Thursday, November 22, 2012

သမ္မတအိုဘားမား၏ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းမှ ဒီမိုကရေစီအရေး ပြောကြားချက်အပေါ် ကျေနပ်အားရသော်လည်း ရခိုင်ပြည်နယ်အရေး သုံးသပ်မှုအပေါ် အမြင်မတူမှုများရှိနေ

Posted by drmyochit Thursday, November 22, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမား၏ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းမှ ဒီမိုကရေစီရေး ပြောကြားချက်အပေါ် ကျေနပ်အားရမှုများ ရှိသော်လည်း ရခိုင်ပြည်နယ်အရေး သုံးသပ်မှုအပေါ် အမြင်မတူမှုများ ရှိနေကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်က ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံး အကြိမ်အဖြစ်ပြော ကြားခဲ့သော အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းတွင် “ကာလကြာရှည်စွာပဲ တိုင်းရင်းသား လူမျိုးစု ရခိုင်တွေ အပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွှင်းချက်ဆိုတာ မရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာရှိသလို ကျွန်တော်တို့မှာရှိသလို တူညီတဲ့ လူဂုဏ်သရေ ဆိုတာရှိပါတယ်” ဟု စသည်ဖြင့် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ၏ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်း သုံးစွဲသွားမှုအပေါ် လက်မခံနိုင်ကြောင်းနှင့် တိုင်းရင်းသားအရေးကို သေသေချာချာ လေ့လာမှုများမရှိဘဲ သုံးသပ်ပြောကြားမှုများ မပြုလုပ်သင့်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များက သုံးသပ်ကြသည်။ “နိုင်ငံတော်သမ္မတကြီး ပြောခဲ့သလိုမျိုး ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာကိုပဲ အပြည့်အ၀ရပ် တည်ချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အင်အားကြီး ဒီမိုကရေစီ နိုင်ငံတစ်ခုနဲ့ ချစ်ကြည်ရေး တိုးမြှင့်ဖို့တော့ လိုလားပါတယ်။ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာကို ထိပါးစေမယ့် အသုံးအနှုန်းမျိုးကိုတော့ ဘယ်အင်ပါယာ အရှင်သခင်ကပဲ ပြောပြော ကန့်ကွက်ပါတယ်။ မြန်မာ့ပြည်တွင်းရေးကို မြန်မာတွေသာ အသိဆုံးပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဒီလူမျိုးဆိုတာမရှိခဲ့ဘူး ဆိုတာကိုလည်း ပြောချင်ပါတယ်။ အမေရိကန် သမ္မတကြီး အနေနဲ့ တိုင်းရင်းသားတွေ နစ်နာနိုင်တဲ့ ဒီအသုံးနှုန်းမျိုးကို သုံးတာတွေ့ရတော့ ၀မ်းနည်းပါတယ်။ ကျွန်တော်ဟာ ဒီကိစ္စမှာ တိုင်းရင်းသားတွေနည်းတူ၊ ရခိုင်လူမျိုး တွေနည်းတူ ရပ်တည်သွား မှာပါ” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကပြောကြားခဲ့သည်။
“ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အစအဆုံးတောင်မှ သူသေချာ လေ့လာပုံ မရပါဘူး။ တိုင်းရင်းသားတွေရဲ့ အခြေအနေတွေလည်း သူနားလည် ပုံမရပါဘူး။ အဲဒါကြောင့် သူပြောတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားအပေါ်မှာ ဘာမှ မဝေဖန်ချင်ဘူးပေါ့ဗျာ” ဟု ချင်းအမျိုးသားပါတီဥက္ကဋ္ဌဦးဇိုဇမ်ကပြောကြားခဲ့သည်။
နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေသော တိုင်းရင်းသားရေးရာ ကိစ္စများမှာ တိုင်းရင်းသား အချင်းချင်း ဖြေရှင်းရမည့် ကိစ္စသာဖြစ်ကြောင်း၊ တရားမ၀င် ၀င်ရောက်လာသူများနှင့် ပတ်သက်၍ ဖြေရှင်းရသည့် ပြဿနာသည် နိုင်ငံတိုင်းတွင် ရှိနေကြောင်း၊ နိုင်ငံသား ဖြစ်လာသည့်သူများ ကိုနိုင်ငံသား အခွင့်အရေး တန်းတူညီမျှပေးရန် ကြိုးပမ်းရမည် ဖြစ်သလို နိုင်ငံသားဖြစ် မှုကိုလည်း စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနည်းစု၊ လူများစုဆိုသည့် နေရာ၌ နိုင်ငံသားကိုသာ ဦးစားပေးစဉ်းစားသည် ဆိုသည်မှာ နိုင်ငံတိုင်း၏ ကမ္ဘာ့နိယာမ တရားပင် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ “လူ့အခွင့်အရေး ရှုထောင့်က ပြောမယ်ဆိုရင် တကယ်လို့ နိုင်ငံနယ်နိမိတ်နဲ့ပြောမယ်ဆိုရင် နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ နိုင်ငံသားအများစုရဲ့ ဆန္ဒပေါ့။ လူ ၁၀၀ မှာ ၆၀ က အများစုဆန္ဒဖြစ်လို့လိုက်နာရမယ်ဆို ရင်တောင်မှ အနည်းစုဖြစ်တဲ့ ၄၀ ကို အကာအကွယ်ပေး