Monday, January 28, 2013

အကောက်ခွန် ဦးစီးဌာန၏ သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

Posted by drmyochit Monday, January 28, 2013, under | No comments

အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ ဌာန၏ လုပ်ကိုင်မှုအားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန် တာဝန်ရှိသူများက ဆုကြေးအဖြစ် နှစ်စဉ်ခွဲဝေယူကြောင်း ပြောကြား


မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးနေသည့် ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများ

Bi Weekly Eleven News ဂျာနယ် အပါအ၀င် ပြည်တွင်းသတင်း ဂျာနယ်များမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ဆောင်ချက်များအပေါ် ရေးသားခဲ့သည်များနှင့် ပက်သက်၍ အကောက်ခွန် ဦးစီးဌာနမှ သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အကောက်ခွန် ဦးစီး ဌာန၊ ဇေယျာသီဟခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်တွင်းမီဒီယာများမှ ၇၀ ဦးနှင့် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ငါးဦး အပါ အ၀င် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိ သူအချို့ တက်ရောက်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများမှ အကောက်ခွန်ဌာန၏ လုပ်ဆောင်မှု အားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ဒဏ်ကြေးတပ်ရိုက် ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းအား ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အကောက် ခွန်ဌာန တာဝန်ရှိသူများက ဆုကြေးအဖြစ် ခွဲဝေယူလျက် ရှိကြောင်း စသည်ဖြင့် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိ သူများက ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထုတ်ကုန် သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက “မီဒီယာတွေကို ပြောချင်တာက ကျွန်တော် တို့ လုပ်တာကိုင်တာ အားလုံး မှန်တယ်လို့ မယူဆပါဘူး။ အားနည်းချက်တွေလည်း ရှိပါတယ်။ အမှား ကြီးတွေ လုပ်နေတာတော့ မဟုတ်ပါဘူး။ လုပ်ရင်း လုပ်ရင်း ကိုင်ရင်းနဲ့ အချို့နေရာမှာ အားနည်းချက် ချို့ယွင်း ချက်တွေ ရှိသွားတာပါ” ဟု အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ရှေ့ဆက် လုပ်ဆောင် မည့် လုပ်ထုံးလုပ်နည်းများ အကြောင်း ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

ရှင်းလင်းပွဲတွင် ထုတ်ကုန် သွင်းကုန်ပိုင်းနှင့် ပတ်သက်၍ ထုတ်ကုန် သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေမှ လည်းကောင်း၊ ဒဏ်ကြေးငွေများ ခွဲဝေမှုနှင့် ပတ်သက်၍ စီမံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော် လင်းနှင့် ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းတို့မှ အဓိက ဖြေကြားမှု ပြုလုပ်ခဲ့ သည်။

ထို့ပြင် ရှင်းလင်းပွဲတွင် အကောက်ခွန် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက Biweekly Eleven News ဂျာနယ်တွင် ရေးသားထားသည့် သတင်းပါ ပုံနှိပ်စက် တင်သွင်းခြင်း ကိစ္စနှင့် ပတ်သက် ၍ သီးခြား ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

တက်ရောက်လာသည့် သတင်း မီဒီယာများမှ အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း များကြောင့် သွင်း ကုန် လုပ်ငန်းရှင်များ ကြန့်ကြာ နစ်နာရသည့်အပေါ် (အထူးသဖြင့် ကားတင်သွင်းမှု) ထိုသို့ မဖြစ်စေ ရန် မည်သို့ လုပ်ဆောင်မည်နည်းဟု မေးမြန်းခဲ့ရာ ထုတ်ကုန်သွင်းကုန် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဆွေ က ကြန့်ကြာမှု မဖြစ်စေရန် Value သတ်မှတ်ခြင်းမှ စ၍ ကုန်ပစ္စည်း စိစစ်မှုများကို ပြုပြင်ရန် စီစဉ် ထားကြောင်း၊ သို့သော် မည်သည့်အချိန်တွင် အဆိုပါ အစီအစဉ်သစ် စတင်နိုင်မည်ကို မပြော ကြားနိုင် သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


