Friday, September 07, 2012

တိုင်းမှူးသစ်ကြောင့် စစ်ဗျူဟာ ပြောင်းလဲမည်

Posted by drmyochit Friday, September 07, 2012, under | No comments


K_008900 
KIA တပ်ဖွဲ့များချီတက်အလေးပြုနေပုံ(ဓါတ်ပုံ KIA)
  
K_21212121
 အခမ်းအနားတခု၌ စစ်ရေးပြနေသော KIA တပ်ဖွဲ့များ (ဓါတ်ပုံ KIA)
မြောက်ပိုင်းတိုင်း ဌာနချုပ်တွင် စက်တင်ဘာ (၂) ရက်နေ့၌ တိုင်းမှူး အသစ် ခန့်အပ် တာဝန် ပေးခဲ့ပါသည်။ တိုင်းမှူး အသစ်မှာ ဗိုလ်ချုပ် ထွန်းထွန်းနောင် ဖြစ်ပြီး၊ တိုင်းမှူး အဟောင်းမှာ ဗိုလ်ချုပ် ဇေယျာအောင် ဖြစ်ပါသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာတွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး၊(TNLA) တို့ကို ပြည်သာယာ စစ်ဆင်ရေး စီမံကိန်းဖြင့် တိုက်ခိုက် နေသော အချိန်ကာလ ဖြစ်ပါသည်။
ဤကဲ့သိုသော အချိန်မျိုး၌ တိုင်းမှူး အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းပင်ဖြစ်ပါသည်။ ဤသည် စစ်ရေးအရ ထူးခြားမှုပင် ဖြစ်ပြီး၊ စစ်ဆင်ရေး၏ ပထမပိုင်း မအောင်မြင်မှုကို ဖေါ်ပြ ရာလည်း ရောက်ပါသည်။ မည်သို့ပင် ဆိုစေ ဤတိုင်းမှူး သစ်အပြောင်း အလဲကြောင့် မည်သို့ ဖြစ်လာနိုင်ဖွယ် ရှိသည် များကို သိရှိနိုင်ရန် အသစ် ခန့်အပ် ထားသော တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်နောင် ၏ အခြေအနေ တချို့ကို ဖေါ်ပြရန် လိုအပ် လာပါသည်။ သူဘယ်လို လူမျိုးပါလဲ။
သူ၏ ကိုယ်ရေး အချက်အလက် များကို မသိသော်လည်း ရန်သူအကြောင်း ကိုယ့်အကြောင်းဆိုသည့် မူနှင့် အခြေခံ စဉ်းစားပါက တိုင်းမှူး အသစ်၏ အကြောင်းကို KIO က ဘယ်လောက် သိသလဲ မေးမြန်းရန် ဖြစ်လာပါသည်။
ဤသို့ဖြင့် KIO ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းနှင့် (စက်တင်ဘာ ၆) ရက် မနက်၁၁ နာရီမှာ ဆက်သွယ်ခွင့် ရလာ ခဲ့ပါသည်။ ရွှေဟင်္သာ သတင်းဌာနသည် ရန်သူအကြောင်း ကိုယ့်အကြောင်း အမြင်အရ ဦးလာနန်းအား အောက်ပါ အတိုင်း မေးမြန်း ခဲ့ပါသည်။
ရွှေဟင်္သာသတင်းဌာန။     ။ မင်္ဂလာပါ ဦးလာနန်း။ အခုမြောက်ပိုင်းတိုင်း တိုင်းမှူး အသစ် ခန့်တာကို KIO က သိပြီးဖြစ်ပါ လိမ့်မယ်။ ဒီတိုင်းမှူး အပြောင်းအလဲနဲ့ ပါတ်သက်ပြီး၊ KIO က ဘယ်လို ရှုမြင် ပါသလဲ ?
ဦးလာနန်း။   ။ ခန့်တာက စက်တင်ဘာလ (၂) ရက်နေ့က တာဝန်လွှဲအပ် ပေးသွားတာပါ။ ဒီနေရာမှာ စဉ်စားစရာအ ချက် တစ်ခုတော့ ရှိတယ်ခင်ဗျ။ အခု ဒီမှာ ရောက်လာတဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် ဆိုသူ ကတော့ အရင်က ကျနော်တို့နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် စဖြစ်ခဲ့တဲ့ အချိန်က တပ်မ (၈၈) ဗိုလ်မှူး အနေနဲ့ စစ်ဆင်ရေး လာလုပ်တာ ရှိခဲ့တယ်။ တိုက်ပွဲကို ပြင်း ပြင်းထန်ထန် ဖေါ်တယ်။ သူ့ရဲ့ တပ်ဖွဲ့တွေ ဆိုရင်လဲ ရွာတွေကို မီးရှို့တာမျိုး အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ် တာမျိုးအ များကြီး လုပ်ခဲ့တယ်။ စစ်ဆင်ရေးတွေကိုလည်း သူကိုယ်တိုင် ကိုယ်ကျ တပ်မဟာမှူး အနေနဲ့ရော ရှေ့တန်း စစ်ဆင်ရေးမှူး အနေနဲ့ပါ ဒီဒေသမှာ (၅)လ (၆) လလောက် တာဝန် ထမ်းဆောင် ခဲ့ဘူး တာရှိတယ်။
ရွှေဟင်္သာသတင်းဌာန။    ။  အဲဒီ အချိန်တုန်းက သူ့ရဲ့ စစ်ရေး စွမ်းဆောင် ခဲ့မှုအပေါ်မှာ KIA ဖက်က ဘယ်လိုသုံး သပ်လဲခင်ဗျ ?
