Thursday, September 27, 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း အချက် ၁၆ ချက် ပြင်ဆင်၍ လွှတ်တော်သို့ သမ္မတပြန်လည်ပေးပို့

Posted by drmyochit Thursday, September 27, 2012, under | No comments


From :ခေတ်လူငယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၆ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်ဟု ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင် ၄င်းဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ခဲ့သည်။ အဆိုပါ ဥပဒေကို နိုင်ငံတော်သမ္မတထံ ပေးပို့ပြီး ၁၄ ရက်မြောက်နေ့တွင် အလိုအလျောက် အတည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ရက်မတိုင်မီ နိုင်ငံတော်သမ္မတမှ ပြင်ဆင်ချက် သဘောထားများဖြင့် ပြန်လည်ပေးပို့လာခြင်း ဖြစ်သည်။ ထိုပြင်ဆင်ချက် သဘောထားများသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ထပ်မံဆွေးနွေးသွားမည် မဟုတ်ဘဲ ဥပဒေကြမ်း ပူးပေါင်းကော်မတီကသာ လေ့လာသွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ပြီး ၄င်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုသော်လည်း ၄င်းဥပဒေမူကြမ်းကို လွှတ်တော်၏ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်ထောင်စု လွှတ်တော်မှ ပြင်ဆင်သည့် အချက်ကို သဘောမတူပါက သမ္မတ ပြင်ဆင်မပေးမီ ယခင်ပြဋ္ဌာန်းထားသည့် အတိုင်းသာ အတည်ဖြစ်သွားမည်ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် သဘောထားတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတစ်ခုလုံး၏ အခန်း ၁၉ အပိုဒ် ၅၆ တွင် ပြင်ဆင်ချက် ၁၁ ချက်နှင့် ဥပဒေရေးထုံး ပြင်ဆင်ချက် ၅ ချက်၊ စုစုပေါင်း ၁၆ ချက်ဖြစ်ပြီး အချက်အလက်များကို အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှ သိရသည်။ ပြည်ထောင်စုမှ အတည်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံခြားသားမှာ ၄၉ ရာခိုင်နှုန်းနှင့် နိုင်ငံသား ၅၁ ရာခိုင်နှုန်း မြှုပ်နှံခွင့် ရှိသည်ဆိုသည့် အချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တွန့်ဆုတ်သွားစေနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။ ယင်းအချက်ကို ၅၀ အချိုး ၅၀ အဖြစ် ပြောင်းလဲ အတည်ပြုခဲ့ကြောင်း၊ ထို့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဆိုသည့် အချက်ကိုပါ ပယ်ဖျက် အတည်ပြုခဲ့ပြီး အချို့သော အချက်များစွာကိုပါ ပြင်ဆင်အတည်ပြုခဲ့ကြောင်း သိရသည်။ ယင်းဥပဒေသည် ပြန်လည်ပြင်ဆင်မည်ဆိုပါက အသေးစိတ် ပြန်လည်ပြုလုပ်ရမည် မဟုတ်သောကြောင့် လာမည့်ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် အမှန်တကယ် အတည်ပြုသွားနိုင်မည်ဖြစ်ကြောင်း လက်ရှိတွင် ယင်းဥပဒေအား အတည်မပြုနိုင်သေးသောကြောင့် နိုင်ငံ၏ အကျိုးရလဒ်များကို ရရှိရန် နှောင့်နှေးစေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်