Monday, October 29, 2012
“၀”လူသစ်စုဆောင်းမှုကြောင့် တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲနိုင်
Posted by drmyochit Monday, October 29, 2012, under | No comments
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ UWSA  “၀”  ထိန်းချုပ်ရေးနယ်မြေအတွင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ UWSA  “၀”  တပ်ဖွဲ့ဝင်များမှ မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုဟောင်း၊ ပါနောက်၊ ဟိုကာကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုဝင်စာရင်းများစစ်ဆေးပြီး အိမ်ထောင် တစ်စုလျှင် ၁၀ နှစ်ခန့်အရွယ် (ယောင်္ကျား/မိန်းမ) တစ်ဦးနှုန်းဖြင့်စာသင်ကြားရန် အတင်း အဓမ္မ စုဆောင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိခဲ့ရပါသည်။
          စုဆောင်းခံရသောကလေး ၁၅၀၀ ခန့်ရှိပြီး ၎င်းကလေးမိဘများမှာ မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုဟောင်း၊ ပါနောက်နှင့် ဟိုကာကျေးရွာအုပ်စုများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ/ ကျေးရွာသားများ၏ သားသမီး များဖြစ်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့တွင် “၀”  တပ်ဖွဲ့မှ စုဆောင်းထားရှိသော ကလေး ၁၅၀၀ ခန့်အနက်မှ ပို့ဆောင်ရန် ကျန်ကလေးများကို မိုင်းဖျန်၊ ပန်ဆန်း၊ မိုင်းဟေ လမ်းကြောင်း အတိုင်း ကား ၃ စီးဖြင့် ပို့ဆောင်ရန် စီစဉ်နေခိုက် ပြည်သူ့စစ်အဖွဲ့ဝင် ၆၀ ခန့်က ဆိုင်ကယ် ကိုယ်စီဖြင့် မိုင်းဖျန်ဂိတ်အတွင်းရှိ ၎င်းတို့၏ကလေး များကို ပြန်ခေါ်ရန် လာရောက်စဉ်၊ UWSA  “၀” အဖွဲ့ဝင်များနဲ့ စကားများပြဿနာ ဖြစ်ပွား ခဲ့ကြောင်းသိရပါသည်။
          စုဆောင်းထားရှိသောကလေးများကို မိုင်းမောဒေသတွင် “၀”  စာသင်ရန် အကြောင်းပြ ချက်ဖြင့် စစ်ပညာ သင်တန်းများ တက်ရောက်စေခြင်းဖြစ်ကြောင်း၊ စုဆောင်းထားရှိပြီးဖြစ်သော ကလေးသူငယ် အချို့မှာပျောက်ဆုံး လျက်ရှိပြီး မိဘများနှင့် ဆက်သွယ်မှုမရရှိကြောင်း၊ မိဘများ အနေဖြင့် UWSA “၀” အဖွဲ့၏လုပ်ရပ်အား မကျေ နပ်ကြကြောင်း ဒေသခံများက ပြောကြားနေ ကြပါသည်။ ကလေးသူငယ်စုဆောင်းမှုနဲ့ပတ်သက်ပြီး UWSA “၀” အဖွဲ့နယ်မြေ အတွင်းရှိ ကျေးရွာသူ/ကျေးရွာသား “၀”  ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ မကျေနပ်၍ ကလေး စုဆောင်းခြင်း ကို ယခု အခါ ခေတ္တရပ်ဆိုင်းထားကြောင်းသိရှိရပါသည်။
     UWSA  “၀” တပ်ဖွဲ့အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ကလေးသူငယ် များကို စာပေ သင်ကြားပေးမှုကို အကြောင်းပြပြီး စစ်သင်တန်းပေးကာ အင်အားစုဆောင်း နေသည်မှာ နှစ် အတော်ကြာပြီဖြစ်ပြီး ကလေး သူငယ် မပေးနိုင်သော အိမ်ထောင်စုများ ထံမှ ငွေကြေးနဲ့စပါးကို ခြိမ်းခြောက်တောင်းဆိုသည့်အတွက် မဖြစ် မနေ ပေးသွင်းကြရသဖြင့်  ရွာသားများမှာ အခက်အခဲတွေ့ကာ အနိုင်ကျင့်ခံနေရကြောင်းသိရှိရပါသည်။
          ယနေ့ ပွင့်လင်းမြင်သာသော လူ့အဖွဲ့အစည်းတွင် နိုင်ငံတကာက ကလေးစစ်သား စုဆောင်းခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို ကမ္ဘာတစ်ဝန်းဆန့်ကျင်ပြီး စုံစမ်း စစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏တောင်းဆိုမှုအရ ၂၀၀၅ခုနှစ် တွင်ချမှတ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင်လည်း အသက်မပြည့် သေးသူများအား တပ်သားအဖြစ်စုဆောင်းခြင်းကို ရပ်တန့်ရန် သတ်မှတ် ထားပါသည်။အသက် ၁၈ နှစ်အောက်ကလေးသူငယ်များကို စစ်မှုထမ်းအဖြစ် သွတ်သွင်းပါက အရွယ်မရောက်သေး သူကို စစ်မှု ထမ်းစေမှုဖြင့် အရေးယူနိုင်ကြောင်း သိရှိရပါသည်။
          မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီး အရွယ် မရောက်သေးသော ကလေးသူငယ်များ (Child Soldiers) စုဆောင်းမှုမရှိစေရေး၊ ကြပ်မတ်ဆောင်ရွက် လျက် ရှိသော်လည်း နိုင်ငံအတွင်းရှိ အခြားအဖွဲ့အစည်းများ အတွင်းတွင် ယခုအချိန်အထိ လုပ်ဆောင်လျက် ရှိနေကြောင်း သိရှိရပါသည်။
          “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း UWSA  “၀” တပ်ဖွဲ့၏ ကလေးသူငယ် အဓမ္မစုဆောင်းသည့် လုပ်ရပ် သည် ၄င်းဒေသအတွင်း နေထိုင်သော ရွာသားများအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး အချင်းချင်းစိတ်ဝမ်းကွဲ စည်းလုံးညီ ညွတ်မှုထိခိုက်စေကာ “၀” ဒေသ အတွင်းတွင် အချင်းချင်းထိန်းသိမ်းမှုများ မပြုလုပ်နိုင် ဘဲ သွေးကွဲမှုများဖြစ်လာနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ လျှောက်လှမ်းနေသော ဒီမိုကရေစီ လမ်းကြောင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် ဤသို့သော ပြုမူလုပ်ဆောင်ချက်များကို နိုင်ငံတော်၏ မည်သည့်နေရာ ဒေသတွင်မဆို နေထိုင်သော မည်သည့်တိုင်းရင်းသား လူမျိုး မဟူ ရှောင်ကြဉ်သင့်ကြောင်း သတိပေးရေးသားရပါသည်။
အောင်ဘာလေ
0 comments:
Post a Comment
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်