ရှင်းလင်းပွဲကျင်းပနေသည့် ညနေ ၅ နာရီဝန်းကျင်ခန့် မြင်ကွင်း

Farmer Auto Car Showroom ၏ CEO ဒေါက်တာစိုးထွန်းကလည်း “တကယ်တမ်းကျတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ လုပ်ငန်းရှင်ဆိုတာ ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားရမှာတော့ နိုင်ငံတော်ကို အခွန်ပေးဆောင် နေသူတွေပါ။ Export/Import ကတော့ အခွန်ငွေပြေးလို့ မလွတ်ပါဘူး။ ကျန်တဲ့ လုပ်ငန်းတွေက အခွန်မဆောင်လို့ ရတယ်။ သေချာတာကတော့ ကျွန်တော်တို့က အခွန်မဆောင်လို့ မရဘူး။ အကောက်ခွန်ကျရင် အကောက်ခွန် ဆောင်ရမယ်။ ၀င်ငွေခွန် ဆောင်ရမယ်။ Commercial Tax ဆောင်ရမယ်။ ဒါကတော့ သေချာပါတယ်။ အကောက်ခွန်ထမ်း ၀န်ထမ်းတွေ အနေနဲ့ စဉ်းစားပေးရမှာက လုပ်ငန်းရှင်တွေ သွင်းတဲ့ ပစ္စည်းတွေ စဉ်းစားတဲ့အခါမှာ အပြုသဘော ဆောင်တဲ့ဟာမျိုး စဉ်းစားစေချင်ပါတယ်။ 

Value ကိစ္စမျိုးမှာလည်း ညွှန်ကြားရေမှူး တစ်ယောက် တင်ပြသွားတာ တွေ့ပါတယ်။ တကယ်လို့ အစထဲက ကိုယ်က ဒီ Value သတ်မှတ်တာ ကြိုပြီးသိမယ်ဆိုရင် ပိုအကျိုး ရှိနိုင်ပါတယ်။ ဒီ OSS မှာဆိုလည်း အကောက်ခွန်ပါတယ်။ ဌာနပေါင်းစုံ ပါတယ်။ OSS သတ်မှတ်တဲ့ဟာကို ပြန်သတ်မှတ်ဖို့ လိုမလား။ ကျွန်တော်တို့ ဌာနဆိုင်ရာ အချင်းချင်းကော Cooperation ပြန်လုပ်ဖို့လိုမလား။ Value စောင့်နေတဲ့ အတွက်ကြောင့် အချိန်ကြန့်ကြာ နေတာပါ။ 

ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ စီးပွားကူးသန်း ၀န်ကြီး ဦးဝင်းမြင့် မူဆယ်သွားတဲ့ အချိန်မှာ ကားသွင်းခဲ့တဲ့ အမျိုးသမီးက သူကို့ဖက်ပြီး ငိုပါတယ်တဲ့။ ကားငါးစီး သွင်းပါတယ်။ ပြီးရင် Value စောင့်တာ သုံးလကြာပါတယ်တဲ့။ ကားတစ်စီး သိန်းနှစ်ရာ ရှုံးသွားတဲ့အတွက် သူဘ၀ ပျက်ရပါတယ်တဲ့။ ဒါဥပမာလေး တစ်ခု။ ဒါလေးကိုပြင်ရင် ကျွန်တော်ထင်တယ် ခုနက ပြဿနာတွေ ဖြစ်မလာဘူးလို့။ ကျွန်တော်တို့ သိချင်တာက လက်ရှိ Custom ရော ကျွန်တော်တို့ Value ကို ကြိုပြီး ညှိနှိုင်းပေးနိုင်တဲ့ ဌာန ရှိ၊ မရှိ ဆိုတာပါ” ဟု မေးမြန်းခဲ့သည်။

“ပြည်ပက ရောက်လာတဲ့ပစ္စည်း ဆိပ်ကမ်းကို ရောက်မယ်။ ဆိပ်ကမ်း ရောက်တဲ့ အခါကျမှ ကျွန်တော်တို့ အကောက်ခွန်က စစ်ဆေးမယ်။ အဲဒီကျမှ ကျွန်တော်တို့ တန်ဖိုးဖြတ်မယ်။ ဒီစနစ် ဖြစ်ဖို့အတွက်တော့ ကြိုးစား နေပါတယ်။ ဒါကို ကုန်သွယ်ရေးကလည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်တော့ဖြစ်မယ်ဆိုတာ မသိဘူး။ ဒီကြားကာလထဲမှာတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ခုနက ရှင်းလင်းသွားသလို အဆင်ပြေဆုံး နည်းလမ်းကို ကျင့်သုံးနေရတဲ့ သဘောပါ။ 

