Thursday, February 28, 2013

နယူးဇီလန်ကမ်းခြေတွင် ငါးမန်းဖြူကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံး

Posted by drmyochit Thursday, February 28, 2013, under | No comments

ငါးမန်း ကိုက်ခံရသူသည် အသက်(၄၆)နှစ်ရှိ ရုပ်ရှင် ဒါရိုက်တာ အဒမ် စထရိန်းဂ်ျဆိုသူ ဖြစ်ပြီး ကမ်းခြေမှ မီတာ (၂၀၀)ကျော် အကွာတွင် ရေကူးနေစဉ် ငါးမန်းဆွဲ သွားခြင်း ဖြစ်သည်။ မူရီဝေ ကမ်းခြေ အနီး တွင် ဖြစ်ပွားခဲ့သော လူသေမှုအတွက် လက်သည် ငါးမန်းမှာ အရှည် (၁၂)ပေမှ (၁၄)ပေကြား ရှိနိုင်ကြောင်းလည်း ကျွမ်းကျင် သူများ က သုံးသပ်ခဲ့သည်။ 
နယူးဇီလန် ကမ်းခြေ တစ်ခုတွင် ငါးမန်းကိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ရေပေါ် ပေါလောမျောနေ သူထံ အမြန်ဆုံး သွားရောက်ခဲ့သော်လည်း အချိန်မ မီခဲ့ချေ။ ၎င်းတို့သည် ငါးမန်းကိုက်ရာများနှင့် သွေးအလူးလူး ဖြစ်နေသော အလောင်းကိုသာ ပြန်ရခဲ့သည်။ ဗုဒ္ဓဟူးနေ့က အောက္က လန် အနောက်ဘက်ရှိ နာမည်ကျော် ကမ်းခြေ တစ်ခုတွင် အဆိုပါ ငါးမန်း တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ လူအများ နွေရာသီတွင် ကျရောက်သော နေရောင်ခြည်ကို ခံယူရန် စုရုံး ရောက်ရှိနေတတ်သည့် အချိန်မျိုးတွင် ယခုလို ထိတ်လန့်ဖွယ် ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းဟုလည်း သတင်းများက ဆိုသည်။

ငါးမန်း ကိုက်ခံရသူသည် အသက်(၄၆)နှစ်ရှိ ရုပ်ရှင် ဒါရိုက်တာ အဒမ်စထရိန်းဂ်ျဆိုသူ ဖြစ်ပြီး ကမ်းခြေမှ မီတာ (၂၀၀)ကျော် အကွာတွင် ရေကူးနေစဉ် ငါးမန်းဆွဲသွားခြင်း ဖြစ်သည်။ မူရီဝေ ကမ်းခြေအနီးတွင် ဖြစ်ပွားခဲ့သော လူသေမှုအတွက် လက်သည်ငါးမန်းမှာ အရှည် (၁၂)ပေမှ (၁၄)ပေကြား ရှိနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ "သူက လူးလှိမ့်နေတယ်။ အနားမှာ သွေးတွေချည်းပဲ"ဟု ထိုနေရာ အနီးတွင် ငါးမျှားနေခဲ့သည့် ပီယိုမိုဆီက ပြောကြားခဲ့သည်။ မိုဆီက အလောင်းအနီးတွင် နောက်ထပ် အနည်းဆုံး ငါးမန်းနှစ်ကောင်မျှလည်း လာရောက်မြူးထူး ဆော့ကစားနေသည်ကို မြင်ခဲ့ရကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ "သူရေကူးနေတာကို ကျွန်တော်တို့ သတိထားမိတယ်။ နောက်တော့ ငါးမန်းဆူးတောင်ကြီး သူ့နောက်မှာ ပေါ်လာတယ်။ နောက်ကျတော့ သွေးတွေ ပျံ့နှံ့သွားတော့တာပဲ"ဟုလည်း သူငယ်ချင်းများနှင့်အတူ ကျောက်ဆောင်ပေါ်မှ ငါးမျှားနေသည့် မိုဆီက ပြောကြားသွားသည်။


