ရှင်းလင်းပွဲသို့ တက်ရောက်လာသည့်
ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ်တို့အား တွေ့ရစဉ်
ရခိုင်ပြည်နယ်
အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ
အဖွဲ့အစည်းများ၊ အိုင်အင် န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ
နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်း ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးစွာနှုတ်ခွန်းဆက်
အမှာစကား ပြောကြား ခဲ့သည်။
ထို့နောက်
နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရခိုင်ပြည်နယ်အခြေအနေနှင့်
စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။
ရခိုင်ပြည်နယ်တွင်
ဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့၏ အချိန်ကိုကြည့်ပါက တစ်ချိန်တည်းတစ်ပြိုင်တည်း
ဖြစ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်များက အခြားပြည်ပမှ လူများ၏
နိုင်ငံရေးရည်မှန်းချက်ကို ဦးတည်သည့် ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို
သက်သေပြနေကြောင်းဟု နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု
ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက
ပြောကြားခဲ့သည်။
ထို့ပြင်
ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ဘင်္ဂါလီဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို
ဥပမာပေးပြောကြားခဲ့ပြီး ဦးရွှေရောက်ဒူလာတွင် မိန်းမလေးဦး၊ သားနှင့်သမီး ၂၈ ဦး၊
မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင် ၈၂ ဦးရှိကြောင်းနှင့်
မွေးဖွားနှုန်းကိုဖော်ပြရန် ''စကားလုံးရှာလို့ မရနိုင်ကြောင်း'' ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်
အဓိကရုဏ်များနှင့်ဆက်စပ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
မှ ငါးဦး၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှတစ်ဦး၊ Doctors Without Borders(MSF)
မှ လေးဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနှင့် အဓိကရုဏ်းတွင် မပါဝင်သည်ကို
တွေ့ရှိရသည့်အတွက် တစ်ဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ကျန်ရှိသောသူများသည်
ရွာများကို မီးရှို့ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကို သက်သေအထောက်အထား၊
မျက်မြင်သက်သေများ ရှိပါကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာ တရားသူကြီးများက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက
ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်
အခြေအနေကို ၎င်းက (၁) ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို
ထိခိုက်စေသည့် ဖြစ်ရပ်များ၊ (၂)မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ် များ၊ (၃) အစိုးရ၏ အရေးယူ
မှုနှင့် ကာကွယ်တားဆီးရေး ဆောင်ရွက်မှုများ၊ (၄)စစ်တွေမြို့နှင့် အခြားမြို့များတွင်
အကြမ်းဖက်မှုနှင့် ဆူပူသောင်းကျန်းသော လူအုပ်ဖြစ်ရပ်များ၏ နောက်ဆက်တွဲဖြစ်စဉ်များ၊
(၅) ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး ဆောင်ရွက်မှုလုပ်ငန်းစဉ်၊
(၆)လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေး လုပ်ဆောင်မှု၊ (၇)ကယ်ဆယ်ရေး၊
ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်၊ (၈) တရားဥပဒေ
စိုးမိုးရေး၊ (၉)သဟဇာတဖြစ်သော လူ့အဖွဲ့အစည်းသို့ စသည့် ခေါင်းစဉ်များခွဲ၍
ရှင်းလင်းခဲ့သည်။
ထိုကဲ့သို့
ရှင်းလင်းပြီး၌ ဒေသခံ တိုင်းရင်းသားများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ
(ဘင်္ဂါလီများ) အတွက် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ရွှေ့ပြောင်း အခြေချနေထိုင်သူများ၏ လူဦးရေ အလွန်အမင်း
တိုးမြင့်လာမှု၊ ဘာသာရေး ပဋိပက္ခ၊ ယဉ်ကျေးမှု ပဋိပက္ခ၊ လူမှုရေး ပဋိပက္ခ၊
မြေယာအသုံးပြုမှု ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ၊ ဆက်သွယ် သွားလာနိုင်မှု အကန့်အသတ်ရှိခြင်း၊
တင်းကျင်သည့် ၀န်းကျင်၊ တင်းကျပ်သည့် ဈေးကွက်အခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်း
ရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါး၍ စာမတတ်မြောက်မှု၊ မဖွံ့ဖြိုးသည့်
အခြေခံအဆောက်အအုံများ စသည်တို့သည် ဒေသခံတိုင်းရင်းသားများနှင့်
ရွှေ့ပြောင်းအခြေချနေထိုင်သူ(ဘင်္ဂါလီများ)အတွက် ကြုံတွေ့နိုင်သည့်
ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ
ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရှိသည့်
နည်းလမ်းများကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တည်ငြိမ်မှုနှင့်
ဥပဒေစိုးမိုးမှုကို တိုးမြှင့်ခြင်း၊ ပင်ကိုစွမ်းရည်ရှိသော ပြည်သူ့အုပ်ချုပ်ရေး၊
အရပ်ဘက်လူ့အဖွဲ့အစည်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာခြင်း၊ ပဋိပက္ခ ကာကွယ်ရေး
ပြုစုပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်း နှစ်ရပ်လုံးအတွက် ရပ်ရွာအသိုင်းအ၀ိုင်း ဖွံ့
ဖြိုးအောင် ဆောင်ရွက်ခြင်း၊ ဆက်သွယ်သွားလာနိုင်မှု တိုးတက်အောင် ပြုလုပ်ခြင်း၊
ဒေသခံများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ကိုဖော်ထုတ်ခြင်း၊ ရပ်ရွာအသိုင်းအ၀ိုင်းကြား
အပြန်အလှန် ဆက်သွယ်ခြင်း၊ လူမှုရေးလုပ်ငန်းများ အားပေးခြင်း၊ ဈေးကွက်အခွင့် အလမ်း
ဖော်ထုတ်ခြင်းနှင့် ဈေးကွက်အခြေအနေများကို အားပေးခြင်း၊
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် စိုက်ပျိုးရေးကို အားပေးခြင်း၊
ပညာရေးနှင့် ကျန်းမာရေးကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အခြေခံအဆောက် အအုံများ
ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းသည် ခြိမ်းခြောက်မှုများနှင့်
စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖွယ်ရှိသည့် နည်းလမ်းများဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားခဲ့သည်။
ရွာများကို မီးရှို့ရာတွင်
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကို သက်သေအထောက်အထား၊
မျက်မြင်သက်သေများရှိပါကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာတရားသူကြီးများက ဥပဒေ၊
လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း . . .
