Thursday, February 28, 2013

တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ

Posted by drmyochit Thursday, February 28, 2013, under | No comments


မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင် သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲ လိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ် ပါတီပိုင် The Global Times သတင်း စာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ဆောင်း ပါးရှင် Bi Shihong ၏ 'No need to create false gulf between Beijing, Nay Pyi Taw' ဆောင်းပါး ကို The Global Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။


တရုတ်နိုင် ငံ၏ ဒေသတွင်း လွှမ်းမိုးမှုကို တားနိုင်ရန်အတွက် မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန် အမေရိကန်က ရည်ရွယ်လာကြောင်း၊ ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအား ကြွေးလျှော်ပစ်ခြင်း၊ ချေးငွေသစ်ထုတ်ချေးခြင်း စသည့် စီးပွားရေး အကူအညီများဖြင့် ဆွယ်ရန် အသည်းအသန် ကြိုးစားနေကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံ အနေနှင့် အိန္ဒိယ-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို အားထုတ်ကြိုးပမ်းလာကြောင်း၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး အမေရိကန်အနေနှင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်ဆောင်ရွက်မှု အမျိုး မျိုးကို ကျင့်သုံးလာကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်နှင့် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားတို့သည် မြန်မာနိုင်ငံသို့ ဆက်တိုက်လာရောက် လည်ပတ်ခဲ့ပါကြောင်း၊ ၀ါရှင်တန် အနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းခဲ့ပါကြောင်း၊ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကို စေလွှတ်ခြင်းဖြင့် သံတမန် ဆက်ဆံရေးကို နဂိုအတိုင်း ပြန်ဖြစ်စေခဲ့ကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ အပေါ်ယံ ဆက်ဆံရေး သစ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပျားရည်ဆမ်းခရီးဟု အဓိပ္ပာယ် မသက်ရောက်ပါကြောင်းဟု The Global Times သတင်းစာက ဖော်ပြခဲ့သည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဦးသိန်းစိန် အစိုးရလက်ထက်၌ အနောက်နိုင်ငံများ အနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အားလုံးကို အလုံးစုံ ရုပ်သိမ်းသွားရေး မဖြစ်နိုင်ကြောင်း ထို့ပြင် အမေရိကန်အနေနှင့် မြန်မာအစိုးရကို သင့်လျော်သည့်ဆုလာဘ် မချီးမြှင့်သေးပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုအားလုံးကို အပြည့်အ၀ မရုပ်သိမ်းသေးပါကြောင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် စီးပွားရေး လုပ်ငန်းများသည် အပြင်ပန်းအသွင်သဏ္ဌာန်သာ ရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ရှိမလာသေးကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့အား အမေရိကန်က ပေးထားသည့် ထောက်ခံမှုများအတွက် မြန်မာအစိုးရအနေနှင့် အမေရိကန် အပေါ် မနာလို မုန်းတီးမှုများ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သည့် မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံအပေါ် မှီခိုအားထားလိုစိတ် မရှိသလို အမေရိကန်ကဲ့သို့ စူပါပါဝါတစ်ခုအပေါ် အလွန်အကျွံ မှီခိုရမှုကိုလည်း မလိုလားကြောင်း၊ ဂျပန်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနှင့် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန်အတွက် စုစည်းဆောင်ရွက်နိုင်ခဲ့ပြီး တရုတ်- မြန်မာ ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ စီးပွားရေး အသာစီးရမှုကို အားနည်းစေခဲ့ကြောင်းနှင့် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အနည်းနှင့်အများ သက်ရောက်မှု ရှိစေခဲ့ကြောင်း The Global Times သတင်းစာက ဆက်လက်ဖော်ပြခဲ့သည်။


အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယတို့တွင် တရုတ်နိုင်ငံအား ထိန်းချုပ်ရန် တူညီသည့် ပန်းတိုင်ရှိသော်လည်း ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားကြောင်း၊  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေစဉ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဦးသိန်းစိန် အစိုးရလက်ထက်၌ အနောက်နိုင်ငံများအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ အားလုံးကို အလုံးစုံ ရုပ်သိမ်းသွားရေး မဖြစ်နိုင်ကြောင်း The Global Times သတင်းစာက ရေးသားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံ၏ အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ခိုင်မာသည့် အခြေခံအပေါ် တည်ဆောက်ကာ ဖွံ့ဖြိုးတိုး တက်လာသည့် အတွက်ကြောင့် အလွယ်တကူ သက်ရောက်မှုများ မရှိနိုင်ပါကြောင်း သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အပေါ် ပြောင်းလဲမှု ရှိလိမ့်မည်မဟုတ်ကြောင်းကို ကတိပြုပြောကြားခဲ့ကြောင်း၊ အကယ်၍ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အားလုံးကို အနောက်နိုင်ငံများက အလုံးစုံ ရုပ်သိမ်းခဲ့ ပါကလည်း မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုကို လိုအပ်နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနှင့် တရုတ်နိုင်ငံမှ တဖြည်းဖြည်း ဝေးကွာလာခဲ့ပါက တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရ လိမ့်မည် ဖြစ်ကြောင်း The Global Times သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် တရုတ်-မြန်မာ ဆက်ဆံရေးတွင် နယ်စပ်ဒေသ လုံခြုံရေးသည်လည်း ဆတ်ဆတ်ထိမခံသော သတိထား ရမည့် ကိစ္စရပ်အဖြစ် တည်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဖော်ပြခဲ့သည်။

 news-eleven.com 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်