Saturday, July 14, 2012

ဗိုလ်ချူပ်ပြောတဲ့  တပ်မတော်ဆိုတာ...........

Posted by drmyochit Saturday, July 14, 2012, under | No comments

အာဇာနည်နေ့ အထိမ်းအမှတ်


ဒီပိုစ့်ကို အရမ်းသဘောကျလို့ ကိုcomrade ရဲ့ခွင့်ပြုချက် တောင်းခံပြီး တင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ...။ထပ်ဆင့်  ဖော်ပြခြင်းဖြစ်ပါတယ်။ပို စ့် ခေါင်းစဉ်ကိုတော့  ပြောင်းထားပါတယ်။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။ လွဲမှားခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ အတွက် ဝမ်းနည်းနေလို့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ အားလုံး ကိုယ်စီ ကိုယ်စီ အားစိုက်ထုတ် ကြိုးပမ်းဖို့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်ချုပ်စကားကို နားမထောင်ကြလို့ ခုချိန်ထိ မြန်မာချင်း ချကြတုန်း၊ သတ်ကြတုန်း၊ တလွဲဆံပင်ကောင်း ကြတုန်း ရှိသေးပေမယ့်၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ ပြန်လည်ဖော်ထုတ်လာကြတာ၊ ဗိုလ်ချုပ်အမှတ်တရတွေ ရေးဖွဲ့ကြတာ၊ ဗိုလ်ချုပ်ကို မမေ့ကြောင်း ပုံတွေ စာတွေနဲ့ ဖေါ်ကျူးကြတာ အဆိုးထဲက အကောင်းပါပဲ။ အနည်းဆုံးတော့ ဗိုလ်ချုပ်ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ဆုံးမ စကားတွေကို ကျွန်တော်တို့ မမေ့ကြသေးတဲ့ သဘောပေါ့။ လိုက်နာနိုင်ကြရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ် ငြိမ်းချမ်းတဲ့ လမ်းကို နိုင်ငံသားအားလုံး အတူလှမ်းနိုင်ကြပါလိမ့်မယ်။

နိုင်ငံအပိုင်းနဲ့ ပက်သက်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်သူတွေ အများအပြားရှိပြီးသားမို့ ကျွန်တော်ကတော့ တပ်မတော်နဲ့ ပက်သက်လို့ ကျွန်တော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြ ပါရစေ။ ရုပ်ပိုင်းဆိုင်ရာ သုံးသပ်ရရင် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ တပ်မတော်ကို မှီဖို့ အများကြီး လိုပါသေးတယ်။ လေတပ် အနေနဲ့တင် ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) အနည်းဆုံး ထားရှိနိုင်ဖို့ ဗိုလ်ချုပ်က ရည်မှန်းခဲ့တာပါ။ အရန်နဲ့ ထောက်ပံ့ရေး လေယာဉ် အနည်းဆုံး အစင်း(၅၀၀)၊ ကြည်းတပ် အင်အား ၁ သန်း (၁ ၀၀၀ ၀၀၀) ထားရှိဖို့ ရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) ဆိုတာ အခုခေတ် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့ အတွက် အဲဒီ့ အရေ အတွက်လောက် မလိုဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် အိမ်နီးချင်း အိန္ဒိယလေတပ်ရဲ့ လေယာဉ် အစင်း (၁၆၀၀) ကျော်၊ တရုတ်လေတပ်ရဲ့ လေယာဉ်အစင်း (၂၅၀၀) ကျော်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်က ကြည်းတပ်အင်အား ၁ သန်း ထားနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပြင်၊ နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့၊ အရေးကြုံရင် အသင့် ဖွဲ့စည်း တိုက်နိုင် ခိုက်နိုင်တဲ့ အရန်အင်အား သန်းချီပြီး ပြည်သူထဲမှာ ရှိနိုင်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။ military doctrine နဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ချမှတ်ခဲ့တာ ပြည်သူ့စစ်မဟာဗျူဟာ (People's strategy) ပါပဲ။ ၁၉၄၉ ခုနှစ်မှ စတင် ထူထောင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို ဗိုလ်ချုပ်ကြိုမြင်ခဲ့လေ သလား မသိပါ၊ အနာဂါတ်မှာ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စုကြီး တစ်ခု ထူထောင်ရမယ် ဆိုတာ ကြိုတင် မိန့်ကြားခဲ့ဖူးပါတယ်။ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှဒေသနဲ့ ပိုပြီး နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရမယ် ဆိုတာ ဗိုလ်ချုပ် ကြိုမြင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ အင်အားတောင့်တင်း ခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ မရပါ။ တပ်မတော် အင်အားရှိဖို့ အတွက်က တိုင်းပြည် အင်အားရှိဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်သူ့သြဇာမှ မခံရတဲ့ သိက္ခာရှိတဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ်ရပ်တည်ချင်ရင် ကျွန်တော်တို့ ပြည်တွင်းရေး စည်းလုံးညီညွတ်မှ ရမယ်၊ ကာကွယ်ရေး စွမ်းအား တောင့်တင်းနေမှ ရမယ်။ ကိုယ့်အချင်းချင်း မတည့်လို့ သူများကို မျက်နှာချိုသွေးရတဲ့ အဖြစ်မျိုးဟာ အသည်းနာဖို့ ကောင်းလှတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုသာ အဓိက အခြေခံ စဉ်းစားတတ်ကြရင် ကျွန်တော်တို့ ဒီထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ အများကြီး ရှိနေကြောင်း မြင်ကြရပါလိမ့်မယ်။ ကိုယ့်ဘေးက နိုင်ငံကြီး နှစ်ခုက အင်အားတွေ (နိုင်ငံရေး၊ စစ်ပွားရေး၊ စစ်ရေး) ကြီးထွားလာလိုက်တာ၊ အနောက်ကမ္ဘာမှာတောင် အိန္ဒိယနဲ့ တရုတ်တို့ အတက် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နေကြရပီ။ အဲ့ဒီ့နှစ်နိုင်ငံကြားက ကျွန်တော်တို့ နိုင်ငံမှာတော့ ရန်ဖြစ်လို့ ကောင်းတုန်း။ လှေတစ်စီးတည်း စီးရင်း သူလှော်မယ်၊ ငါလှော်မယ်၊ ဟိုလို လှော်မယ်၊ ဒီလို လှော်မယ်နဲ့ ရန်ဖြစ်နေကြပုံနဲ့တော့ ရှေ့က ရောက်နှင့်ကြတဲ့ လှေတွေကို မှီဖို့ ဝေးစွ လှေစီးရင်း ရန်ဖြစ်လို့ အားလုံးရေနစ်ကြရမယ့် အရေးပါပဲ။ ကျွန်တော်တို့ အချိန်မှီပြင်ကြမှ ဖြစ်မယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားရောက်နေတာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်တတ်မယ်၊ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်တာတွေ အများကြီးပါ။ သူများကို အမှီအခို ကင်းကင်းနဲ့ ကိုယ့်ခွန်ကိုယ့်အားကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အရင်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးကြဖို့ လိုနေပါပြီ၊ ပြီးရင်တော့ ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်ကြရမှ ဖြစ်လိမ့်မယ်။

တပ်မတော်ကိစ္စ သုံးသပ်ရင်းကနေ ညီညွတ်ရေး အထိ တွေးမိသွားတယ်။ ကျွန်တော်ပြောချင်တာ ပြန်ကောက်ရရင် တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေ အများကြီး လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်မျိုးကို ကျွန်တော်တို့ မရောက်ရှိသေးပါဘူး။ အမျိုးသားရေး လိုအပ်ချက်အရ လွတ်လပ်ရေးသမိုင်းနဲ့ အတူ မွေးဖွားလာတဲ့ တပ်မတော်ဟာ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကောင်းတွေကို ခံယူခဲ့ပြီးသားပါ။ ဒါပေမယ့် လွတ်လပ်ပြီးစ ပြည်တွင်းစစ် ဝင်္ကပါ အတွင်းကျရောက်ခဲ့ရတာ၊ နိုင်ငံအုပ်ချုပ်ရေး အပိုင်းမှာ ကာလရှည် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပါဝင်ခဲ့ရတာဟာ တပ်မတော်ရဲ့ စိတ်ဓါတ်ကို ရိုက်ခတ်မှုမျိုးစုံရှိခဲ့ပြီး အရောင်အမျိုးမျိုးလည်း ဆိုးခံခဲ့ရ ပါတယ်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ အဖုအထစ် တွေလည်း ဖြစ်စေခဲ့တယ်။ တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယနေ့မှာ ပြန်လည်ထမ်းဆောင်နေရပြီ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံက စလို့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းကနေ စပြီး ကိုယ်စီကိုယ်စီ၊ ထိုမှ တဆင့် ကိုယ့်ရဲ့ လက်လှမ်းမှီသလောက် ပြန်လည် ပြုပြင်ကြပါစို့၊ မွန်မြတ်တဲ့ အစဉ်လာကောင်းတွေကို ထိန်းသိမ်း ကြပါစို့ဗျာ။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။



နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ် တစ်ယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်း မသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။
ပွဲစားတွေလား
စကားပြောတာ ဖြစ်ဖြစ် ထမင်းဝါးတာ ဖြစ်ဖြစ် အင်နာဂျီ သုံးရတယ်။ လူကောင်းတွေလို ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် အလျံပယ် ရှိနေတာ မဟုတ်တော့ အင်နာဂျီသုံးပြီး တစ်ခုခု လုပ်လိုက်တာနဲ့ အောက်စီဂျင် ကုန်သွားတယ်။ ချက်ချင်း ဟောဟဲ ဟောဟဲ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှုပ်ရှားမိအောင် သတိထားနေရတယ်။ ရောက်ကတည်းက သူပြောတာကိုသာ နားထောင်နေခဲ့ပေမယ့် နောက်ဆုံး ပြောလိုက်တဲ့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ ဆိုတဲ့ သူ့စကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘူး။ ချက်ချင်း တုံ့ပြန်ပြောလိုက်မိတယ်။ တင်ပေးရအောင် ဂျာနယ်သမားတွေက ပွဲစားတွေလားလို့ မေးလိုက်တယ်။
ဆက်ဆံရေးဗျူဟာ
ဒီခေတ် စာနယ်ဇင်းတွေထဲမှာ 'တင်ပေးတယ်' ဆိုတဲ့ စကား သိပ်အသုံးများတယ်။
''သမီးတို့ ဒီလို ဖြစ်လာတာ စာနယ်ဇင်းတွေက တင်ပေးလို့ပါ''
''စာနယ်ဇင်းဆိုတာ အနုပညာသမားတွေ အတွက် ပေါင်းကူးတံတားပါ'' ''စာနယ်ဇင်းတွေက မြှောက်စားလို့ ဒီနေရာ ရောက်လာတာပါ''
ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ ဖျော်ဖြေရေးနယ်က လူတွေက လူထုဆက်ဆံ ရေး ဗျူဟာ အနေနဲ့ ပြောတဲ့စကားတွေကို အဟုတ်မှတ်ပြီး မီဒီယာသမားတွေ ကိုယ်တိုင်က ဂုဏ်ယူနေကြတယ်။ ငါတင်ပေးလိုက်တာပေါ့ ဆိုပြီး လူထူထူရှိရင် ကြွားတတ်တယ်။ တကယ်တော့ ဒီစကားတစ်ခွန်းက သတင်းမီဒီယာသမားကို ပီအာသမား လိုလို၊ ကြော်ငြာသမား လိုလို၊ အေးဂျင့် လိုလို အဆင့်မျိုးရောက်အောင် ဆွဲချပစ်လိုက်တယ် ဆိုတာကိုတော့ မသိရှာကြဘူး။
ကြားပွဲစားမဟုတ်
သတင်းသမား ဆိုတာ သတင်းပေးဖို့က လွဲပြီး တခြား ဘာတာဝန်မှ မရှိဘူး။ အဖြစ်မှန် အချက်အလက် အမှန်ကို မိတ်ကပ် မလိမ်းဘဲ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသား တင်ပြပေးဖို့သာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ တင်ပေးဖို့ တာဝန် မရှိဘူး။ ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမှ ပေါင်းကူး ဆက်သွယ်ပေးစရာလည်း မလိုဘူး။ သတင်းသမားဆိုတာ ဖျန်ဖြေရေးသမား (mediator) မဟုတ်သလို စေ့စပ်ရေးသမား(negotiator) လည်း မဟုတ်ဘူး။ ကြားပွဲစားလည်း မဟုတ်ဘူး။ဖျန်ဖြေရေးသမား၊ စေ့စပ်ရေးသမား ဖြစ်ဖို့က အထူး ကျွမ်းကျင်မှု လိုအပ်တဲ့ အလုပ်မျိုး ဖြစ်တယ်။ နိုင်ငံရေးကို ခြေခြေမြစ်မြစ် တတ်သိနားလည်ဖို့ လိုအပ်သလို၊ သံခင်းတမန်ခင်း (Diplomacy)ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့လိုတယ်။ လူတိုင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။


သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ်သူ မြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး . . .
