ခင်အောင်အေး။ ဇူလိုင် ၂၄၊ ၂၀၁၂
မထူးတော့ဘူး ဆိုပြီး..
မျဉ်းဖြောင့်တစ်ကြောင်းဆွဲကြည့်တော့လဲ ကွေးကောက်
ဝ လုံးကလေး တစ်လုံး ဝိုင်းကြည့်တော့လဲ ရွဲ့ယိုင်
ကိုယ့်ဘဝကိုကိုယ် ငုံ့ကြည့်တော့လဲ အဆီမတွေ့ အသားမတွေ့။
ဆံပင် မညှပ်တော့ဘူး ဆိုပြီး ခဏခဏ ညှပ်ရတာပဲ
နှုတ်ခမ်းမွေး မရိတ်သင်တော့ဘူးဆိုပြီး ခဏခဏ ရိတ်ပစ်ရတဲ့ အကြောင်းဆိုက်တာပဲ
သူ့အလိုလို ပေါက်တဲ့ အမွှေးအမျှင်တွေ အပေါ်မှာတောင် မစိုးပိုင်မှတော့
ဘာကို စိုးတယ် ပိုင်တယ် ထင်ရအုန်းမှာတဲ့တုန်း။
ဘဝင်မြင့်ကြည့်ချင်တယ်
(ထိုင်နေကျ ပလပ်စတစ် ခွေးခြေ ဖင်ထိုင်ခုံလေးကို အားနာတယ်)
အပေါ်စီးကနေ တခုခု ပြောကြည့်ချင်တယ်
(ကိုယ့်ဟာကိုယ်တောင် နားလည်အောင် စကားပြောစွမ်းရည် မရှိဘူး)
ဘဝမှာ ပြီးပြီ လို့ လူကြားကောင်းအောင် ကြေညာချက်ထုတ်ကြည့်ချင်တယ်
(မကောင်းမှန်းသိပြီး ဆက်မလုပ်သင့်တော့ဘူးဆိုတာမျိုး ၃-၄ ခုလောက် ကိုတောင်
မစွန့်လွှတ်နိုင်တဲ့ ကောင်ကများ..)
ကဲ … ခင်ဗျားနဲ့ ကျုပ်နဲ့ အလျော်အစားလုပ်ရအောင်
လူ့လောက ကောင်းကျိုး ဘယ်နှစ်ပိဿာလောက် ထမ်းပိုးပြီးပြီလဲ
ကျုပ်ကိုတော့ ဒီကမ္ဘာမြေကြီးက ထမ်းထားရတာ လေးတယ်ဆိုပြီး
ခါခါချနေတာ အနှစ်ငါးဆယ် ကျော်ခဲ့ပြီ။
ကျုပ်က ခင်ဗျားကို လျော်ရမလား
ခင်ဗျားက ကျုပ်ကို ပြန်လျော်မလား။ ။
(Photo credit – http://www.bitlancer.com/ )
Time in Rangoon


0 comments:
Post a Comment