Wednesday, July 18, 2012

၈၈၈၈ ငွေရတုအကြို လူထုအသွင်ဖြင့် မန္တလေးမှာ ကျင်းပမည်

Posted by Anonymous Wednesday, July 18, 2012, under | No comments

       ၈၈၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုချီးကျူးသွားရန် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ကို လူထုကိုယ်စားပြုပုံစံဖြင့် မန္တလေးမြို့တွင် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး၏ ငွေရတုအကြိုအဖြစ် နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး အစည်းအဝေးကို ဇူလိုင် ၁၆ ရက်နေ့က မန္တလေးမြို့ ဘုရားကြီး ဒက္ခိဏရာမ (အလယ်တိုက်)တွင် ကျင်းပခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင် တက်ရောက် ဦးဆောင်ဆွေးနွေးခဲ့သည်။

တိုင်းနှင့်ပြည်နယ်အားလုံးမှ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရေးအတွက် ဆက်သွယ်ရေး အလယ်ဗဟိုကျသည့် မန္တလေးမြို့တွင် ကျင်းပသွားရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း စီစဉ်သူတဦး
ဖြစ်သည့် ကိုရဲရင့်ကျော်က ပြောသည်။

“၈၈ က နောင်တော်ကြီးတွေက ဝိုင်းဝန်းစီစဉ်တာဖြစ်တယ်။ ပါဝင်ကူညီကြမယ့် မိဘပြည်သူတွေရော၊ ဒီပွဲကြီးဟာ
အေးချမ်းစွာ၊ ငြိမ်းချမ်းစွာ ဆောင်ရွက်မယ့်ပွဲဖြစ်တယ်။ သက်ဆိုင်ရာမှ အဲဒီအပေါ်မှာ ပဋိပက္ခဆန်တဲ့ တားဆီးမှုတွေ မဖြစ်စေချင်ဘူး။ တားဆီးခဲ့ရင်တော့ ငွေရတုမှာ ပေါက်ကွဲဖို့ မီးစထိုးလိုက်သလို ဖြစ်မှာပဲ။ ပြည်သူတွေက စည်းကမ်း ရှိစွာ ကျင်းပသွားမှာပါ။ ခွင့်ပြုပေးတဲ့ အစိုးရဟာလည်း နာမည်ကောင်း ရမှာပါ။ မန္တလေးမှာက အမြဲတမ်းလုပ်နေတဲ့ ၈၈ က လူတွေဟာ လူထုကိုယ်စားပြု လူထုအသွင်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အမိုးအကာအောက်မှာပင် ငြိမ်းချမ်းစွာ ကျင်းပသွားမည်ဖြစ်၍ အာဏာပိုင်များဘက်မှလည်း အစိုးရိမ်ကြီးစွာ တားမြစ်မည်ဟု မယူဆကြောင်း ၎င်းးက ဖြည့်စွက်ပြောဆိုသည်။

“အစိုးရချင်း ကွာတယ်။ ဖြေရှင်းရမယ့် ခေတ်အနေအထားချင်း ကွာတယ်။ ကျနော်တို့က အစည်းအဝေး လုပ်နေတယ်။ တံခါးရဲ့အပြင်မှာ လာနားထောင်နေတဲ့ နယ်မြေခံ အက်စ်ဘီ တွေ အကုန်လုံးရှိနေကြတယ်။ ကျနော်တို့ပြောတာတွေ အကုန်ကြားတယ်။ ပွဲနဲ့ ပါတ်သက်ပြီး အစိုးရကို အစိုးရိမ်မကြီးဖို့ ကျနော်တို့ ပြောမယ်” ဟု ကိုရဲရင့်ကျော် က
ပြောသည်။

၁၉၉ဝ ပြည့်နှစ်က မန္တလေးမြို့၌ပင် ကျင်းပခဲ့သည့် ၈၈၈၈ နှစ်နှစ်မြောက် အထိမ်းအမှတ် ဆွမ်းလောင်းပွဲ လုပ်စဉ်က အာဏာပိုင်များ၏ အကြမ်းဖက်ြေိုခွင်းမှုကြောင့် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရသည်အထိ ဖြစ်ခဲ့ရပုံ ကိုလည်း ဆက်လက် ရှင်းပြသည်။

“လူထုဒေါ်အမာရဲ့တိုက် လမ်းအနောက်ဘက်ခြမ်းမှာ ခုံတွေစီပြီး သံဃာတော်တွေကို ဆွမ်းလောင်းတယ်။ ဆွမ်းစလောင်းစဉ် အချိန်အခါမှာပဲ အဓိကရုဏ်း နှိမ်နင်းရေးတပ်က ညှိနှိုင်းခြင်းမရှိဘဲနဲ့ ရန်သူစခန်းသိမ်းသလို ဝင်ပြီး စီးလိုက်တယ်။ ရိုက်တာမျိုး၊ ထိုးတာမျိုး၊ ဒရွှတ်တိုက် ဆွဲခေါ်တာမျိုးနဲ့ ကျနော်တို့ကို ဖြိုခွဲပစ်လိုက်တယ်။ မျက်ရည်ယိုဗုံး လည်း ခွဲတယ်။ သမဂ္ဂအတွင်းရေးမှူး ကိုမိုးကျော်လေးကို အဓိကထား ဖမ်းတယ်။ သူက ပြန်ရုန်းတယ်။ ဆရာတော်က ဆွဲလုတယ်။ ဒါပေမယ့် လှဲချ ဒရွှတ်တိုက် ဆွဲခေါ်သွားတယ်” ဟု ဆိုသည်။

