မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅-ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ်
လူကုံထံမျိုးရိုးမှ ဆင်းသက်သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည်
ထင်ရှား ကျော်ကြားသော မျိုးချစ် ပုဂ္ဂိုလ်များဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်း၊
ထို့နောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။
ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မှီ
သမိုင်းနှင့် နိုင်ငံရေး ဘာသာများကို ယူကာ စိဇ္ဇာတန်းကို အောင်ခဲ့သည်။
ရန်ကန်တက္ကသိုလ် ၌ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊
ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း
တက္ကသိုလ်သို့ ရောက်ရှိလာချိန်တွင်မူ တိုင်းပြည်တဝှမ်းလုံး၌
ထင်ရှားသည့်ကျောင်းသား ခေါင်းဆောင် တစ်ဦးအဖြစ် နိုင်ငံရေး စိတ်ဓာတ်
ထက်သန်မှုနှင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး
ခရီးလမ်းမှာ မဖြောင့်မဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသား တို့၏
ရပိုင်ခွင့်များ မကျေနပ်ချက်များအတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ
ထုတ်ပစ်မည်ဟူ၍ နှစ်ကြိမ် တိုင်တိုင် ခြိမ်းချောက်ခံခဲ့ရသည်။ တကယ်အားဖြင့်
လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့
ထုတ်ပယ် ခံရခြင်းသည် ၁၉၃၆-ခုနှစ် အစောပိုင်း၌ ပြည်လုံးနှံ့ ကျောင်းသား
သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ်ဖြစ်သည်။
ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင်တဦး ဖြစ်ပေသည်။
ယင်သပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။
ရန်ကုန် သက္ကသိုလ်တွင် ပညာရင်နို့သောက်စို့ရင်း သူသည် အိုးဝေမဂ္ဂဇင်း
အယ်ဒီတာ အဖြစ်၎င်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဌနှင့်
ဥက္ကဌအဖြစ်၎င်း၊ ဗမာ့နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင်ထူထောင်
သူတဦးနှင့် ဥက္ကဌအဖြစ်၎င်း၊ အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌
ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောင်းသာအဖြစ်ဖြင့်ပင် ၁၉၃၈-ခုနှစ်
အစောင်ပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး
ကော်မီတီ၌ အခြားကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး
ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်
နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြုကော်စီက
ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်အက်ဥပဒေကို ၁၉၂၀-ခုနှစ်နှင့်
၁၉၃၆-ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သော ပြည်လုံးနှံ့
ကျောင်းသားလှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏
ရေသောက်မြစ်ပင်ဖြစ်ပေသည်။ သူသည် တက္ကသိုလ်ကျောင်းသာဘဝတွင် အင်္ဂလိပ်သတင်းစာ၊
မြန်မာသတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က
ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင်သုံးကြိမ်ထုတ်ဝေသော
အမျိုးသားစာစောင်ဖြစ်သည့်“နယူးဘားမား”ဂျာနယ်၏ အယ်ဒီတာအဖွဲ့တွင်လည်း
အတန်ကြာပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၇-ခုနှစ် အောက်တိုဘာလတွင် သူသည် ဥပဒေတန်း
တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့
ရပ်ပစ်လိုက်ခြင်းမှာမြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက်ကြွ သည့်၊
အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေးပါတီဖြစ်သော ဒို့ဗမာ
