Wednesday, July 18, 2012

အာဇာနည်နေ့၊ မေ့တေ့တေ့

Posted by Anonymous Wednesday, July 18, 2012, under | No comments


ဝင်းကို

                                                    သရုပ်ဖေါ် ပန်းချီ ၀င်းကို

               အာဇာနည် နေ့  နီးလာပြန်ပြီ ဆိုတာ သတိရမိပြီး တဆက်တည်း အခုခေတ်လူငယ်တွေ အာဇာနည် တွေအကြောင်းမှသိသေးရဲ့ လား လို့
တွေးမိတာနဲ့ ကုမ္ပဏီမှာ ရှိတဲ့ အသက် ( ၃၀ ) အောက် လူငယ် တွေကို တခန်းဝင်တခန်းထွက်လိုက်မေးကြည့်ပါတယ်။မေးတဲ့မေးခွန်းက ရိုးရိုးလေးပါ။
အာဇာနည်နေ့မှာကျဆုံးသွားတဲ့ အာဇာနည် ကိုးဦးရဲ့နာမည်ကို အကုန်သိကြသလားလို့မေးကြည့်တာပါ။ပထမဆုံး မေးမိတာက မိန်းခလေး၂ ယောက်၊
တယောက်က( ၂၇ ) နှစ်၊ နောက်တယောက်က ( ၂၄ ) နှစ်၊ တအင်းအင်း တအဲအဲ လုပ်နေပြီးတော့ မှ “ဗိုလ်ချုပ် အောင်ဆန်း.” လို့ထွက်လာပါတယ်။

ကိုယ်ကလဲ ဟုတ်ပြီ ဆက်ပြော ပေါ့လေ၊ဒါနဲ့ ဆက်ပြောတယ် “ ဂဠုန်ဦးစော ”တဲ့ နောက်မှ သူတို့ဖာသာ သတိရသွားပြီး “ဟာ မဟုတ်ပါဘူးဂဠုန်ဦးစော
ကသတ်တဲ့သူပဲ” တဲ့။နောက်ထပ်လဲ နာမည်တွေ မပြောနိုင်တော့ဘူး။ဒါနဲ့ နောက်တခန်း  ရောက်တယ် မိန်းခလေး ( ၄ )ယောက် ရှိတယ် အကြီးဆုံးက
( ၃၁ )နှစ် ကျန်တာတွေက( ၂၅ )နှစ်ပတ်လည်တွေ သူတို့ ကတော့ တယောက်တပေါက်နဲ့ ၀ိုင်းဖြေတာ ( ၆ )ယောက်လောက်တော့သိတယ်။ဒါတောင်
ဦးသာမြတ်ဆိုတာ မဆီမဆိုင်ပါလာသေးတယ်။ထားတော့။နောက်တခန်း ထပ်မေးတယ်။မိန်းခလေး (၂ )ယောက် ၊ယောက်ျားလေး( ၂ )ယောက်ရှိတယ်။
အသက်(၂၅) နဲ့   (၂၇ )၀န်းကျင်တွေပဲ။ ( ၅ ) ယောက်တော့ ပြောနိုင်တယ်။ အဲဒီမှာ ထူးထူး  ဆန်းဆန်း တယောက်က“နန်းတော်ရှေ.ဆရာတင်” ကို
အာဇာနည်စာရင်းမှာ ထည့်ထားတာတွေ့ရတယ်။တယောက်ကတော့ “အာဇာနည်ဆိုတာ ဟိုကျန်စစ်သားတို့ အလောင်းဘုရားတို့ ကိုမေးတာလား” တဲ့။
ထားပါတော့ မေးခွန်းကိုသဘောမပေါက်လို့ပဲ ဖြစ်မှာပါ။ နောက်တခန်းကတော့ ယောက်ျားလေး ( ၅ )ယောက် ရှိတဲ့ Engineering ဌာန။အသက် (၂၇ )
နဲ့( ၃၀ ) ကြား တွေ။သူတို့ကလဲ ( ၅ ) ယောက်ပဲပြောနိုင်တယ်။ နောက်တခန်း ယောက်ျားလေး ( ၃ ) ယောက် ကတော့ ( ၇ )ယောက်ထိပြောနိုင်တာ
တွေ.တယ်။သူတို့ထဲမှာ အသက်( ၃၃ )နှစ်လောက်တယောက်ပါတယ်။

