Thursday, November 22, 2012

ပလက်ဝတွင် အိန္ဒိယ စီမံကိန်း အကောင်အထည်ဖော်ပြီ

Posted by drmyochit Thursday, November 22, 2012, under | No comments


ပလက်ဝမြို့တွင် မြန်မာ-အိန္ဒိယ ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်းကို ယခုလတွင် အကောင် အထည်ဖော်ဆောင်ရွက်နေပြီဟု သိရသည်။  အဆိုပါမြို့၏ တစ်ဘက်ကမ်းရှိ ဆိပ်ကမ်းနှင့် အိန္ဒိယသို့ တိုက်ရိုက် သွယ်တန်းမည့် ကားလမ်းကို ပြီးခဲ့သည့် နှစ်က တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ ယခုလတွင် စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။
“အိန္ဒိယလူမျိုးတွေတော့ ဒီလအတွင်းမှာ တော်တော်လေးများလာတယ်။ ပလက်ဝတစ်ဘက် ကမ်းမှာတော့ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေဖောက် နေတာမြင်ရတယ်။ အရင်ကတော့ တိုင်းတာရုံဘဲ၊ အခုတော့ စီမံကိန်းလုပ်ငန်းတွေ လုပ်နေတာတွေ့ ရတယ်”ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။  ပလက်ဝမြို့တွင်   မြန်မာအိန္ဒိယ ကုလားတန် စီမံကိန်းအတွက် ကြားခံဆိပ်ကမ်း တစ်ခုထားရှိမည်ဖြစ်ရာ ယင်းမှတဆင့်  အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်ကား လမ်းဖောက်လုပ်မည်ဖြစ်သည်။
“ပလက်ဝကနေပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိုက်ရိုက်ကားလမ်း ဖောက်လုပ်မယ်။ စက်ပစ်ပြင်ရွာမှာတော့ စခန်းတစ်ခုထားရှိမယ်။ မြစ်ကိုတော့ တံတားတစ်ခု ထိုးဖို့ရှိတယ်ဆိုပြီး မြေတိုင်းတာထား တာရှိတယ်။  စက်ပစ်ပြင်ကျေးရွာရှေ့ကပါ ” ဟု ပလက်ဝမြို့နယ် စက်ပစ်ပြင် ကျေးရွာဒေသခံ တစ်ဦးကပြောသည်။
 ပလက်ဝမြို့မှ မြန်မာ-အိန္ဒိယ  နှစ်နိုင်ငံနယ်စပ်အထိ  (၁၂၉)ကီလိုမီတာရှည်လျှားသည့် အဝေးပြေး ကားလမ်းကိုလည်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးရာ ဝန်ကြီးဌာနမှ ဖောက်လုပ်ပေးနေပြီဟု သိရသည်။
  စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ထိ ကုလားတန် မြစ်ကြောင်းအတိုင်း ပြည်တွင်းရေကြောင်း ယာဉ်များဖြင့် ကုန်စည်များသယ်ယူ ပို့ဆောင်မည်ဖြစ်ပြီး ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ အဝေးပြေးလမ်းမကြီးအတိုင်း ကုန်စည်စီးဆင်းမည်ဖြစ်သည်။  တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ (၇၆) သန်း ရှိသည့်ကုလားတန်
စီမံကိန်းကို ၂၀၁၀ခုနှစ် စက်တင်ဘာလအတွင်းက စတင်အကောင် အထည်ဖော်ခဲ့ပြီး  စစ်တွေတွင် ဆောက်လုပ်နေသည့် ဆိပ်ကမ်းသည် တန်ချိန်(၂၀၀၀၀) သင်္ဘောများ ဆိပ်ကမ်းကပ်နိုင်မည်ဖြစ်ရာ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယ ရူပီ ၁၁.၂၅ ဘီလီယံကုန် ကျမည်ဟု သိရသည်။
 အိန္ဒိယနိုင်ငံ Essar (India) Ltd, Mumbai မှ ဆောက်လုပ်နေသည့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယ - မြန်မာ ကုလားတန်   မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဖြစ်ရာလာမည့် ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်းသိရသည်။

 မိုးဝေ- ရခိုင်ပြည်နယ် ( မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်