ခုနက ဒေါက်တာစိုးထွန်း ပြောသွားသလိုပဲ နည်းလမ်းတစ်ခု၊ နောက်ထပ် အစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အခု တန်ဖိုးဖြတ်တာတွေ အားလုံး စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ ကျွန်တော်တို့ တစ်ပြေးညီ ဖြစ်အောင်လုပ်ဖို့ အစီအစဉ်လေး ရှိပါတယ်။ ဒီအစီအစဉ် ဘယ်တော့ဖြစ်မယ်ဆိုတာ အတိအကျတော့ မပြောနိုင်ပါဘူး။ လူကြီးတွေတော့ စီမံနေပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော် လောက်ကလည်း စီးပွားကူးသန်း ၀န်ကြီးနဲ့ ကျွန်တော်တို့ ၀န်ကြီး ညှိနှိုင်း အစည်းအဝေးလေး လုပ်ပြီး အဓိက တင်ပြမှု၊ ကွာခြားမှုကိစ္စ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အတွက် ဒီတန်ဖိုးတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သမျှ ကွာဟမှု မရှိအောင် ပေါင်းစပ် ညှိုနှိုင်းမှု ဆိုတာလေးလည်း ပြောထားပြီး ဖြစ်တဲ့အတွက် မကြာခင်တော့ ဒါဟာဖြစ်လာမှာပါ။ ဒါကတော့ တန်ဖိုးကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်” ဟု ထုတ်ကုန်၊ သွင်းကုန်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။

ရှင်းလင်းပွဲတွင် Suzuki Carry Truck နှင့် ပတ်သက်၍ သတင်းမီဒီယာများမှ ဖော်ပြချက်မှာ မှန်ကန်ကြောင်းနှင့် အကောက်ခွန်ဌာနတွင် ကြန့်ကြာသွားမှုများ အတွက် သက်ဆိုင်သူများအား တောင်းပန်သည့် အပေါ် “နောက်တစ်ခုက Suzuki Carry နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဂျာနယ်တွေ ဖော်ပြတာ မှန်ပါတယ်။ ကျွန်တော်တို့ဘက်က ဝေခွဲမရတဲ့ အတွက် ချက်ခြင်းဆုံးဖြတ် မပေးနိုင်တဲ့အတွက် ကျန့်ကြာသွားတာ ဖြစ်တဲ့အတွက် ဒါလည်း ဒီမှာ တစ်လက်စတည်း တောင်းပန်ပါတယ်။ ဒီလိုမျိုး ထောက်ပြ ဖော်ပြပေးတဲ့ Suzuki Carry Truck ဂျာနယ်ပဲဖြစ်ဖြစ် အော်တိုမိုဘိုင်း ဂျာနယ်နဲ့ အခြားဂျာနယ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးသိန်းဆွေက ဖြေကြားခဲ့သည်။

Suzuki Carry ကားများ ကိစ္စမှာ ရှင်းရင်းရှင်းရင်းဖြင့် ရက်ပေါင်း ၆၀ ကျော် ကြာသွားသည့်အတွက် လေလံစာရင်း ၀င်သွားပါကြောင်း၊ ယခုအခါ အကောက်ခွန် ဦးစီးဌာနမှ ထုတ်ခွင့် ပြုလိုက်သဖြင့် ငါးစီးသာ ကျန်သည်မှာ မှန်ပါကြောင်း၊ ကျန်ကား များမှာလည်း လေလံစာရင်း ၀င်နေသဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် လေလံ ပယ်၊ ဖျက် ပြုလုပ်နေရပြီး ခုနစ်စီးသာ ဆိပ်ကမ်းအပြင်သို့ ထုတ်ယူနိုင်ပါသေးကြောင်း၊ အဆိုပါ ကားများအား ဆိပ်ကမ်း၌ ရက်ပေါင်း ၆၀ ကျော်ကြာ ထိန်းသိမ်းခ တစ်စီးလျှင် ကျပ်ခုနစ်သိန်းကျော်ကို မည်သူမျှ တာဝန်ယူ မပေးဆောင်သည့် အတွက် ယာဉ်ပိုင်ရှင်များမှသာ ပေးဆောင်လိုက်ရပါကြောင်း၊ နောက်နောင် ယခုကဲ့သို့ ကြန့်ကြာမှုများ မဖြစ်စေရန် အကောက်ခွန် ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေးပါရန် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဦးအောင်နိုင်ထွန်းက အကြံပြု ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် ကြန့်ကြာသည့် အပိုင်းများကို တတ်နိုင်သမျှ မြန်အောင် ကြိုးစားပေးမည် ဖြစ်ပါကြောင်း၊ အချို့ ကိစ္စများသည် ဆုံးဖြတ်လို့ မရ၍ အဆင့်ဆင့် တင်ပြပြီး အစည်းအဝေးများဖြင့် အချိန်ကြာသွားခြင်း ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်များ ဒဏ်ကြေး ဆောင်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူမှာ တာဝန်ရှိသည်ကို ပြော၍ မသင့်ပါကြောင်း၊ မော်တော်ယာဉ်များအား ဘယ်သူက သွင်းသလဲ ဆိုသည်ကသာ မည်သူ့မှာ တာဝန်ရှိသည်ကို ပေါ်လွင်လိမ့်မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းခဲ့သည်။

အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို မွန်းလွဲ ၂ နာရီခန့်မှစ၍ ညနေ ၅ နာရီကျော် အထိ ကျင်းပခဲ့သည်။

Eleven Trading ၏ လာဘ်ပေးလာဘ်ယူ အရေးယူမှု ဆောင်ရွက်ရေး ကော်မတီသို့ တိုင်ကြားစာ


အကောက်ခွန် ဦးစီးဌာန၏ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည့် မေးခွန်းနှင့် အဖြေအချို့

မေး ။ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ တော်တော် များများကို ရှင်းပြပေးတာ၊ အချို့ပိုင်းတွေမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ၀န်ခံသွားတာ ကျွန်တော်တို့ မီဒီယာတွေ အပါအ၀င် အများပြည်သူရဲ့ အကြံပြုချက်တွေကို လက်ခံမယ်လို့ ကြိုဆိုသွားတဲ့ အချက်တွေကို တွေရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊

Eleven Media Group ရဲ့ ညီနောင်ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ Eleven Trading နဲ့ ပက်သက်တဲ့ ကိစ္စတစ်ခုကို ရှင်းပြသွားတာ ကြားလိုက်ရတဲ့အတွက် နည်းနည်း ရှင်းပြချင်ပါတယ်။ အဲ့ဒီကုမ္ပဏီနဲ့ ကျွန်တော်တို့က အလုံးစုံ အကုန်တူနေတာတော့ မဟုတ်ပါဘူး။ သတင်းရေးသားခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်က အဲဒီဂျာနယ်မှာ အယ်ဒီတာချုပ် တစ်ယောက်ဖြစ်လို့ တာဝန်ရှိတဲ့အတွက် သတင်းရေးသားမှုနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်တော်တို့ အဓိက ရည်ရွယ်တာကတော့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်း အချို့၊ ဥပမာ-ပုံနှိပ်စက်နဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ကျွန်တော်တို့ အခုတင်သွင်းတဲ့ ပုံနှိပ်စက်မျိုး မရှိဘူးလို့ပြောတာ တကယ်တော့ အဲဒါမဟုတ်ပါဘူး။ 

အစိုးရဌာန အပါအ၀င် ဒီပုံနှိပ်စက် အမျိုးအစားတွေ တင်သွင်းထား ပြီးသားတွေ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တင်သွင်းဖူးပါတယ်။ ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ဈေးနှုန်းအမှန်နဲ့ တင်သွင်းတာ ဖြစ်ပြီးတော့ နိုင်ငံတကာမှာလည်း စုံစမ်းလို့ရပါတယ်။ နောက် ဒီပစ္စည်းတွေက ပုံနှိပ်စက်မှာ Web Machine နဲ့ Sheet-fed တို့က အမျိုးအစား မတူပါဘူး။ ဒီသတင်း ရေးသားချိန်မှာ သတင်းရေးသားမှုအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာ Trading က တာဝန်ရှိသူတွေနဲ့ မေးမြန်းပြီးတော့မှ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က လုပ်တာဖြစ်ပါတယ်။ အဲဒီမှာ ဂျပန်ကသွင်းတဲ့ စက်ပစ္စည်း အမျိုးအစားနဲ့ ကျွန်တော်တို့ဟာကို ဈေးသက်မှတ်တယ်လို့ သိရပါတယ်။ 

တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ပုံနှိပ်စက်တွေနဲ့ ပတ်သက်ရင် ဘယ်လိုတင်သွင်းပြီး ဘယ်လို အခြေအနေတွေ ရှိတယ်ဆိုတာကို ကျွမ်းကျင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒီမှာ ပုံနှိပ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအောင်ကျော်ဦးလည်း ရှိပါတယ်။ သူ့ကိုမေးကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ တင်သွင်းတဲ့စက်က အိန္ဒိယကလာတဲ့ အမျိုးအစားပါ။ အဲဒီတော Web Machine မှာပဲဖြစ်ဖြစ်၊ Mono Unit တွေမှာပဲ ဖြစ်ဖြစ်၊ Branded နဲ့ အိန္ဒိယကလာတဲ့ အမျိုးအစားက တန်ဖိုးကွာခြားပါတယ်။ အမေရိကန်က သွင်းတဲ Ronald စက်နဲ့ စက်ရဲ့ မူလတန်ဖိုးကတင် ဒေါ်လာသန်းချီ ရှိပါတယ်။ ဒါပေမယ့် အဲဒီအမျိုးအစား ပုံစံမျိုး အိန္ဒိယမှာ ပြန်ပြီး တင်သွင်းမယ်ဆိုရင် ဈေးနှုန်း သက်သာပါတယ်။ အချို့အကြောင်း အရာတွေကတော့ ရှင်းလင်းပွဲ ဖြစ်စဉ်အတွက် အပြန်အလှန် အငြင်းပွားစရာ မလိုပါဘူး။ ကာယကံရှင် တာဝန်ရှိသူတွေက ရှင်းပြပြီး ဖြစ်တဲ့အတွက် အငြင်းပွားစရာ မလိုတော့ပါဘူး။ အကြမ်းဖျင်း ရှင်းပြခြင်းသာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ မီဒီယာတစ်ခု အနေနဲ့ ထောက်ပြရေးသားခြင်းကတော့ ဒီဌာနနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းပိုင်းတွေမှာ မကျွမ်းကျင်မှုတွေ၊ အချို့အပိုင်းတွေမှာ လစ်ဟာမှုတွေနဲ့ ပြည်သူတွေ ထိခိုက် နစ်နာမှုတွေ ရှိတာကို ထောက်ပြချင်တဲ့အတွက် ရေးသားခြင်း ဖြစ်ပါတယ်။ အခြားရည်ရွယ်ချက် မရှိပါဘူး။ နောက်တစ်ခုက ဒီဌာနနဲ့ ပတ်သက်လို့ အများပြည်သူထဲမှာရော ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းသိရှိရတဲ့ အကြောင်းအရာတွေ ရှိရပါတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါ။ ဒါပေမယ့် သာမန်ဝန်ထမ်းတွေ ထိခိုက်နစ်နာမှာ စိုးတဲ့အတွက် ဒါတွေကိုလည်း အကျယ်တ၀ံ့ ပြောဆိုလိုခြင်း မရှိပါဘူး။ မေးခွန်းပိုင်း ဆက်မေးဖို့ပဲ ဆန္ဒရှိပါတယ်။ 

ဒါပေမယ့် ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းမှာ လိုအပ်ချက်တွေ ရှိ၊မရှိ ဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အသိဆုံးပဲ ဖြစ်မှာပါ။ ဘာကြောင့်ဆိုတော့ ကျွန်တော်တို့မှာ ဌာနဆိုင်ရာတွေ အများကြီး ရှိတဲ့အတွက် တစ်ခါတလေကျရင် စီးပွားကူးသန်းနဲ့ အကောက်ခွန် ဦးစီးဌာနကြားမှာ လုပ်ရတာ ဘယ်လောက်ရှိတယ်ဆိုတာ သက်ဆိုင်တဲ့ ကာယကံရှင်တွေ ဒီမှာအများကြီး ရှိတဲ့အတွက် အသေးစိတ် မပြောတော့ပါဘူး။

အဓိက ရည်ရွယ်တာကတော့ အပြောင်းအလဲ ကာလမှာ ကောင်းမွန်မှန်ကန်တဲ့ စနစ်တွေနဲ့ အားလုံး အဆင်ပြေ ချောမွေ့ဖို့ပဲ ဆန္ဒရှိပါတယ်။ ထောက်ပြပြောဆိုခြင်းဟာ ကျွန်တော်တို့ တာဝန်ပဲ ဖြစ်တဲ့အတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ခုနကပြောတဲ့ အသေးစိတ် အချက်အလက်ကတော့ အငြင်းပွားစရာ မရှိပါဘူး။ အငြင်းလည်း မပွားလိုပါဘူး။ နောက် လာဘ်ပေးလာဘ်ယူကိစ္စ အပါအ၀င် တချို့ကိစ္စတွေဟာ အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ 