မိုဆီက ပထမငါးမန်း ကိုက်ခံရချိန်တွင် စထရိန်းဂ်ျသည် ရုန်းကန်ရင်း ခြောက်ထုတ်ခဲ့ပြီး ရေကူးရန် အားထုတ်နေသော်လည်း နောက်ထပ် ငါးမန်းများက တိုက်ခိုက်မှုအတွင်း ပါဝင်လာခဲ့ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ ၎င်းသည် ရဲတပ်ဖွဲ့ကို မိုဘိုင်းလ်ဖုန်းဖြင့် ဆက်သွယ်ကာ သတင်းပေးနေစဉ် အခြားငါးမျှားနေသူ တစ်ဦးက အကူအညီ ပေးနိုင်ရေးအတွက် ကမ်းခြေဘက် ပြေးသွားကြောင်း သိရသည်။ "အဲဒီအချိန်မှာ သူအသက်ရှိသေးတယ်။ ခေါင်းကို သူမော့ထားတယ်။ ကျွန်တော်တို့ ရှိနေတဲ့ ကျောက်ဆောင်ဘက် ရေကူးလာဖို့ သူ့ကို အော်ခေါ်ကြတယ်။ သူက လက်ကို မြှောက်ပြပါတယ်။ အဲဒီအချိန်မှာပဲ နောက်ငါးမန်း တစ်ကောင်က သူ့ကို ဆွဲသွားတော့တာပဲ"ဟု ခြောက်ခြားနေသည့် မိုဆီက ရှင်းပြခဲ့သည်။

"အိပ်မက်ဆိုးကြီးပဲ။ ကြောက်ဖို့ အရမ်းကောင်းတယ်။ ကျွန်တော် အရမ်းတုန်လှုပ် သွားမိတယ်"ဟုလည်း ၎င်းက ဝန်ခံသည်။ မိုဆီက မိမိသည် အဆိုပါ ဧရိယာ တစ်ဝိုက်တွင် ငါးမျှားခဲ့သည်မှာ (၃)နှစ်မျှ ရှိနေပြီး ငါးမန်းရှိသည့် အရိပ်အယောင် တစ်ခါမျှ မတွေ့ခဲ့ဟု ဆိုသည်။ "ပထမတော့ ကျွန်တော် ရေထဲခုန်ချပြီး သွားကူညီလိုက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ကိုပါ ငါးမန်းတွေက ရန်ပြုလာတာမျိုး ဖြစ်မှာကို တွေးကြောက်ခဲ့မိတယ်"ဟုလည်း မိုဆီက ဖွင့်ဟသွားသည်။ 


Sestpac Rescue Helicopter Serviceမှ ရက်ဆဲလ်ကလာ့ခ်က သေဆုံးသူကို တိုက်ခိုက်ခဲ့သော ငါးမန်းမှာ ရက်စက်မှုတွင် နာမည်ကျော်သော ငါးမန်းဖြူ တစ်ကောင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ရဲများသည် အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာချိန်တွင် ငါးမန်းတစ်ကောင်မှာ အလောင်းအနီးတွင် ရှိနေဆဲဖြစ်ပြီး ယင်းကို သေနတ်နှင့် အချက်(၂၀)မျှ ပစ်ခတ်ခဲ့ရသည်။ ငါးမန်းသည် လူးလှိမ့်ပြီးနောက် ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွယ်သွားကြောင်းလည်း ရဲများက ပြောကြားခဲ့သည်။ 


ငါးမန်းတိုက်ခိုက်မှုကြောင့် ကမ္ဘာပေါ်တွင် ပျမ်းမျှ လူ(၂၅)ဦးမျှ နှစ်စဉ် သေကြေလေ့ ရှိတတ်သည်။ နယူးဇီလန်သည် ကျွန်းနိုင်ငံဖြစ်ပြီး ကမ်းခြေ ပေါများသော်လည်း လူသေသည်အထိ ငါးမန်းတိုက်ခိုက်မှုမျိုး ကြုံရသည်မှာ ရှားပါးကြောင်း သိရသည်။ နယူးဇီလန်၏ နိုင်ငံသမိုင်း (၁၇၅)နှစ်အတွင်း ငါးမန်းကိုက်၍ လူသေကြောင်း မှတ်တမ်းတင်ခဲ့သည်မှာ အကြိမ်(၂၀)အောက်သာ ရှိကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။ 

Source: CNN
Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်