဲအရာရှိ ၈၀၀ ကျော်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှု တစ်ရပ်အဖြစ် အိမ်ပေါင်း ၃၀ ခန့်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ သြစတြေးလျ သမိုင်း တစ်လျှောက်တွင် အကြီးမားဆုံးသော လုံခြုံရေးဆိုင်ရာ စစ်ဆင်မှု တစ်ရပ်ပင် ဖြစ်သည်။ အကြမ်းဖက်မှုလုပ်ရန် စီစဉ်မှုဖြင့် အသက် ၂၂ နှစ် အရွယ် အမျိုးသား တစ်ဦးကိုလည်း စွဲချက်တင်ထားခဲ့သည်။

သြစတြေးလျ နိုင်ငံအတွင်း စစ်သွေးကြွများက လူများကို ကြုံရာကျပန်းရွေးချယ်ကာ သရုပ်ပြ သတ်ဖြတ်ကွပ်မျက်မှုများ ပြုလုပ်မည်ဆိုသည့် IS စစ်သွေးကြွများ၏ အစီအစဉ်တစ်ရပ်ကိုလည်း သြစတြေးလျ အစိုးရက ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျ အစိုးရက ဆိုခဲ့သည်။ “သြ စတြေးလျ IS အဖွဲ့သား တစ်ယောက်ဟာ လမ်းပေါ်က လူတွေကို ကြုံသလို ရွေးချယ်ဆွဲထုတ်ပြီး သူတို့အနေနဲ့ ဘာသာရေး မယုံကြည်သူတွေကို သတ်ဖြတ်နိုင်ကြောင်း သရုပ်ပြဖို့ ညွန်ကြားခဲ့ပါတယ်” ဟုလည်း အက်ဘော့ထ်က  ပြောခဲ့သည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် သြစတြေးလျ ၆၀ ခန့် တိုက်ခိုက်လျက် ရှိပြီး ၊၂၀ ကျော်မှာ သြစတြေးလျသို့ ပြန်လာခဲ့ပြီးဖြစ်ကာ ဂျီဟတ်ဝါဒီများကို တက်တက်ကြွကြွ ထောက်ခံသူ နောက်ထပ် အနည်းဆုံး အယောက် ၁၀၀ ခန့် ရှိနေကြောင်း အက်ဘော့ထ်က ဆိုခဲ့သည်။

သြစတြေးလျ၏ လက်ရှိ ဥပဒေများမှာ IS အဖွဲ့ ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ အန္တရာယ်ကို တိုက်ဖျက်ရန် မလုံလောက်ဟု သြစတြေးလျ အစိုးရက ယူဆနေပြီး ယခုသီတင်းပတ်တွင် ဥပဒေကြမ်းနှစ်ရပ်အား လွှတ်တော်သို့ တင်သွင်းလျက် ရှိသည်။

Mizzima

Monday, September 22, 2014

ထူးခြားအံ့သြဖွယ်ရာများနှင့် Ba Na Hills

Posted by drmyochit Monday, September 22, 2014, under | No comments










Ba Na Hills သည် ဗိယက်နမ်နိုင်ငံ ဒါနန်မြို့တွင် တည်ရှိသော နေရာ တစ်ခု ဖြစ်ပါတယ်။ ၎င်းတောင်ကြီးဟာ ထူးခြားအံ့သြဖွယ်ရာ များစွာတည်ရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
ထိုတောင်ကုန်ကြီးပေါ်မှာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူထားရှိထားပြီး ကြည်နူးစရာအလွန်ကောင်းသော ပန်းခင်များနှင့် လာရောက်လည်ပတ် သူများ ဆော့ကစား နိုင်ရန် ဝင်္ကမ္ဘာတစ်ခုကိုလည်း ပြုလုပ်ပေးထားပါတယ်။ ယခင်က အမေရိကန် စစ်စခန်းချခဲ့သော အဆောက်အအုံများကို ထိုနေရာတွင် လေ့လာနိုင်ပါတယ်။

ဒါ့အပြင် ထိုတောင်ပေါ်မှာ Cable Car များနှင့် တက်ရောက်ရတာ ဖြစ်ပါတယ်။ ထိုတောင် စားသောက်ဆိုင်များ ဟိုတယ်များ ထားရှိပေးထားလို့ နေရေး စားရေး အတွက် စိတ်ပူစရာ မလိုပါဘူး။ ဒါကြောင့် ထူးခြားအံ့သြဖွယ်ရာများနှင့် Ba Na Hills သည် သွားရောက် လှည်ပတ် သင့်သော နေရာများထဲမှ တစ်ခုလို့ ရေးသားပေး လိုက်ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်