အစည်းအရုံး(သခင်)၌ ပါဝင်၍ အမျိုးသားလွတ်လပ်ရေးတည်းဟူသော
မျိုးချစ်လုပ်ငန်းအတွက် အလုပ်အကျေးပြုရန် ဖြစ်ပေသည်။
သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှဝ၍
၁၉၄၀-ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေးအတွက်
ဆက်လက်တိုက်ပွဲဝင်ရန်မြေလျှိုးသွားသည်အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး
အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင်ခေါင်းဆောင်တဦးအဖြစ် ၁၉၃၉-ခုနှစ်
အစောပိုင်းတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ထုတ်ပြန်သော
အစိုးရ ကျေညာချက် အဆိုအရ‘အစိုးရအား အကြမ်းဖက်၍ တွန်းလှန်ဖြိုချရန်
လုပ်ကြံမှု’ ကို ခေါင်းဆောင်သူတဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော်
များမကြာခင်မှာပင် ပြန်၍လွတ်လာခဲ့သည်။ သခင်ပါတီ၏ အထွေထွေ
အတွင်းရေးမှူးအဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယဖြစ်စရာ မလိုပေဟူ၍ျ၎င်း။၊
ဒို့ဗမာအစည်းအရုံး (သခင်ပါတီ၏ တရားဝင်အမည်) အား ယခုလုပ်နေ သည့် အဖျက်အဆီး
အနှောင့်အရှက်လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီခဲ့သူသုံးဦးအနက်
တဦးဖြစ်ပြီး၊ ပါတီ၏အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်းများစွာကို
ဖေါ်ထုတ်ရေးအတွက် တာဝန်ယူခဲ့သည်ဟူ၍၎င်း၊ ထိုစဉ်က အစိုးရမှတ်တမ်းများ၌
ရေးသားထားလေသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၏
အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည့် ၁၉၃၉-၄၀-ခုနှစ်အတွင်း
ဒေါက်တာဗမော်နှင့်အတူ၊ ဗမာ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လိုကြသောပါတီများ၊
အစိတ်အပိုင်းများစုစည်းထားသည့် ဗမာ့ထွက်ရပ်ဂိုဏ်းကို
ဦးဆောင်ဖွဲ့စည်းရာတွင် အဓိကပုဂ္ဂိုလ်တဦး ဖြစ်သည်။ သူသည်
ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူး အဖြစ် မြေလျှိုးသွားခဲ့ရချိန်အထိ
ထမ်းဆောင်ခဲ့သည်။
၁၉၄၀-ခုနှစ် မတ်လတွင် အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်အရ
ယင်းပါတီ၏ ရမ်းဂါးညီလာခံသို့ တက်ရောက်သည် သခင်ကိုယ်စားလှယ်အဖွဲ့ကို
ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယ ပြည်ရှိဂါယာ၊ ဗာရာဏသီ၊ အလ္လာဟာဘတ်၊
အဂ္ဂရာ၊ ဒေလီ၊ ပတ်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာဟို၊ အမ်ရစ်ဆာအာမတ်ဒဘတ်၊
ဘုံဘေးနှင့် ကာလ်ကတ္တား မြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ
ပြန်လာခဲ့ပြီးနောက် သူသည် မြန်မာပြည်အတွင်း၌ နယ်ချဲ့ဆန့်ကျင်ရေး၊
စစ်ဆန့်ကျင်ရေးလုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန်တက္ကသိုလ်
ကျောင်းသားများသမဂ္ဂ၏ ကိုယ်စားလှယ်အဖြစ်၊ ရန်ကုန်တက္ကသိုလ်ကောင်စီဝင်အဖြစ်
ကာလအတန်ကြာ ဆောင်ရွက် ခဲ့သည်။ သူ့အားဖမ်းဆီးရန် ဝရမ်းထုတ်လိုက်ရာတွင်
သူသည်ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ဝရမ်း ထုတ်သည့်အတွက်
လူငယ်တို့အတွင်း၌ မငြိမ်မသက်ဖြစ်မှုများ ပေါ်ထွက်လာရသောကြောင့် နောင်အခါတွင်
ဝရမ်းကို ပြန်လည် ရုတ်သိမ်းခဲ့စေကာမူ သူသည် မြေလျှိုး၍ပင်
ဆောင်ရွက်နေခဲ့သည်။
သူသည်တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲအတွက်
အပြည်ပြည်ဆိုင်ရာအဆက်အသွယ်နှင့် အကူအညီရရှိရန် ထွက်ခွာသွား ခဲပြီး၊
ယင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထိုနောက်
မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက်အရ၊ ဂျပန်နှင့် အဆက်အသွယ် ရက
ဂျပန်းတို့က လာရောက် သူ့အားတိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။
တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်းတို့ ပေးအပ်လိုက်သော
စီမံကန်းကို မြန်မာ ပြည်ရှိ ရဲဘော်များသိရှိစေရန် ၁၉၄၀-ခုနှစ် အစောပိုင်း၌
မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့
ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း ၌ တော်လှန်ထကြွရေးကို
ခေါင်းဆောင်နိုင်ရေးအတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမအသုတ်
လူငယ်တစုကို သူနှင့်တပါတည်း ခေါ်ဆောင် သွားခဲ့သည်။
၁၉၄၂-ခုနှစ် အစောပိုင်းတွင်သူသည် ဘန်ကောက်မြို့သို့ရောက်ခဲ့ပြီး
ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ထိုမြို့၌
ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက်တိုက်ခိုက်သည့်အခါတွင်
သူသည် ဂျပန်တို့နှင့်အတူ မြန်မာပြည်သို့ ချီတက်လာခဲ့သည်၊ဂျပန်ပြည်၌
ရှိစဉ်ကပင်သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ
ဖြစ်ခဲ့ကြသည်ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်သို့ချီတတ်ဝင်ရောက်ခဲ့ပြီး၊
မြန်မာပြည်သူတို့အား ပို၍ပို၍ နှိပ်စက်ကလူ ပြုလာ ချိန်တွင်မူ
ပဋိပက္ခဖြစ်မှုသည် ပိုမိုပြင်းထန်လာခဲ့လေသည်။
သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက်
ပြီးချိန်တို့ တွင် ဂျပန်ဆန့်ကျင်ရေးလုပ်ငန်းကို စည်းရုံးလုပ်ဆောင်ရန်
ကြိုးစာခဲ့သော်လည်း အထမမြောက်ခဲ့ချေ၊ သို့သော်
ဗမာ့လွတ်လပ်ရေးတပ်မတော်အတွင်း၌ ဂျပန် ဆန့်ကျင်ရေး စိတ်ဓါတ်များ
ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိခဲ့ပေသည်။
ထိုအကြာင်းကြောင့်၎င်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အေ၏
အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော ဘီအိုင်အေ
အုပ်ချုပ်ရေးအဖွဲ့ အချို့၏ အလွန်အကျွံပြုမှုတို့ကို ချက်ကောင်းယူကာ
ဘီအိုင်အေအပေါ် ဆန့်ကျင်သည့် နိုင်ငံရေးရန်သူများ၏ မသမာသော အကြံစည်
ပြုမူချက်များကြောင့်၎င်း ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး
တပ်မတော်(ဘီအိုင်အေ)အဖြစ်ပြန်လည် ဖွဲ့စည်းခဲ့သည်၊ တပ်အင်အားကိုလည်း
လျှော့ချခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည ဗိုလ်မှူးကြီးအဆင့်ဖြင့်
ဗမာ့ကာကွယ်ရေးတပ်မတော်ကို ကြီးမှူးကွပ်ကဲခဲ့လေ သည်။
၁၉၄၃-ခုနှစ် မတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါက်တာ ဗမော်တို့သည်
အခြားပုဂ္ဂိုလ်နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့လာရောက်ရန် ဖိတ်ကြားခြင်း
ခံခဲ့ရသည်၊ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်)ဗိုလ်ချုပ်ကလေးအဆင့်သို့
တိုင်းမြှင့်ခြင်း ခံခဲ့ရသည်။ဂျပန်ဘုရင်နဲ့ တွေဆုံးခဲ့ရပြီး တတိယဆင့်
တက်နေ တံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရလေသည်။ တိုကျိုမြို့မှ
ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့်
ဧည့်ခံပွဲတခုတွင် ဗိုလ်ချုပ်ဆောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့်
လွတ်လပ်ရေးသည် အနည်းနှင့်အများ ‘အမည်ခံလွတ်လပ်ရေးဖြစ်လိမ့်မည်’ဟူ၍
အရိပ်အမြွက် အားဖြင့် ပြောဆိုခဲ့သည်။ ထိုနောက် မြန်မာပြည်က ကာကွယ်ရေးနှင့်
သူကိုယ်တိုင် သေနာပတိအဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော
ပြဿနာများကို တင်ပြရေး အတွက် လွတ်လက်ရေးပြင်ဆင်မှု ကော်မရှင်တွင်
ပါဝင်ခန့်ခြင်းခံရ သည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသည်ဆိုသော
အခမ်းအနားတွင် သူသည် မေဂျာဂျင်နရယ် (ဗိုလ်ချုပ်ကလေး)အဆင့်ဖြင့်
စစ်ဝန်ကြီးဖြစ်လာခဲ့ပြီး လွတ်လပ်ရေးတနှစ်မြောက်သည့်နေ့တွင်