                      ဒါနဲ့ပဲ အွန်လိုင်းကနေ အသက်( ၃၀ )အောက် လူငယ်တွေကို လှမ်းမေးကြည့်တဲ့အခါ စုစုပေါင်း လူ(၂၀ )ကျော်လောက်ကိုမေးကြည့်
တဲ့အခါ ၊( ၈ ) ယောက်အထိ မှန်အောင်ပြော နိုင်တာ( ၂ ) ယောက်။  အကုန်မှန်တာ( ၂ ) ယောက်ပဲ တွေ့ပါတယ်။ အဲဒီ အထဲ တယောက်က  ဖြေတာ
သခင်ကိုယ်တော်မှိုင်း တဲ့  ပြီးတော့ သခင်တင်မြ တဲ့။ဟဲဟဲ ဟိုမှာ ဘိုးတော်က မယားအသစ် ငယ်ငယ်လေးနဲ့ ဟန်းနီးမွန်းကောင်းတုန်းဟာ ဘယ့်နှယ်။
ထားပါတော့ စာရင်းချုပ်ကြည့်လိုက်ရင်အများစုက မသိကြဘူးဆိုတာ တွေ.ရတယ်။ သေချာတွေးကြည့်မိတော့မှ ကျနော် တော်တော် လေး စိတ်မကောင်း
ဖြစ်သွားတယ်။ကျနော်တို့လူမျိုးတွေဟာ တော်တော်ကျေးဇူး မသိတတ်တဲ့ လူမျိုးတွေ ဖြစ်နေပြီလားလို့။ကိုယ့်တိုင်းပြည် လွတ်လပ်ရေးအတွက်အသက်ပေး
သွားတဲ့ သူရဲကောင်းတွေကို မေ့လျော့ပစ်လိုက်လောက်အောင်ကို ကျနော်တို့ ကျေးဇူးကန်းတတ်နေပြီလား။

                        တမင်တကာ မေ့လျော့ အောင်လိုက်လုပ်ခံထားရလို့လား တမင်တကာမေ့လျော့ အောင်လုပ်တာတွေရှိတာကတော့အမှန်ပဲ  ဒါပေမယ့်
အဲဒီကြားထဲက ရသလောက် ဖော်ပြနေတာတွေလဲ ရှိတာပဲ။ဒါပေမယ့် လူငယ်တွေက စိတ်မ၀င်စားတော့ဘူး ကျနော်တို့ငယ်ငယ်တုန်းကဆိုရင် အာဇာနည်နေ့
မနက်ပိုင်း အာဇာနည်ကြီးတွေ ကျဆုံးတဲ့ အချိန် မနက် ( ၁၀ ) နာရီ ( ၃၇ ) မိနစ်မှာ တနိုင်ငံလုံး ဥသြ ဆွဲပါတယ်။အဲဒီတုန်းက ရုပ်မြင်သံကြား မပေါ်သေးလို့
မြန်မာ့အသံက နေ ဥသြသံ ကို  လွှင့်ပေးပါတယ်။မြို့နယ်တိုင်းမှာ ရှိတဲ့ မီးသတ်ဌာန တွေကလဲ ဥသြဆွဲ  ပေးပါတယ်။ အိမ်တိုင်းက အဲဒီ အချိန်နီးပြီ ဆို ရင်
ရေဒီယိုဖွင့်ပြီး အလေးပြုဖို့ စောင့်နေကြပါတယ်။  ဥသြဆွဲသံကြားရင် လုပ်လက်စအလုပ်တွေ အကုန်ရပ်ထားပြီး မတ်တပ်ရပ် ဦးညွှတ် အလေးပြု ကြပါတယ်။
မောင်းနေတဲ့ကားတွေ  တောင်ရပ်ထားပါတယ်။ အဲဒီလို  အလေးပြုရမယ်ဆိုတာကို အာဇာနည်နေ့ မတိုင်ခင်ကတည်းက ကျောင်းတွေ၊ရုံးတွေ မှာ၊ ရေဒီယိုမှာ
လှုံ့ဆော်ပါတယ်။ ပြီးတော့ ကျောင်းတွေမှာ အာဇာနည်နေ့အကြောင်း ဟောပြောပွဲတွေ၊ နံရံကပ် စာစောင်တွေ၊ စာစီစာကုံး ပြိုင်ပွဲတွေ  လုပ်ကြပါတယ်။
ဒါကြောင့်လဲ အာဇာနည်ကြီးများ ဘယ်လိုကျဆုံးခဲ့ပုံ၊ အာဇာနည်ကြီးတွေရဲ့ နာမည်၊ စတာတွေဟာ ကျနော်တို့ ရင်ထဲမှာ စွဲထင်နေတာပါ။ အခုတော့လူတဦး
တယောက် အတွက်နဲ့ အာဇာနည်နေ့ ဆိုတာကို မှေးမှိန်သွားအောင်၊ အဲဒီ အာဇာနည်တွေကို လူတွေရဲ့   စိတ်ထဲမှာ ရှိမနေအောင် ဆိုတဲ့   အကြံအစည်
အတွေးအခေါ် နဲ့တမင် မှိန်ဖျော့ ထားခဲ့ပါတယ်။မလုပ် မဖြစ် အာဇာနည်နေ့အခမ်း အနား ကို အကျဉ်းချုံး ကျင်းပ ပါတယ်။ ဥသြ ဆွဲဖို့  တော့ ဝေလာဝေး
ကိုယ့်ဖာသာ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ၃ မိနစ် လမ်းဘေးမှာ ငြိမ်ပြီးရပ်နေရင် အဖမ်းမခံရ ကံကောင်း ပဲ။ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွေ
ဘာတွေ လဲ မရှိတော့ပါဘူး ။အဲဒီတော့ တဖြည်းဖြည်းနဲ့ လူငယ်တွေ ရဲ့ ရင်ထဲမှာ အာဇာနည် ဆိုတာ ဘာမှမဟုတ်တဲ့ လူတွေလို ဖြစ်လာပါတယ်။

