Thursday, November 22, 2012

မင်္ဂလာဆောင်တစ်ခုမှလက်ဖွဲ့ပစ္စည်းနှင့်ငွေများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်ကာ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

Posted by drmyochit Thursday, November 22, 2012, under | No comments


ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းများအား နှစ်ဖက်ဆွေမျိုး ဟန်ဆောင်၍ လက်ဖွဲ့ပစ္စည်းများနှင့် ငွေသားများအား လိမ်လည်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိပါသည်။
အဆိုပါ ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီခွဲအချိန်ထိ ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ပစ္စည်းများအား လိမ်လည်ရယူရန် ကြိုးပမ်းသူမှ မင်္ဂလာပွဲမကျင်းပမီ အချိန်ကပင် ၀င်ထွက်သွားလာမှုများ ပြုလုပ်ကာ မင်္ဂလာပွဲအတွက် ရောက်ရှိလာသည့် သတို့သား၊ သတို့သမီးအား အလှပြင်ရန် လိုက်လံပို့ဆောင်ပေးခြင်း၊ နှစ်ဖက်မိဘများအား သတ်မှတ်အခန်းများသို့ လိုက်လံပို့ဆောင်ပေးခြင်း စသည့်ကြိုဆိုမှုများ ပြုလုပ်ပြီးနောက် လက်ဖွဲ့ပစ္စည်း လက်ခံနေရာတွင် လက်ဖွဲ့လက်ခံမှုအား သတို့သားဘက်မှ ဆွေမျိုးများနှင့်အတူ လက်ခံပေးခဲ့သည်ဟု သတို့သား၏ အစ်ကိုက ဆိုသည်။
“လက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေးတွေကို သတို့သမီးရဲ့ ဦးလေးပါဆိုပြီး လက်ဖွဲ့တွေ အတူလက်ခံ ရယူတယ်။ ပွဲမစခင်ကတည်းက ရောက်နေတဲ့အပြင် အကြိုအပို့ပါ လုပ်ပေးနေတော့ ဟိုတယ်ဝန်ထမ်းလိုလို အစကထင်တယ်။  နှစ်ဖက်မိဘကလည်း ရင်းနှီးမှုအားနည်းတော့ သူ့ဆွေမျိုးလိုလို၊ ကိုယ့်ဆွေမျိုးလိုလို ဖြစ်နေတယ်၊ မင်္ဂလာမောင်နှံ ပွဲထုတ်ချိန်၊ စတင်ချိန်၊ လူအများ အာရုံပြောင်းချိန်မှာ လက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေးတွေကို မင်္ဂလာအစီအစဉ် သွားကြည့်ပါပြောပြီး သူက လက်ဖွဲ့တွေငွေတွေ ကြည့်ထားမယ်ပြောပြီး ကောင်မလေးတွေ ထွက်သွားတော့မှ ကားနဲ့တင်သွားတယ်၊
ခန့်မှန်းတန်ဖိုးကတော့ ပစ္စည်းရော ငွေသားပါဆို သိန်း ၃၀ ဖိုးဝန်းကျင် ပါသွားတယ်” ဟု ဆွေမျိုးတော်သူက ဆိုသည်။ အဆိုပါလိမ်လည်သူအား မင်္ဂလာဆောင် မှတ်တမ်းများနှင့် စီစီတီဗီ မှတ်တမ်းများမှ ပြန်လည်ရှာ ဖွေရာတွင် လိမ်လည်သူမှာ မှတ်တမ်းတင်ရိုက်ကူးမှု အားလုံးအား ကျွမ်းကျင်စွာ တိမ်းရှောင်ခဲ့ခြင်း၊ လက်ဖွဲ့ပစ္စည်း တင်ဆောင်သွားသည့် အငှားယာဉ်အား နံပါတ်မှတ်သားခဲ့မှု မရှိခြင်း၊ ဟိုတယ်အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်ခြင်း တို့ကြောင့် လိမ်လည်ခံရသူများမှ ဟိုတယ်အတွင်းလူ ပါဝင်ကြံစည်သည်ဟု ယူဆမိသဖြင့် ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးအား ပြောကြားရာ တာဝန်ရှိသူမှ ဟိုတယ်အတွင်း ဆက်လက်စုံစမ်းပေးမည်ဟု ကတိပြုပြောဆိုမှု ရှိခဲ့သော်လည်း လက်ရှိကာလအထိ ထူးခြားမှု မရှိခဲ့ကြောင်း ဆွေမျိုးတော်စပ် သူတစ်ဦးက ပြောပါသည်။  ဖြစ်စဉ်အားဟိုတယ် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ တာဝန်ယူ ဖြေဆိုမည့် သူများမရှိဟု ဖြေကြားခဲ့ပါသည်။      

Eleven Media Group


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်