တတ်ယောင်ကားတွေရဲ့ အန္တရာယ်
အလုပ်ဆိုတာ ကျွမ်းကျင်ရာလိမ္မာ ဆိုတဲ့ စကားအတိုင်း ကိုယ်ကျွမ်းကျင်ရာကို လုပ်မှ ဖြစ်မြောက်တယ်။ ငါတို့လည်း စာဖတ်တတ်တာပဲ။ စာဖတ်ပြီးလုပ်ရင် ဘာကြောင့် မဖြစ်ရမှာလဲလို့ သဘောထားလို့ မရဘူး။ ဆေးကျောင်းတက်ပြီး စနစ်တကျ ဆေးပညာ မသင်ယူဘဲ ဆေးစာအုပ်တွေဖတ်ပြီး ဆရာဝန် လုပ်လို့မရဘူး။ ဇွတ်လုပ်ရင် ဆရာဝန် မဖြစ်ဘဲ လူသတ်သမားပဲ ဖြစ်လိမ့်မယ်။ ဒီခေတ်က အင်တာနက်ခေတ် ဆိုတော့ ဘာမဆို အလွယ်တကူ ရှာလို့ရတာကြောင့် အထူး ဆင်ခြင်သတိထားဖို့ လိုတယ်။ တတ်ယောင်ကား သမားတွေရဲ့ အန္တရာယ် သိပ်ကြီးတယ်။ မြန်မာနိုင်ငံမှာက ဒီမိုကရေစီတို့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားတွေကို ကျယ်ကျယ် မပြောဝံ့တဲ့ အခြေအနေက နေပြီး ရုတ်တရက် အထိုက်အလျောက် ပြောလို့ရတဲ့ အခြေအနေကို ရောက်လာတော့ ခေတ်ပေါ် ဒီမိုကရေစီ ဂုရုတွေ နေရာပေါင်းစုံက ပေါ်ထွက်လာပြီး ဒီမိုကရေစီ တရားတွေ ဟောကြားနေကြတာ ခုတလော နေရာတကာမှာ တွေ့နေရတယ်။
သားကောင်း၊ လင်ကောင်း၊ ဖခင်ကောင်း
ဒီလို ဂုရုတွေထဲမှာ လူမျိုးစုံပါတယ်။ တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ 'နှောင်ကြိုးမဲ့ကမ္ဘာ' အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေး တစ်ခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတစ်ခု ရပြန်တယ်။ ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့ အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ။ ငယ်စဉ်ဘ၀ တစ်လျှောက်လုံး သားလိမ္မာလေး အဖြစ် ကြီးပြင်းလာခဲ့ပြီး အရွယ်ရောက်တော့လည်း လင်ကောင်း၊ သားကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်အောင် စီးပွားရေးပဲ ကုန်းရုန်းပြီး လုပ်ခဲ့တယ်။
စီးပွားရေး ဂုရုကြီးတွေ
စီးပွားရေး လုပ်ရာမှာလည်း သူတို့က အင်မတန် လိမ္မာကြတယ်။ လူတိုင်းနဲ့ တည့်အောင်ပေါင်းပြီး လိုချင်တာ ရအောင် ယူတတ်တယ်။ လိုင်စင်ခေတ်မှာ လိုင်စင်ရအောင် ယူနိုင်စွမ်း ရှိသလို၊ ပါမစ်ခေတ်မှာလည်း ပါမစ်မျိုးစုံရအောင် ယူနိုင်တယ်။ အခု ခေတ်ရောက်တော့ 'တို့ခေတ်ရောက်ပြီဟေ့'လို့ လက်ခမောင်းခတ် ကြွေးကြော်ပြီး 'စီးပွားရေးဂုရု'ကြီးတွေ လုပ်နေကြတော့တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်တာ သဘာဝကျတယ်။ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် စီးပွားရေးကို ရိုးရိုးသားသား မလုပ်ဘဲ 'ဂုရု' ကြီးလုပ်ပြီး 'ဖရီးမားကတ်' တို့ 'လစ်ဘရယ်လိုက်ဇေးရှင်း' တို့ 'ဒီမိုကရက်တိုက်ဇေးရှင်း'တို့ လျှောက်ပြောနေတာကတော့ နားကြားပြင်းကပ်လှတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်