ဂျပန်အစိုးရကအပ်နှင့်သော ပထမဆင့် ရတနာတဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်
အတူရရှိခဲ့လေသည်။ သို့သော် ဗမာ့လွတ်လပ်ရေးနှစ် ပတ်လည် အခမ်းအနားတွင်
ဗိုလ်ချုပ်ဆောင်ဆန်းသည်အမည်ခံ ဗမာ့လွတ်လပ်ရေးကို ဖွင့်ဟတိုက်ခိုက်ရင်း၊
ဂျပန်ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။
ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရရပ် ကွက်၌ပင် ဂယက်ရိုက်စေခဲ့
သည်ဟု အဆိုရှိပေသည်။
၁၉၄၃-ခုနှစ် သူသည်ဂျပန်ဆန့်ကျင်ရေး၊ တော်လှန်းရေးလုပ်ငန်းကို
စည်းရုံးရန် ထပ်မံကြံစည်အားထုတ်ခဲ့ရာ ၁၉၄၄-ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်
ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို
အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၄၄-ခုနှစ်အကုန်လောက်တွင် သူသည်
မဟာမိတ်စစ်ဌာနချုပ်နှင့် အဆက် အသွယ်ရခဲ့သည်။ ၁၉၄၅-ခုနှစ် မတ်လ
၂၇-ရက်နေ့တွင် သူသည်ဂျပန်စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။
တော်လှန်ရေးတိုက်ပွဲကို ရှေ့ဆောင် ခဲ့သည်။၁၉၄၅-ခုနှစ် စက်တင်ဘာလတွင်
သူနှင့်လုပ်ဖေါ်ကိုင်ဘက် ပုဂ္ဂိုလ်၁၀-ဦးသည် ကန္ဒီမြို့သို့သွား၍
ဗြိတိသျှဦးစီးမှုအောက်ရှိ မြန်မာစစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ်
မျိုးချစ်ဗမာ့တပ်မတော်(ထိုစဉ်က ဂျပန်ကို တော်လှန်သည့် မြန်နာတို့၏
တပ်မတော်အမည်)ကို ပူးပေါင်းရေးအတွက် သဘောတူစာချုပ်ခဲ့ကြသည်။
ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒ်လူဝီမောင်ဘက်တန်းက
ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့တပ်မတော်
ဒုတိယသေနာပတိချုပ်(ဒပျူတီ အင်စပက် တာ ဂျင်နရယ်)အဖြစ် ခန့်အပ်သည်။
သို့သော်သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များမှ ပုဂ္ဂိုလ်တဦးကို
ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် တပ်မတော်မှ
ထွက်ခဲ့လေသည်။ ၁၉၄၅-ခုနှစ် သြဂုတ်လတွင် သူသည် ဖက်ဆစ်ဆန့်ကျင်ရေး
ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဌ ဖြစ်လာခဲ့သည်။ ထိုနောက်တဖန်
ကိုယ်စားလှယ်ပေါင်း ၁၃၀၀နှင့် စတင်ဖွင့်လှစ်သောနေ့တွင်
လူထုပရိသတ်တသိန်းနီးပါးတက်ရောက်ခဲ့သော ၁၉၄၆-ခုနှစ် ဇန်နဝါရီလ၌ ကျင်းပသည့်
ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက်ညီးလာခံတွင် ဥက္ကဌအဖြစ်ပင် အရွေးခံရပြန်သည်။
၁၉၄၆-ခုနှစ် အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌
ပါဝင်ဆောင်ရွက်ရေးအတွက် ပုဂ္ဂိုလ်၁၁-ဦး၏အမည်ကိုတင်သွင်းရန်
အကြောင်းကြားခြင်းခံခဲ့ရသည်။သို့သော်ဘရင်ခံထံမှ ကျေနပ်လောက် သော
စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည်တင်သွင်း ချက်ကို
ပြန်လည်ရုပ်သိမ်းခဲ့လေသည်။ သို့သော် ယင်းသို့ပြန်လည်ရုပ်သိမ်းလိုက်ခြင်းမှာ
သူနှင့် သူဥက္ကဌအဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ
ပြည်သူတို့၏အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ
ဗြိတိသျှအစိုးရ ကပင်လျှင် ဖဆပလအဖွဲ့ ချုပ်၏ လူထုထောက်ခံမှုရရှိပုံကို
ဗြိတိသျှ ပါလီမံအတွင်း၌ မလွှဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏
အမှုဆောင်ကောင်စီအတွင်းသို့ ဝင်နိုင် စေရန် ဖဆပလအတွက်
တံခါး‘ဖွင့်ထားနေသေးဆဲ’ပင် ဖြစ်ပေသည်။
မင်းမောင် (ဆာမူရိုင်း)
Sunday, July 22, 2012
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ အကျဉ်း
Posted by drmyochit
Sunday, July 22, 2012, under ဆောင်းပါး | No comments
0 comments:
Post a Comment