ဘာလို့ဆိုတော့ နိုင်ငံတော်အစိုးရက တရားဝင် ချီးမြှင့်ထားတဲ့ တရားဝင်လစာငွေနဲ့ လက်ရှိ တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုကို ချိန်ထိုးကြည့်ရင် အဖြေသိနိုင်ပါတယ်။ ပြီးတော့ မေးခွန်းတစ်ခုလည်း မေးလိုပါတယ်။ ကားတင်သွင်းမှုနဲ့ ပတ်သက်လို့ ကားစီးရေ တစ်သိန်း တင်သွင်းထားပြီး ချိန်မှာ Recondition မကိုက်ညီတဲ့အတွက် တစ်စီးကို တစ်သိန်းဝန်းကျင် ဒဏ်ကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။

အဲဒီထဲက ၁၀ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ကျပ်သိန်း တစ်သောင်းခန့်ကို ၀န်ထမ်းတွေကို ဆုကြေးအဖြစ် ခွဲဝေပေးတယ်လို့ ကြားရပါတယ်။ ကားတစ်ခုထဲတင် မကဘဲ တစ်ခြားကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်နှစ်တာ ကာလအတွင်း ဒဏ်ကြေးတွေကိုပါ အဲဒီလိုမျိုး လုပ်ဆောင်တယ်လို့ သိရပါတယ်။ အဲဒါဟာ အမှန်တကယ် ဟုတ်၊ မဟုတ်၊ ဒါမှမဟုတ် အဲဒီလို ခွဲဝေပေးမှုဟာ အောက်ခြေ ၀န်ထမ်းအထိ ရရှိခြင်း ရှိ၊မရှိ။ ဘယ်ဝန်ထမ်းအဆင့်တွေပဲ ရတာလဲ၊ အများဆုံးက ဘယ်သူက ရတာလဲ၊ သိရှိလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ နှစ်ခုလုပ်ပါတယ်။ 

မီဒီယာတာဝန် အနေနဲ့ ထောက်ပြဖို့ လိုသလို တစ်ဖက်ကတော့ အများပြည်သူ နစ်နာမယ်ဆိုရင် ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်း တာဝန်ယူနေတဲ့ လာဘ်ပေးလာဘ်ယူ ကော်မရှင်ကို တိုင်ကြားဖို့ အစီအစဉ် ရှိပါတယ်။ အခုလည်း တိုင်ကြားဖို့ ပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် ဒီရှင်းလင်းပွဲမှာ ကျွန်တော်တို့ တိုင်ကြားမယ့်စာ မိတ္တူတွေကို အားလုံးထံကို ဝေပေးသွားမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ မေးခွန်းတွေကိုလည်း ဝေပေးသွားမှာ ဖြစ်ပါတယ်။ ကြားသိရတဲ့ သတင်းတွေအရ တာဝန်အရှိဆုံး ညွှန်ချုပ်ဟာ တစ်နှစ်ကို ကျပ်သိန်း ခုနှစ်ထောင်ခန့် ရရှိတယ်လို့ အပြင်သတင်းတွေ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်လို့ မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် သိရှိလို၍ မေးမြန်းခြင်း ဖြစ်ပါတယ်။