စီးပွားရေးသမားက စီးပွားရေး လုပ်ပါ။ ဒါဟာ တိုင်းပြည် ကြီးပွားရာ ကြီးပွားကြောင်း တစ်ဖက်တစ်လမ်းက ပါဝင် လုပ်ဆောင်တာပဲ။ ကျောင်းဆရာက စာသင်ပါ။ ဆရာဝန်က ဆေးကုပါ။ ကားဆရာက ကားမောင်းပါ။ ဆံသဆရာက ဆံပင်ညှပ်ပါ။ ကျွမ်းကျင်ရာ လိမ္မာကြတာပဲ။ အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရင် ပြီးရောပေါ့။ ဆိုက်ကား နင်းတတ်တာနဲ့ မော်တော်ကား တက်မောင်းလို့တော့ ဘယ်ဖြစ်မှာလဲ။ အလားတူပဲ ကျွန်တော်တို့ သတင်းသမားတွေလည်း သတင်း အလုပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ လုပ်ဖို့လိုတယ် ဆိုတာ သတိထားသင့်ကြတယ်။ သတင်းသမားရဲ့ အလုပ်က သတင်းရေးဖို့နဲ့ တချို့ သတင်းတွေကို ရှင်းသထက်ရှင်းအောင် ပိုင်းခြားစိတ်ဖြာ လုပ်ပေးဖို့ပဲ ဖြစ်တယ်။
အားတော့မရှိလှဘူး
သတင်းအလုပ်ကို 'လူထုဆက်သွယ်ရေးလုပ်ငန်း'တို့၊ ကြော်ငြာလုပ်ငန်းတို့၊ အေဂျင်စီလုပ်ငန်းတို့ ကုမ္ပဏီကြီးတွေနဲ့ ပါတီ အဖွဲ့အစည်းတွေရဲ့ ပြန်ကြားရေး အရာရှိ လုပ်ငန်းတို့နဲ့ ရောထွေး မပစ်သင့်ဘူး။ ပြောသာပြောရတာ။ အားတော့ မရှိလှဘူး။ နိုင်ငံတကာက သတင်းစာ ပညာသင်ကြားတဲ့ တက္ကသိုလ်ကြီးတွေ အတော်များများမှာ သတင်းစာပညာ ဘာသာရပ်ဟာ 'လူထု ဆက်သွယ်ရေး လုပ်ငန်း' ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ သင်ကြားနေကြတော့တယ်လို့ သတင်းစာပညာ သင်ကြားတဲ့ ဆရာတွေ ကိုယ်တိုင်က စိတ်ပျက်လက်ပျက် ညည်းညူသံတွေ တစ်နေ့တခြား ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားနေရလို့ ဖြစ်တယ်။
စပွန်ဆာဆိုတာ လာဘ်ပေးတာ
မြန်မာ မီဒီယာလောကမှာ တွင်ကျယ်နေတဲ့ 'တင်ပေးတယ်' ဆိုတဲ့ စကားက 'လူထုဆက်သွယ်ရေးလုပ်ငန်း'က လာတဲ့ စကား ဖြစ်တယ်။ သတင်းလောက စကား မဟုတ်ဘူး။ သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ် သူမြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး။ ဒီခေတ်စကားနဲ့ လိုတိုရှင်း ပြောရရင် ကိုယ်က ဘယ်သူ့ကိုမှ 'စပွန်ဆာ' မလုပ်ရသလို သူများက ကိုယ့်ကို 'စပွန်ဆာ' လုပ်တာလည်း ဘယ်တော့မှ လက်မခံရဘူး။ သတင်းသမားအဖို့ 'စပွန်ဆာ' လက်ခံတယ် ဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာနဲ့ အတူတူပဲ။ သတင်းသမားဟာ 'စပွန်ဆာ' ကို 'ပါဏုပေတံ' အသက်ထက်ဆုံး 'ဝေရာမဏိ' ရှောင်ကြဉ်ရတယ်။
