Thursday, June 12, 2014

ရန်ကုန်တွင် ရေကြီး၊ သွားလာရေးအခက်တွေ့

Posted by drmyochit Thursday, June 12, 2014, under | No comments

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရေလျှံနေစဉ် (ဓာတ်ပုံ- နစ်ကီ)

ရန်ကုန်မြို့တွင် ယနေ့ဇွန်လ ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများနှင့် လူနေရပ်ကွက် အချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွား ခဲ့ပြီး၊ ယာဉ်ကြောကျပ်တည်းမှုများကြောင့် လမ်းပန်း ဆက်သွယ်ရေး များလည်း နှောင့်နှေးခဲ့သည်။

ရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ပြီး အငှားယာဉ်များ၊ ခရီးသည်တင် ဘတ်စ်ကား အချို့ ပြေးဆွဲမှုများလည်း ရပ်တန့်ခဲ့သည်။

နံနက် ၅ နာရီခန့်မှစတင်ပြီး ရုံးတက်ချိန် နံနက် ၈ နာရီခန့်အထိ သဲသဲမဲမဲရွာသွန်းခဲ့သောမိုးကြောင့် ရန်ကုန်မြို့ လမ်းမများပေါ်တွင် ဘတ်စ်ကားများ  ပိတ်မိနေခဲ့ပြီး မှတ်တိုင်များတွင် လူများပြည့်နှက်ခဲ့သည်။

ရန်ကုန်-အင်းစိန်လမ်းမတစ်လျှောက်တွင်လည်း ကားများပိတ်မိနေခဲ့သည်။ အထူးသဖြင့် သမိုင်းလမ်းဆုံတွင် ရေကြီးနေမှုကြောင့် ခဝဲခြံမှတ်တိုင်မှ သမိုင်းလမ်းဆုံအလွန်အထိ ၁၀ မိနစ်ခန့်ခရီးကို တစ်နာရီခွဲခန့်ကြာသည်အထိ ကားများပိတ်ဆို့နေကြောင်း ယင်းနေရာသို့ရောက်ရှိခဲ့သည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။ ထို့အပြင် ကားအများစုမှာ သမိုင်းလမ်းဆုံတွင် ရေလျှံနေ၍ ဘုရားလမ်းမီးပွိုင့်မှတစ်ဆင့် ရှောင်မောင်းနေကြ သည်။

အထပ်မြင့်အဆောက်အအုံအများအပြားတည်ရှိရာ တာမွေမြို့နယ်တွင်လည်း မြေညီထပ်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ တာမွေနှင့် မြို့တွင်းကိုဆက်သွယ်ထားသည့် အဓိကလမ်းမများပေါ်တွင် ရေများဝင်ရောက်နေမှုကြောင့် လမ်းများပိတ်ဆို့လျက်ရှိသည်။

ရန်ကုန်-ပြည်လမ်းမတစ်လျှောက်တွင်လည်း ရှစ်မိုင်လမ်းဆုံမှ မြို့တွင်းအထိ ရာနှင့်ချီသောကားများ လမ်းမများပေါ်တွင် ပိတ်ဆို့နေခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင်လည်း ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိပြီး အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် သစ္စာလမ်းမပေါ်တွင် သုံးပေခန့် အထိ ရေတက်လျက်ရှိပြီး လူများနှင့် မော်တော်ယာဉ်များခက်ခဲစွာသွားလာနေရကြောင်း ယင်းနေရာသို့ရောက်ရှိခဲ့သည့် 7 Day သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုံးဒေသများသို့ ဆက်သွယ်ထားသော မြို့ပတ်ရထားလမ်း၏ နေရာအချို့တွင်လည်း ရေဝင်ရောက်ခဲ့ခြင်းကြောင့် ရထား  အချိန်များ သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျပြေးဆွဲခဲ့ရကြောင်း မီးရထားစီးခရီးသည်များက ပြောသည်။ ရထားလမ်းများတွင် ရေကျော်မှုများ ဖြစ်ပွားနေသော်လည်း ရထားခရီးစဉ်များကို ပုံမှန်ပြေးဆွဲနိုင်ရေးဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ တာဝန်ကျအရာရှိက ပြောသည်။

ရန်ကုန်မြို့ ပြည်လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွား (ဓာတ်ပုံ- ကျော်ဇင်သန်း)

ကားလမ်းများ ပိတ်ဆို့နေသည့်အတွက် မှတ်တိုင်တွင် ကားစောင့်နေသူများအချိန် ကြာမြင့်စွာ စောင့်ဆိုင်းရသည်(ဓာတ်ပုံ- ကျော်ဇင်သန်း)
ပြည်လမ်းတံတားဖြူမှတ်တိုင်တွင် ကားစောင့်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)

ရန်ကုန်မြို့ ပါရမီလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရေလျှံနေစဉ် (ဓာတ်ပုံ- နစ်ကီ)
7 Day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်