Thursday, November 15, 2012

ရခိုင်ပြည်သူ ဒုက္ခသည် တစ်သိန်းကျော်အတွက် စားနပ်ရိက္ခာအခက်အခဲရှိနေချိန် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယရောက်နေ

Posted by drmyochit Thursday, November 15, 2012, under | No comments


ရခိုင်ပြည်နယ်တွင် ဇွန်လကဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် အောက်တိုဘာလက ထပ်မံဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည် တစ်သိန်းကျော်ရှိရာ ၄င်းတို့အတွက် ရေရှည်တွင် စားနပ်ရိက္ခာ အခက်အခဲ ရှိလာနိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။
ရခိုင်ပြည်နယ်တွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် မီးဘေးသင့် ဒုက္ခနှင့် ဘေးကင်းရာသို့ ရှောင်တိမ်းလာကြသော ဒုက္ခသည်ပေါင်း (၁၀၉၉၃၅)ဦး ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ထံက သိရသည်။ “ဒုက္ခသည်တွေအတွက် ဘာအခက်အခဲ ရှိမလဲဆိုတော့ ရေရှည်အတွက်
ကတော့ စာနပ်ရိက္ခာ ခက်ခဲမှာပါ “ ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်း မြိုင်က ပြောသည်။  ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက်လှူဒါန်းမှုနှင့်ပတ်သက်၍ ပြည်တွင်းရှိ လုမှုရေးကူညီမှု အဖွဲ့အစည်း များအနေဖြင့် လွတ်လပ်စွာ လှူဒါန်းနိုင်ကြောင်း ဟန့်တားမှုမရှိကြောင်း ၄င်းက ဆက်ပြောသည်။
ရခိုင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေစာရင်း ကောက်ခံနိုင်သော်လည်း ဘင်္ဂလီဒုက္ခသည် စခန်းများတွင် စာရင်းကောက်သည့်အခါ အတိအကျရရှိရန် ခက်ခဲမှုရှိကြောင်းကိုလည်း သိရသည်။
“WFP ကတော့ ကျွန်တော်တို့နဲ့ ပေါင်းပြီးဆောင်ရွက်တာပေါ့၊ ဆောင်ရွက်တဲ့အခါမှာ သူတို့ ကိုယ်တိုင်ကလဲ စာရင်းကောက် တာတွေမှာ အတိအကျမရဘူး၊ ယူနီဆက်တို့ ကုလသမဂ္ဂတို့က သတင်း ကြေညာနေတယ်၊ ဘယ်လောက်ရတယ် ဆိုပြီးတော့၊ ဒါကလည်း ကျွန်တော်တို့ မပြောနိုင်ဘူး WFPကဆန်ဝေတဲ့ သူတွေတောင် စာရင်းကို အတိအကျမရဘူး”ဟု ဦးဝင်းမြိုင် က ပြောသည်။ ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် စစ်တွေမြို့မှ မီးဘေးသင့် ဒုက္ခသည်အချို့မှာ ဘုန်းကြီး ကျောင်းများတွင် ရှိနေဆဲဖြစ်သည်။
“ဆရာတော်ကျောင်းမှာ အရင်တုန်းကဒုက္ခသည်တွေ ရှိသေးတယ်၊ အခုထိ အဆောင်မရသေးဘူး၊ နောက်ထပ်ပြီး ပဋိပက္ခထပ်ဖြစ်လာတယ်၊ မြောက်ဦး ကိုလည်း ဆရာတော်ရောက်ခဲ့တယ်၊ ရခိုင်ဒုက္ခသည်တွေ အများကြီးပဲ၊ သူတို့ရဲ့စိတ်ထဲမှာ စိုးရိမ်မှုတွေ အများရှိတယ်၊ ဆရာတော်တို့ တက်နိုင်သလောက်တော့ လှူဒါန်းခဲ့တယ်” ဟု မြောက်ဦးမြို့ရှိ ဒုက္ခသည်များထံ သွားရောက် လှူဒါန်းခဲ့သည့် မြစ်ချေကျောင်းဆရာတော် အသျှင်ကုမာရဓမ္မကထိကက မိန့်ကြားခဲ့သည်။ စစ်တွေမြို့ နေပူခံရပ်ကွက် မြစ်ချေကျောင်းတွင် ရခိုင်ဒုက္ခသည် အိမ်ထောင်စု(၂၀)ကျော်ရှိနေသလို အခြား ကျောင်းများတွင်လည်း ရှိနေသည်။ “အခုဖြစ်စဉ်အတွင်းမှာ ကျွန်တော်တို့ ပြဿနာတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်၊ လူနာတွေ ဆေးရုံ ရောက်လာတယ်၊ ဆေးဝါး ကုသဖို့ ပိုက်ဆံ မရှိဘူး၊ နောက်တစ်နေ့ မနက် စစ်တွေမြို့ ပတ်ပြီး အလှူခံရတယ်၊ ရတဲ့ ပိုက်ဆံကို ဆေးရုံ သွားပြီး ပေးရတယ်၊ ထပ်ပြီးတော့ ဒုက္ခသည်တွေအတွက် ရှာရသေးတယ်၊ အဝတ် အစားတွေက အစအကုန်လုံးလိုက်စုပြီး ဒုက္ခသည်တွေကို ပေးရတယ်၊ ကျွန်တော်တို့မှာ နိုင်ငံတကာက လှူဒါန်း မှူ့ဆိုတာ မရှိသလောက်ဘဲ” ဟု လူမှုရေးအသင်းအဖွဲ့မှ ရခိုင်လူငယ်တစ်ဦးက ပြောသည်။လက်ရှိအနေအထားတွင် စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်တို့၌ ဒုက္ခသည်စခန်းများ ထားရှိကြောင်းနှင့် ပထမအကြိမ် စစ်တွေခရိုင်၌ ဒုက္ခသည် အိမ်ထောင်စု(၁၂၂၃၀)စု၊ လူဦးရေ (၇၅၁၁၄)ဦး၊ ဒုတိယအကြိမ် အိမ်ထောင်စု (၄၃၆၉)စု၊ လူဦးရေ (၂၉၁၃၇)ဦးနှင့် ကျောက်ဖြူခရိုင်တွင် အိမ်ထောင်စု (၄၂၂)စု ၊လူဦးရေ (၉၇၄)ဦး ရှိသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်