|
ရခိုင်ပြည်နယ်၌
အဓိကရုဏ်းများကြောင့် ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ ဦး
သေဆုံးပြီး ၁၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စုစုပေါင်း လူနေအိမ် ၄၈၂၂
လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ လုံးနှင့် စာသင်
ကျောင်းသုံးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင်
အဓိကရုဏ်များကြောင့် လက်ရှိဒုက္ခသည်ဦးရေမှာ ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်လူမျိုး
၈၀၃၁ ဦး၊ ဘင်္ဂါလီ ၅၃၃၉၀ ဦး စုစုပေါင်း ၆၁၄၂၁ ဦးရှိကြောင်း သိရသည်။
ရခိုင်လူမျိုး
၈၀၃၁ ဦးအနက် ၅၇၀၂ ဦးမှာ စစ်တွေရှိ ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင်ရှိပြီး ၂၃၂၉ ဦးမှာ
မောင်တောရှိ ကယ်ဆယ်ရေးစခန်း ခြောက်ခုတွင်ရှိကြောင်းနှင့် ဘင်္ဂါလီ ၅၃၃၉၀ ဦးမှာ
စစ်တွေရှိ ကယ်ဆယ် ရေးစခန်းများတွင်ရှိကြောင်း သိရသည်။
အင်ဒိုနီးရှား
သံအမတ်ကြီးက ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများထဲတွင် ပါဝင်မှု ရှိ၊ မရှိ
နှင့် စပ်လျဉ်း၍ မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ လူမျိုး
မဟုတ်ပါဘူးလို့ သမ္မတကြီးက ပြောတဲ့စကားကို ကျွန်တော် ထောက်ခံပြောကြားလိုပါတယ်။
ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၈၂၄ ပထမ-အင်္ဂလိပ်
မြန်မာစစ်ပွဲ ဖြစ်ပွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ
ကိုလိုနီအောက် ရောက်ခဲ့ပါတယ်။ အဲဒီအခါမှာ လယ်ယာလုပ်ငန်းတွေအတွက်၊
ကာယလုပ်ငန်းတွေအတွက် လိုအပ်ချက်ရှိလာတဲ့အခါမှာ တစ်ဖက်နိုင်ငံမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ
ကျွန်တော်တို့နိုင်ငံကို အတားအဆီးမဲ့ ၀င်လာခဲ့တဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတော့
ဗြိတိသျှလက်ထက်မှာရှိခဲ့တဲ့ အစိုးရပြန်တမ်းတွေကို ကြည့်တဲ့အခါမှာ ၁၉၇၃ ခုနှစ်က
ကောက်ခဲ့တဲ့ သန်းခေါင်စာရင်း၊ ၁၉၈၃ ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေကို
ကြည့်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာ
ရိုဟင်ဂျာဆိုတာကို တရားဝင် ဖော်ပြထားတယ်ဆိုတာ မရှိပါဘူး။ ဘင်္ဂါလီလူမျိုးသာ
ဖော်ပြထားတာ ရှိပါတယ်။ ကျွန်တော်တို့မှာ တရားဝင် လူမျိုးစုကြီး ရှစ်စုရှိပါတယ်။
ချင်း၊ ကရင်၊ ကချင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှိပါတယ်။ နောက်ပြီး
လူမျိုးစု ၁၀၀ ကျော် ရှိပါတယ်။ အဲဒီဟာတွေက တရားဝင်လူမျိုးစုတွေ ဖြစ်ပါတယ်။
အဲဒီထဲမှာကော၊ ဗြိတိသျှအစိုးရ ပြန်တမ်းမှာရော ၁၉၇၃ ခုနှစ်က ကောက်ခဲ့တဲ့
သန်းခေါင်စာရင်း၊ ၁၉၈၃ခုနှစ်က ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းတွေမှာရော ဘယ်တုန်းကမှ
ရိုဟင်ဂျာဆိုတာ မရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည်
ကျွန်တော်တို့လူမျိုးထဲမှာပါဝင်တဲ့ လူမျိုးမဟုတ်ဘူး။ ကျွန်တော်တို့
နိုင်ငံမှာမရှိပါဘူးလို့ ဖြေကြားချင်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊
ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး
မြန်မာနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ် Tomás Ojea Quintana လည်း တက်ရောက်ခဲ့ကာ
ရှင်းလင်းပြောကြားချက်များနှင့် စပ်လျဉ်း၍ မိမိအနေဖြင့်
သေချာလေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး မိမိခရီးစဉ်အပြီးတွင် ကြေညာချက်
ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
0 comments:
Post a Comment