ရမယ်ဆိုတာသည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆိုပြီး အကန့်အသတ်ရှိတယ်။ ဥပမာဆို အမေရိကန်မှာဆိုရင် Green Card ရထားရုံနဲ့ မဲပေးလို့မရဘူး။ စင်ကာပူမှာ PR ရထားတဲ့သူတွေ မဲပေးလို့မရဘူး။ လူနည်းစု လူများစုဆိုတဲ့ နေရာမှာ နိုင်ငံသားကိုပဲ ဦးစားပေး စဉ်းစားတယ်ဆိုတာနိုင်ငံတိုင်းရဲ့ ကမ္ဘာ့နိယာမပဲ။ ဒါကိုတော့ ခွဲခွဲခြားခြား နားလည်ဖို့လိုတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ သမ္မတအိုဘားမား၏ ပြောကြားမှုအပေါ် ရခိုင်တိုင်းရင်းသားရေးရာခေါင်းဆောင်များဘက်ကလည်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ တိုင်းရင်းသား လူမျိုးများထဲတွင် မပါဝင်ဟူသော ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းပြော ကြားခဲ့ခြင်းကို လက်မခံနိုင်ကြောင်း သုံးသပ်ခဲ့သည်။ “သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်ကတောင်မှ ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပေမယ့် အိုဘားမားမိန့်ခွန်းမှာ ရိုဟင်ဂျာလို့ ထည့်သွင်းသုံးနှုန်းခဲ့တာမို့သေချာလေ့လာ ထားခြင်းမရှိတာ ပေါ်လွင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း “ကျွန်တော်တို့အနေနဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို သိပ်တော့ သဘောမကျချင်ဘူး။ အမျိုးသားရင်ကြားစေ့ရေးကို လက်ခံတယ်။ မိန့်ခွန်းမှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးသွားပြီ။သူတို့နဲ့ရင်ကြားစေ့ရေးဆိုတာကို အားပေးပြီး ပြောသွားတယ်။ အဲဒီအပေါ် အမြင်ချင်းမတူဘူး။ ကိုယ့်အမျိုးသား မဟုတ်တဲ့ သူတွေနဲ့ ရင်ကြားစေ့ရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း “အမေရိကန် သမ္မတကြီး အိုဘားမာပြောသလို တူယှဉ်တွဲ နေထိုင်ဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပထမအကြိမ် ဖြစ်ပြီးနောက် ဒုတိယအကြိမ် ထပ်ဖြစ်ပြီးပြီ။ နောက်ထပ် တတိယအကြိမ် ဖြစ်ဖို့ကို ထပ်မျှော်လင့်နေရမှာလား။ သူဘယ်လောက်ပဲ ဖိအားပေးပေး ဒီနိုင်ငံကို အမြဲအုပ်ချုပ်မှာ မဟုတ်ပါဘူး။ ခဏပဲလာတာပါ။ ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေကိုပဲ လိုက်နာသွားပါမယ်” ဟု ပြောကြားခဲ့သည်။ တိုင်းရင်းသားပါတီများကလည်း သမ္မတအိုဘားမား၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းမှာ နိုင်ငံတကာ၌ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လူသိများခြင်းကြောင့် ဖြစ်နိုင်ပြီး အိုဘားမားအနေဖြင့် တိုင်းရင်းသားအရေးကို ပြောမည်ဆိုပါက အသေအချာလေ့လာမှု ပြုလုပ်ထား သင့်ကြောင်းသုံးသပ်ပြော ဆိုမှုများရှိနေသည်။
“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သူသုံးသွားတာက နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုတာကိုပဲ အသိများလို့ ဖြစ်နိုင်တယ်။ အိုဘားမားအနေ နဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဲသိတာ။ ပြည်တွင်းရေးကို သူမသိပါဘူး။ တစ်ဖက်ကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြချက်တွေဟာ တိုင်းရင်းသားတွေဘက်က မပါဘဲ တစ်ဖက်တည်း ဖြစ်နေတာကြောင့်လို့ ထင်မိတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစောသန်းမြင့်က ပြောကြားခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်နေရတဲ့ အတိုင်းအတာမို့လို့ မြန်မာ့ပြည်တွင်းရေးကို လက်လှမ်းမမှီတာလို့ ထင်ပါတယ်။ ဒီနိုင်ငံကို မလာခင် သူတို့တွေ မြန်မာနိုင်ငံအကြောင်း အများကြီး လေ့လာခဲ့တယ်ဆိုတာ မိန့်ခွန်းကို မြန်မာနိုင်ငံ မင်္ဂလာပါ လို့ပြောခဲ့တာကို ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့နိုင်ငံသမ္မတရဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သဘောထားကိုပဲ ရပ်တည်ချင်ပါတယ်။ ထပ်ပြီးပြောလိုတာက ကျွန်တော့်ရဲ့ ရခိုင်မိတ်ဆွေတွေကို အမြဲပြောသလိုမျိုး နှလုံးသားနဲ့ အလုပ်မလုပ်ပါနဲ့၊ ဦးနှောက်နဲ့ အလုပ်လုပ်ပါဆိုတာကိုပဲ ပြောချင်တယ်၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ဘက်ကပဲ ရပ်တည်ချင်ပါတယ်” ဟုပြောကြားခဲ့သည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်