Weekly Eleven

ဖြေ ။ Weekly ကမေးသွားတဲ့ ဆုကြေးငွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာ နိုင်ငံတော်ကနေ ကျွန်တော်တို့ကို တရားဝင် ချီးမြင့်ပေးတာ ရှိပါတယ်။ အဲဒီလို တရားဝင် ချီးမြှင့်ပေးတာ ရှိသလို အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီးတော့လည်း ချီးမြှင့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုကြေးငွေ အနေနဲ့ ဘယ်အပေါ်မှာ ခံစားရသလဲဆိုရင် နံပါတ်တစ် အချက်အနေနဲ့ ဆိုရင် ရွေးယူဒဏ်ငွေပေါ်မှာ ဆုကြေးငွေ ခံစားခွင့်ရှိပါတယ်။ နောက်တစ်ခုက ပြည်သူ့ဘဏ္ဍာ သိမ်းပြီးတော့မှ လေလံတင် ရောင်းချတာက ရရှိတဲ့ငွေ အပေါ်မှာလည်း ဆုကြေးငွေ ကျွန်တော်တို့ ခံစားခွင့် ရှိပါတယ်။ ခုနက မေးသွားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရွေးယူဒဏ်ငွေထဲမှာ ပါတဲ့အတွက်ကြောင့် ဆုကြေးငွေ ပေးတဲ့အခါမှာ ဒါကိုထည့်သွင်း တွက်ချက်ပါတယ်။ အဲဒီတော့ တိုက်ရိုက်ကပဲ ဖြစ်ဖြစ် လေလံတင်လိုက်လို့ သိန်းတစ်ထောင်ပဲ ဖြစ်ဖြစ် ရရှိတဲ့ငွေ အားလုံးကို အကောက်ခွန် ဦးစီးနဲ့ နိုင်ငံတော် ဘဏ္ဍာထဲကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ၀င်သွားပြီးမှ ကျွန်တော်တို့ရဲ့ အကောက်ခွန် ငွေစာရင်း 01, 02 မှာ ဆုငွေ ချီးမြှင့်ရေးအတွက် ဆိုပြီး အပေါ်က ပြန်ချပေးတာ ရှိပါတယ်။ အဲဒီတော့ သာမန်ငွေ အသုံးစရိတ်မှာ ပါလာပါတယ်။ အဲဒီအထဲမှာမှ နှစ်အလိုက်၊ နှစ်အလိုက် ကြာခဲ့တဲ့ဟာတွေပေါ် မူတည်ပြီးတော့မှ ပေးတာဖြစ်ပါတယ်။ နောက်တစ်ခုက ဆုငွေနဲ့ ပတ်သက်ပြီးတော့မှ အကောက်ခွန် တစ်ခုတည်းက ၀န်ထမ်းတွေပဲ ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ အကောက်ခွန်နဲ့ သီးသန့်ထားတဲ့ ဟာပဲ ဖြစ်ဖြစ်၊ အကောက်ခွန်နဲ့ ပူးပေါင်းပြီးမှ ဖမ်းတဲ့ ရဲတို့၊ သစ်တော၊ သတ္ထုတွင်း၊ နောက်ဒေသ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးပေါ့။ မီးသတ် အကုန်လုံး ပါလာလို့ ဖမ်းဆီးမှုထဲမှာ ပါလာတယ်ဆိုရင် အဲဒီ Case တစ်ခုတည်းမှာ ပါလာရင် ဖမ်းပြီး လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွှေးယူဒဏ်ငွေ ရတာပဲဖြစ်ဖြစ်၊ ငွေချက်ချင်း မရသေးပေမယ့် အဲဒီလူတွေကို ကူညီသူ အနေနဲ့ လည်းကောင်း၊ ဖမ်းဆီးသူ အနေနဲ့ လည်းကောင်း ရစေပါတယ်။ ဒါ့အပြင် သတင်းပေး အနေနဲ့လည်း ကျွန်တော်တို့ကိုပဲ တိုက်ရိုက် သတင်းပေးမယ်။ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသတင်းပေးပြီးတော့ ပူးပေါင်း ဖမ်းတယ်ဆိုရင် ကျွန်တော်တို့က အဲဒီသတင်းပေးသူကို ကျွန်တော်တို့က လျှို့ဝှက်ပေးထားတယ်။ သူ့အတွက် ၁၀ ရာခိုင်နှုန်းကို ပေးတာဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်မှာ ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ၅၀ ရာခိုင်နှုန်းကို တိုင်းနဲ့ပြည်နယ်ကို ပေးရပါတယ်။ ၃၀ ရာခိုင်နှုန်းကို ဗဟိုရန်ပုံငွေထဲကို ထည့်ပါတယ်။ ၁၀ ရာခိုင်နှုန်းကို သတင်းပေးရှိခဲ့ရင် ပေးပါတယ်။ မရှိခဲ့ဘူးဆို လို့ရှိရင် ဗဟိုရံပုံငွေထဲကို ပြန်သွားပါတယ်။ နောက်တစ်ခုက ပြည်ထောင်စု ဆုငွေနဲ့ပတ်သက်လို့ကတော့ ၈၀ ရာခိုင်နှုန်းကို ပြည်ထောင်စု အစိုးရထဲကို ၀င်ပါတယ်။ 

