Wednesday, September 19, 2012

ဖုန်းဆက်လိုက်ရုံဖြင့် ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ပြီ

Posted by drmyochit Wednesday, September 19, 2012, under | No comments




From : ရန်ကုန်တိုင်းမ်

ဖုန်းဆက်လိုက်ရုံဖြင့် ၂၄ နာရီ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မည့် အစီအစဉ် ရတနာပုံ Call Center က ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ Call Center တွင် ကျန်းမာရေးဆိုင်ရာ စောင့် ရှောက် မှုပေးမည့် ဆရာဝန်ကြီးများက မေးမြန်းလာသူများအတွက် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးရန် စီစဉ် ထားကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ မန်းနေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောသည်။ “အိမ်မှာနေပြီး ဝေဒနာ ခံစားနေရသူတွေအတွက် ဘယ်မှ သွားစရာမလိုဘဲ ဖုန်းဆက်ပြီး ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ရယူနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေး အသိပညာတွေ တိုးတက်စေနိုင်ဖို့အတွက် ရည်ရွယ်တယ်။ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လွယ်ကူစေဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။ ယင်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဝန်ဆောင်ခအနေဖြင့် တစ်မိနစ်လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ဖုန်းဘီလ်ထဲမှ ဖြတ်သွားမည်ဖြစ်ကာ အိမ်တိုင်ရာရောက် ကြည့်ရှုရန် လိုအပ်ပါက ဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သော အဖွဲ့ များက လာရောက်ကုသပေးမည် ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ပါက ကျသင့်ငွေ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က “ဒီလိုဝန်ဆောင်မှု အစီအစဉ်တွေက နိုင်ငံခြားမှာ ဆိုရင် တော်တော်တွင်ကျယ်နေပါပြီ။ ခုလိုမျိုး ပေါ်လာတာ ကောင်းပါတယ်။ ကိုယ်ခံစားနေရတဲ့ လက္ခဏာကိုတော့ လူနာအနေနဲ့ သေသေချာချာ ပြောပြဖို့တော့လိုမယ်။ ဒါမှ ဆရာဝန်ကြီးတွေက တိကျတဲ့ အကြံဥာဏ်ကို ပေးနိုင်မှာပါ” ဟု ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ဆောင်ရွက်လိုပါက ရတနာပုံ Call Center ဖုန်း- ၁၈၇၅ သို့ ဆက်သွယ်နိုင်ပြီး အသင်းဝင်လိုသူများကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်