                       တကယ်တော့ အဲဒါ ဟာ တိုင်းပြည် နဲ့ လူမျိုး တခုလုံး နစ်နာတာပါ။လူ့အဖွဲ့အစည်းတခုလုံး နစ်နာ တာပါ။ တိုင်းပြည်တပြည်၊  လူမျိုးတမျိုး၊
လူ့အသိုင်းအ၀ိုင်း တခု အတွက် စွန့်လွှတ်အနစ်နာခံ သွားတဲ့ သူတွေ ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှုမရှိတဲ့ အဲဒီ တိုင်းပြည်၊ အဲဒီလူမျိုး ၊ အဲဒီ လူ့အသိုင်းအ၀ိုင်း
အတွက် ဘယ်သူတွေက ထပ်ပြီး အစွန့်လွှတ်အနစ်နာခံ ပေးတော့မှာလဲ ၊ အဲဒါ  ဆိုရင် အဲဒီ တိုင်းပြည်၊ အဲဒီလူမျိုး၊ အဲဒီလူ့အသိုင်းအ၀ိုင်းက ရော ဘယ်လိုလုပ်
ကောင်းနိုင်ပါဦးမလဲ။ဂုဏ်မပြုတဲ့အပြင် ဂုဏ်ပြုချင်တဲ့ သူတွေကို တမင် လိုက်ပိတ်ပင်တယ် ဆိုရင်တော့ အဲဒီလောက် ကျေးဇူးကန်းတာ ၊ အဲဒီလောက် အရှက်မဲ့တာ
မရှိတောပါ့ဘူး။ အခုတော့ကျနော်တို့ တိုင်းပြည် ၊ ကျနော်တို့လူမျိုး ၊ ကျနော်တို့လူ့အသိုင်းအ၀ိုင်း ဟာ ကျေးဇူးတရားကို နားမလည် တဲ့ တိုင်းပြည် ၊ ကျေးဇူးကန်း
တတ်တဲ့ လူမျိုး ၊ အရှက်မဲ့တဲ့ လူ့အသိုင်းအ၀ိုင်း ဖြစ်နေပြီလား ဆိုတာ တွေးကြည့် မိရင်း အလွန် စိတ်ဆင်းရဲ ရကြောင်းပါခင်ဗျာ။    ။
                                                                                                                                

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်