ရှက်လည်းရှက်တယ်
ဒီအကြောင်းရေးတာ အပ်ကြောင်းထပ်နေပြီ။ ဒါပေမယ့် သတင်းအလုပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာနေတာမျိုးတွေက လျော့သွားတယ် မရှိဘူး။ ဒီဘက်ပိုင်းမှာ ပိုတောင် ဆိုးလာတယ်။ လုပ်ပိုင်ခွင့် ရှိသူတွေ နားကပ်ပြီး 'အနားပြာ' လုပ်ရင်းနဲ့ ရသမျှ အခွင့်အရေး 'ပိုက်စိပ်တိုက်' ရအောင်ယူသူနဲ့ နိုင်ငံရေးသမား လက်သစ်တွေကို တင်ပေးသလိုလို မြှောက်စားသလိုလို လုပ်ပြီး အသုံးချဖို့ ကြိုးစားသူနဲ့ သံရုံးတကာ ၀င်ထွက်သွားလာပြီး ''ကျွန်တော့်ကိုဖိတ်ပါ''လို့ မျက်နှာပြောင်တိုက် ပြောတဲ့သူနဲ့၊ စီးပွားရေး သမားတွေ အတွက် ခဏခဏ ကြော်ငြာရေးပေးပြီး ကြော်ငြာခနဲ့တန်အောင် စပွန်ဆာကြေး ကောင်းကောင်း ပြန်ယူသူနဲ့ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး ဖြစ်နေတယ်။ ဒါကြောင့် ထပ်ခါထပ်ခါ ရေးနေရတာ ဖြစ်တယ်။စာဖတ် ပရိသတ်ကို အားလည်းနာတယ်။ရှက်လည်း ရှက်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရလို့။
စောင့်မျှော်ပေးပါ
ခုချိန်မှာ အိုစမာဘင်လာဒင် ကိစ္စ၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင် ကိစ္စ၊ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး ကိစ္စ၊ အာဖဂန်နစ္စတန် နိုင်ငံကို အိန္ဒိယသမ္မတ သွားရောက်တဲ့ ကိစ္စ၊ အစ္စရေးနိုင်ငံ အနေနဲ့ ၁၉၆၇ ခုနှစ် စစ်ပွဲ မတိုင်မီက နယ်နိမိတ် အထိ ပြန်ဆုတ်ပေးဖို့ အိုဘားမားက ပြောလိုက်တဲ့ ကိစ္စ စတဲ့ ကိစ္စပေါင်းများစွာ ကမ္ဘာ့ ထိပ်တန်း သတင်းကြီးများ အဖြစ် လူတိုင်း စိတ်ဝင်စားနေကြချိန်မှာ ဒီအကြောင်းတွေကို ခွဲခြားစိတ်ဖြာ ပြရမယ့်အစား ရေးပြီးသား အကြောင်းအရာကိုပဲ ထပ်ပြီး ရေးမိတဲ့ အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်။ စာဖတ်သူများ စိတ်ဝင်စားတဲ့ အကြောင်းတွေကို ကြိုးစား ရေးသားသွားဖို့ စိတ်ထဲမှာ အမြဲတမ်း ရှိပါတယ်။ စိတ်ရှည်ရှည်ထား စောင့်မျှော်ပေးကြပါ။

လူထုစိန်ဝင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်