သတင်းပေး ၁၀၊ ဆုကြေးငွေ ၁၀ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျပ်သိန်း ခုနှစ်ထောင်ကျော် ရခဲ့ဖူးတဲ့ အခြေအနေ မရှိပါဘူး။ ၂၀၁၂-၁၃ ဘတ်ဂျက်ကို ပြန်တွက်တဲ့ အမှုပေါင်း ၃၄၁၃ ခုကိုတွက်တာ ဌာနဆိုင်ရာတွေ မိတ်ဖက် အဖွဲ့အစည်းတွေလည်း ပါတယ်။ အားလုံးကို ပြန်အချိုး ချလိုက်တယ်။ သက်ဆိုင်ရာ ဌာနတွေကို ပေးစရာ ရှိတာပေးပြီး ကျပ်သိန်းပေါင်း ၁၅၀၀ ထဲမှာ ပြန်တွက်လိုက်တဲ့ အချိန်မှာ ကျွန်တော် ညွှန်ကြားရေးမှူး အမြင့်ဆုံးရတာမှ ကျပ်နှစ်သိန်းပဲ ရပါတယ်။ ၀န်ထမ်းတွေကို ပေးဖို့ရှိပါတယ်။ အနည်းဆုံး ၀န်ထမ်းအနေနဲ့ကတော့ ဓာတ်လှေကား မောင်းတဲ့သူက ကျပ်ငါးသောင်းကျော်ရမယ်။ ကျပ်သိန်းပေါင်း ခုနှစ်ထောင်ကျော် ရခဲ့သလားဆိုတာကတော့ မရခဲ့ပါဘူး။ နောက်တစ်ခုက ရရှိခံစားတဲ့ အချိန်မှာ အကောက်ခွန် ဦးစီးဌာန တစ်ခုတည်း သက်ဆိုင်ရာ ၀န်ထမ်းတွေလည်း ပါဝင်လာတယ်။ လေလံတင်တာပဲ ဖြစ်ဖြစ်၊ ရွေးယူတာပဲ ဖြစ်ဖြစ်၊ တိုက်ရိုက်ပေးတာပဲ ဖြစ်ဖြစ် အဲဒီအားလုံးထဲကမှ ၁၀ ရာခိုင်နှုန်းပေါ်မှာ အပုံ ၁၀၀ ပုံပြီးတော့မှ ခွဲဝေပေးတာ ဖြစ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ စနစ်တကျ နိုင်ငံတော် ပြန်တမ်းအနေနဲ့ တရားဝင်ပေးတာ ဖြစ်ပါတယ်။

အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း

မေး ။ ၂၀၁၂ ခုနှစ်မှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အမှုဘယ်နှစ်ခုမှာ အရာထမ်းတွေကို စစ်ဆေးခဲ့တာ ရှိသလဲ။ ဘယ်လိုပုံစံနဲ့ အရေးယူခဲ့သလဲ၊ ဘယ်လို အဂတိမျိုးတွေကို လိုက်စားခဲ့သလဲ။

News Watchဂျာနယ်

ဖြေ ။ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲမှာ ကျွန်တော်တို့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားရေးမှူး နှစ်ဦးကို ဖြုတ်ပစ်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ နောက်ထပ် ၃၃ ဦးကို တစ်ဆင့်နိမ့် ရာထူးနဲ့ ငွေရေးကြေးရေးနဲ့ မပတ်သက်တဲ့ ၀န်ကြီးဌာနတွေကို ပြောင်းရွှေ့တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။

အကောက်ခွန် ဦးစီးဌာန၊ စီမံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း

မေး ။ ၂၀၁၂ ခုနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဘယ်နှစ်မှုလောက် ရှိပါသလဲ။ နိုင်ငံ့ဘဏ္ဍာထဲက အဂတိ လိုက်စားမှုကြောင့် ဘယ်လောက်ပါသွားပါသလဲ။ ဒီနှစ်ထဲမှာ အဂတိ လိုက်စားမှုတွေ မဖြစ်အောင် ဘယ်လိုလုပ်ဆောင် ထားပါသလဲ။ 

မဇ္ဈိမ

ဖြေ ။ တစ်မှုသာရှိကြောင်း ဖြေကြားခဲ့ပြီး နစ်နာသွားသည့် နိုင်ငံ့ဘဏ္ဍာ ပမာဏကိုမူ ဖြေကြားမှု မပြုခဲ့ပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်