ဦးလာနန်း။   ။ သူနဲ့ တိုက်ပွဲ အတော်များများကို တိုက်ခဲ့တယ်။ ချုပ်လိုက်ရင် သူ့တပ်တွေ အထိနာခဲ့တယ်။ အကျအဆုံး များခဲ့ တယ်။ အဲဒီတုန်းက တိုက်ပွဲ အစပိုင်းဆိုတော့ ကျနော်တို့ တပ်တွေကလည်း အင်နဲ့အားနဲ့ တိုက်ခဲ့တယ်။ ခပ်ပြင်းပြင်းပေါ့ ဗျာ။ သူ့တပ်တွေ အတော် ခံခဲ့ရတယ်။ အဲဒီလိုမျိုး ခံခဲ့ရတဲ့ စစ်ရေး ပုဂ္ဂိုလ် တစ်ယောက်ဟာ ဒီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုင်းမှူး ဘ၀အနေနဲ့ ပြန်ရောက်လာတယ်ဆိုတော့ စဉ်စားစရာ အကြောင်းတော့ ရှိလာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တပ်မ (၈၈) ကျဆုံးမှုတွေ အများကြီးရှိခဲ့တယ်။ ဒီအချက်ကို သူ့အနေနဲ့ အမှတ်ရ နေအုံးမှာပါ။ နောက်တစ်ခု ကတော့ ဒီ ကချင်ဒေသမှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး လုပ်ခဲ့ဘူးတယ်။ အဲဒီကိစ္စ အပေါ်မှာလဲ သူ့ဆီမှာ တာဝန် ရှိတယ်။ ဒါကြောင့်မို့ သူဒီမြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ပြန်လည် တာဝန် ထမ်းဆောင် လာတဲ့ အတွက် ဒီကိစ္စ တွေအပေါ်မှာ စဉ်စားစရာ အချက်က များစွာ ရှိလာပါတယ်။
အဲဒီတော့ တိုက်ပွဲတွေက ပိုပြီးပြင်းထန် လာနိုင်သလို ဒီဒေသအတွက် တည်ငြိမ်မှုဆိုတာ မျှော်လင့်ချက်တွေ သိပ်ပြီးတော့ ထားစရာ မရှိတော့ပါဘူး။ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန် လာနိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ ပြောပြောနေတဲ့ အစိုးရရဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ရာသက်ပန် ငြိမ်းချမ်းရေး တည်ဆောက်ရေးတွေ ဆိုတာဟာ အကြား ကောင်းအောင် ပြောနေတာသာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို သိပ်ပြီးတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။
အစိုးရသည်၊ ကြံ့ခိုင်ရေး ပါတီမှ ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်သောင်းကို စေခိုင်းပြီး KIO နှင့် (၃) ကြိမ် ဆွေးနွေး ခဲ့ပါသည်။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် အချိန်ရောက် လုလု နီးနီး၌ သမ္မတသည် လူပြောင်းပြီး ဦးအောင်မင်း တို့အဖွဲ့ကို အစားထိုး လိုက်ပါသည်။ ဤအချိန်မှစပြီး KIO နှင့် အစိုးရသည် အခြေအနေ အသစ် ကိုပြန်ရောက် စေပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ပွဲမျာ နှင့်သာ ဖြစ်လာ ခဲ့ပါသည်။
ဦးအောင်မင်း တို့သည် KIO နှင့်တတိယ အကြိမ် အလွတ်သဘော အနေဖြင့် ရှမ်းပြည်နယ် မူဆယ်မြို့၌ တွေ့ဆုံ ဆွေးနွေးရန် ဇူလိုင်လ (၁၇) ရက်နေ့၌ နောက်ဆုံး ကမ်းလှမ်း ထားခဲ့ပါသည်။ KIO သည် ၄င်း ကမ်းလှမ်းချက်ကို ပယ်ချပြီး နှစ်ဖက်သြဇာ လွှမ်းမိုးမှု မရှိသော တရုတ်နိုင်ငံ ရွှေလီမြို့၌ အဆိုပြု ခဲ့ပါသည်။ ဤသည် KIO နှင့် အစိုးရတို့ ၏နောက်ဆုံး တွေ့ဆုံ ဆွေးနွေးပွဲ အခြေအနေ ဖြစ်ပါသည်။
ဤအခြေအနေ မျိုး၌ မြောက်ပိုင်းတိုင်း တိုင်းမှူး အသစ်ကို ပြောင်းလဲ ခန့်အပ် လိုက်ခြင်း ဖြစ်ပါသည်။ ဤသည်ကို ထောက်ရှု ခြင်းအားဖြင့် KIO နှင့် အစိုးရတို့၏ အခြေအနေသည် ပြင်းထန်သော တိုက်ပွဲများ ဖက်သို့ ပြောင်းသွား ခဲ့ပြီ ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။
From: ShweHinTa

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်