ထို့ပြင် ဆွမ်းလောင်းပြည်သူများနှင့် ကျောင်းသားများကို ရိုက်နှက်ဖြိုခွဲခဲ့ကြပြီး စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း “ကျောင်းသား၊ သံဃာ၊ ပြည်သူရော အကုန်လုံး ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ သပိတ်တွေ ကျကွဲတယ်။ သူတို့ လုပ်နေကျအတိုင်း မိုးပေါ် ထောင်ပစ်တာ မဟုတ်ဘူး။ ကံကောင်းလို့သာ မှန်တာ မရှိတာ။ ကျည်ဆံမှန်ထားတဲ့ သပိတ်ကို သိမ်းထားတယ်” ဟု ဆိုသည်။

ယင်းဖြစ်ရပ်များကြောင့် မစိုးရိမ်နှစ်တိုက်မှ သံဃာ့သမဂ္ဂီ သံဃာတော်များက မစိုးရိမ် တိုက်ဟောင်းမှ နာယက စာချဆရာတော် ဦးကောဝိဒါဘိဝံသထံ သြဝါဒခံယူရာ ဆရာတော်က ဝိနည်း ဓမ္မကံ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ္တနိက္ကုဇ္ဇနကံ ဆောင်သင့်ကြောင်း မိန့်ကြားချက်အရ တနိုင်ငံလုံးရှိ သံဃာတော်များက အစိုးရ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအပေါ် (သာရေးနာရေး မကြွချီခြင်း၊ ဆွမ်းခံမကြွခြင်းများ အပါအဝင်) ပတ္တနိက္ကုဇန ကံဆောင်ခြင်းအမှု
ပြုခဲ့ကြသည်။

ဤကံဆောင်ပွဲတွင် ဦးစီးဆောင်ရွက်ခဲ့ကြသော မန္တလေး မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော် ဦးကောဝိဒါဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၊ ရန်ကုန်မှ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလာ လင်္ကာရ၊ မေဒိနီဆရာတော်၊ မဂ္ဂင်ကျောင်းဆရာတော် အစရှိသော စာချအကျော် ဆရာတော်ကြီးများနှင့် သံဃာတော်များ ရာချီ၍ အဖမ်းခံ၊ အနှိပ်စက်ခံ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အကျခံရပြီး အချို့သံဃာတော်များ ရဲဘက်စခန်းတွင် ပျံလွန်တော်မူသွားခဲ့ရသည်အထိ ဖြစ်ခဲ့ရဖူးသည်။

ယခုနှစ်တွင် ကျင်းပမည့် ၂၄ နှစ်မြောက် နှစ်ပတ်လည်ပွဲကိုမူ လက်ရှိ ကျောင်းသား မျိုးဆက်သစ်များအား အဓိက ဦးစားပေး ကျင်းပသွားမည်ဖြစ်ကာ အာဏာပိုင်များအနေနှင့် အကြောက်တရားဖြင့် ဖိနှိပ်ဖြိုခွင်းမှုများ မပြုကြရန် ကိုမင်းကိုနိုင် က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

“ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို ပြောချင်တာက ကြောက်လန့်ပြီး မဖိနှိပ်ပါနဲ့ အစဉ်အလာကို ပြန်ကြည့်ပါ။ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးတာပါ။ တောက်လျှောက် လုပ်လာတာပါ။ ဒီမိုကရေစီဖြစ်တဲ့ အတွက်ကြောင့် ငြိမ်းချမ်းစွာ စုဝေးမယ်။ ငြိမ်းချမ်းစွာ ဟောပြောမယ်၊ ငြိမ်းချမ်းစွာ လူစုခွဲမယ်။ အမိုးအကာ တခုအောက်မှာ လုပ်နေတာ၊ လမ်းပေါ်ကို ခင်ဗျားတို့ ဆွဲခေါ်ရင်တောင် မလိုက်ဘူး။ နောက်ကြောင်း ပြန်လှည့်မယ့်ကိစ္စကို ကျနော်တို့က ပိုစိုးရိမ် တယ်။ ပေးဆပ်ပြီးမှရလာတဲ့ အဖူးအပွင့်ဗျ” ဟု ပြောကြားခဲ့သည်။

၁၃ဝဝ ပြည့် အရေးတော်ပုံကြီး၏ ရွှေရတု ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် ၁၉၈၈ သြဂုတ် ၈ ရက်နေ့သည် မြန်မာ့ သမိုင်းတွင် ပြည်သူလူထု ပါဝင်သည့် အကြီးကျယ်ဆုံးသော အရေးတော်ပုံ တခုဖြစ်ခဲ့ပြီး ထိုစဉ်က မဆလ အစိုးရ၏ သမ္မတ ၃ ဦးဆက်တိုက် ပြုတ်ကျသွားစေနိုင်ခဲ့ပြီး ၂၆ နှစ်တာ အုပ်စိုးလာခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်ကို ဇာတ်သိမ်းပစ်နိုင်ခဲ့သည်။

ထိုအရေးအခင်းအတွင်း အစိုးရတပ်များ၏ ပစ်ခေတ်နှိမ်နင်းမှုကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အများအပြား
သေဆုံးခဲ့ရသော်လည်း ဦးနေဝင်း အစိုးရက သေဆုံးသူအရေအတွက် စာရင်းအင်းတိတိကျကျ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ သို့သော် လူ ၃,ဝဝဝ ကျော် သေဆုံးခဲ့ရသည်ဟု အများစုက ခန့်မှန်းထားသည်။

From နယူးဒေလီ (မဇ္ဈိမ) ။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်