Thursday, November 15, 2012

ရေကောင်းရေသန့်ရရှိရေးယုဇနဥယျာဉ်နေပြည်သူများ တောင်းဆိုနေ

Posted by drmyochit Thursday, November 15, 2012, under | No comments


ယုဇနဥယျာဉ်မြို့တော်၊ အမှတ်(၉၄)ရပ်ကွက်နေ ပြည်သူများက  ရေကောင်းရေသန့် ရရှိခြင်း မရှိသည့် အပေါ်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုလျှက် ရှိကြောင်း သိရှိရသည်။ ယုဇနဥယျာဉ် မြို့တော်သည် ၁၉၉၇ ခုနှစ်တွင် တန်ဖိုးနည်း အိမ်ရာအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၉၄)ရပ်ကွက် နေထိုင်သူများမှာ  ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ရေကောင်းရေသန့်မရခဲ့ခြင်းဖြစ်သည်။
  “ကျွန်တော်တို့ဆီက ရေတွေက အ၀ါရောင်ရေတွေပါ။ အ၀တ်အစားတွေ လျှော်ရင်လည်း အရောင်တွေ ပြောင်းကုန်တယ်။ ပြီးတော့ ရေတွေမှာလည်း သံဓာတ်တွေ ပါတယ်။ လူတွေ ဖျားနာတာတွေ ၀မ်းလျှောတာ တွေဖြစ်တယ်။ ၀န်ကြီးချုပ်ကတော့ ငမိုးရိပ်က ရေရရှိဖို့ အမြန်အကောင် အထည် ဖော်ခိုင်းတယ်။”ဟု ယုဇန ဥယျာဉ်မြို့တော်နေ  ဦးအေးပိုင်က ပြောသည်။ ရပ်ကွက်နေပြည်သူများမှာ ရေကောင်းရေသန့် ရရှိရန်အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင်    ရေကောင်းရေသန့် ရရှိရန် ငမိုးရိပ်မှရေကို ရေပိုက်များဖြင့် သွယ်တန်းရန် အိုးအိမ်၊ စည်ပင်နှင့် ယုဇန ကုမ္ပဏီတို့အား အကောင်အထည် ဖော်ဆောင်ရွက် ခိုင်းသော်လည်း လုပ်ဆောင်ပေး ခြင်း မရှိသေးကြောင်း ရက်ကွက် နေပြည်သူများထံက သိရသည်။  “(၉၃)ရပ်ကွက်က ရေကို သုံးဖို့အတွက် တစ်စည်ကို ၁၂၀၀ နဲ့ဝယ်ယူရပါတယ်။ ပြီးရင် သောက်မယ့် ရေကို ရေသန့်ဗူးကြီးတွေ ၀ယ်ပြီး သောက်ရတယ်။ ရေသန့်ဗူး ၀ယ်မသောက်နိုင်တဲ့ သူတွေက တစ်စည်(၁၂၀၀)ဆိုတဲ့ ရေကို ကျိုချက်ပြီးတော့ သောက်ရတယ်။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ ဦးအေးပိုင်က ဆက်ပြောသည်။
 ရေကောင်းရေသန့် မရရှိသဖြင့် နိုဝင်ဘာ (၁၀) ရက်နေ့က (၉၄)ရပ်ကွက်နေ ပြည်သူများက  ဆန္ဒထုတ် ဖော်ခဲ့ကြောင်းကိုလည်း သိရသည်။ တိုင်းဝန်ကြီးချုပ်မှ စည်ပင်၊ အိုးအိမ်၊ ယုဇနကုမ္ပဏီတို့အား ငမိုးရိပ်မှရေကို ရရှိအောင် အမြန်ဆုံး ဆောင်ရွက်ခိုင်း၍   ရေပိုက်တပ်ဆင် မှုကိုလည်း အချိုးကျမျှ ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 "စည်ပင်က ရေပေးဝေမှု အပိုင်းတွေကိုလည်း Survey တွေ လာလုပ်ပြီးသွားပြီ။ ရေပိုက်တွေ တပ်မယ်မတပ် ဘူးဆိုတာကိုတော့ ကုမ္ပဏီက လူကြီးတွေကပဲ ဆုံးဖြတ်မှာပါ။ စည်ပင်ကဌာနမှူး တွေလည်း လာပြီး ရေပေးဝေမှု အပိုင်းတွေကိုလည်း လာကြည့်သွားပါတယ်။" ဟု ယုဇနဥယျာဉ်မြို့တော် အုပ်ချုပ်ရေးမှူး  ဦးမောင်မောင်ဦးက ပြောသည်။ ယခုတိုင် ရေကောင်းရေသန့် မရရှိသေးသဖြင့် ရပ်ကွက် နေပြည်သူများမှ ရေကောင်းရေသန့်ရရှိရေး အတွက် လက်မှတ်များထိုးကာ   နိုင်ငံတော်သမ္မတနှင့် လွှတ်တော်များထံသို့ စာတင်သွားမည်ဖြစ်ပြီး၊ ဆောင်ရွက်ပေးခြင်းမရှိပါက နောက်ထပ် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်းသိရသည်။
ထက်အောင်ခန့် (မြစ်မခမီဒီယာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်