Thursday, November 15, 2012

ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်ပြီးနောက် ၎င်းနေထိုင်ရာ ရန်ကုန်တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံသူ များပြားလာ

Posted by drmyochit Thursday, November 15, 2012, under | No comments


ဒီနှစ်အတွင်း ရန်ကုန်မှာ မှုခင်း ဖြစ်ပွားမှုနှုန်း အခြေအနေက ဘယ်လို ရှိပါသလဲ။
အခု ၂ဝ၁၂ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရကို ပြောရရင် ၂ဝ၁၁ ခုနှစ်ထက်ကို ၂၃၅ မှု လျော့နေပါသေးပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွား မှုနှုန်းကိုပြောရင် လျော့နည်းသွား တယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်လိုအမှုတွေကရန်ကုန်မှာပိုများနေပါသလဲ။
ဖြစ်ပွားမှုနှုန်း များလာတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်မှုတွေက အများဆုံးပဲ။ မနှစ်ကထက်ကို ၂၅ မှု ပိုလာနေပါတယ်။ များသောအားဖြင့် ကြိုးဆွဲ ချသေမှုပေါ့။ နောက်ပြီး တောနယ်ဘက်တွေမှာ ပိုးသတ်ဆေး သောက်သေတာတွေလည်းများပါတယ်။
အင်မတန် ရက်စက်စွာသတ်တဲ့ လူသတ်မှုတွေ၊ အုပ်စုဖွဲ့ အနိုင်ကျင့်မှုတွေကို အစိုးရသစ်တက်ပြီး နောက်ပိုင်းမှာ ပိုပြီးတွေ့လာရတယ်။အဲဒီလိုဖြစ်လာခြင်း အပေါ်ဘယ်လို နားလည်ထားပါသလဲ။
လူသတ်တယ် ဆိုတာကတော့ အင်မတန် ရက်စက်လို့ သတ်တာပေါ့။ လူသတ်တယ်ဆိုတာက သိမ်မွေ့ပြီး ဘာသာတရား ကိုင်းရှိုင်းနေရင် သတ်စရာအကြောင်း မရှိဘူးလေ။ ဘယ်လိုလူသတ်မှုမျိုးမဆို ရက်စက်တာပဲ။ နောက်ပြီး လူသတ်မှု အနေအထားတွေကတော့ အစိုးရသစ် လက်ထက်မှာ မီဒီယာတွေ ပွင့်လင်းလာတဲ့ အတွက်ကြောင့်၊ အဲဒီအတွက်ကြောင့်၊ အရင်တုန်းက ဘယ်သူမှ သိပ်မဖော်ရဲကြဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကထုတ်တဲ့ မှုခင်းဂျာနယ်တို့၊ မှုခင်းမဂ္ဂဇင်းတို့၊ မှုခင်းရှုထောင့် တို့တောင် ကိန်းဂဏန်းနဲ့ မပြောကြဘူး။ ဖြစ်တယ်၊ ဖြစ်ခဲ့တယ်ဆိုတာမျိုးလောက်ပဲ ပြကြတယ်။ ရှင်းရှင်းပြောရရင် လူသတ်မှုတွေက ဖြစ်နေတာပဲ။ ဖြစ်ရတဲ့အကြောင်း ကတော့ ဒေါသကြောင့် ပိုများတယ်။ အရက်ကြောင့် ဖြစ်လာတဲ့ ရုတ်တရက်ဒေါသကြောင့် များတယ်။ ရန်ငြိုးကြောင့် သတ်တာရှားပါတယ်။ ပစ္စည်းရလိုမှုနဲ့ သတ်တာ လည်း နည်းတယ်။
ဒီမှာ အခုဖြစ်နေတဲ့ အုပ်စုဖွဲ့ ဖြစ်တာတွေ၊ ဒါတွေကတော့ ဒီမို ကရေစီနိုင်ငံတွေမှာ ရှိနေတဲ့ဟာ တွေပါ။ ထိုင်းတို့ ဘာတို့မှာလည်း ရှိနေတာပဲလေ။ အခု ဒီမှာ စတွေ့ နေပြီ။ နောင်လည်းဖြစ်မှာပဲ။ ပိုများ လာနိုင်တာပဲ။ ရှင်းရှင်းပြောရရင် ပိုက်ဆံရှိတဲ့သူက လူမိုက်ငှားမယ်။ ကိုယ်ရံတော်ငှားမယ်။ ဆိုလိုတာက အမေရိကန်တောင်မှ နာမည်ကြီး အဆိုတော်တွေက ငှားထားတာပဲ။ ဒီမှာလည်း ရှင်းရှင်းပြောရရင် ငှားလို့ ရနေပြီပဲ။ Security Service တွေ ရှိနေပြီ။ နောက်ပိုင်းဒါတွေ မဖြစ်လာအောင်တော့ တို့တွေက ကြိုးစားနေတာပဲ။ ညတွေမှာ ကားတွေ စစ်ဆေးတယ်ဆိုတာကလည်း လက်နက်တွေ ပါ/မပါ စစ်ဆေးနေ တာပါပဲ။ နံပါတ်တစ်ကတော့ လက်နက်မဆောင် ရဘူး။ လက်နက် မဆောင်ရတော့ လက်သီးနဲ့ထိုးတယ်။ အဲဒါလောက်ကတော့ သေလောက်တဲ့ ဒဏ်ရာနည်းတယ်။ လက်နက်တွေမပါရင် လူတစ်ယောက်ကို သတ်ဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူး။ ဒီလိုတွေ လုပ်နေပါတယ်။

စီမံချက်ချပြီးလုပ်တာမျိုးတွေရောရှိလား။
လက်နက်ရှာဖွေတဲ့ ကိစ္စတွေကို ထုတ်မပြောတာသာရှိတာ တောက်လျှောက် လုပ်နေတာ။ နောက်ပြီး ကြိုတင် ကာကွယ်မှုအနေနဲ့က ၁ဝ မျိုး ရှိတာပေါ့။ ဆင်ဆာမဲ့ ဗီဒီယိုတွေ ပါပါလာတယ်။ နှစ်စဉ် သောင်းနဲ့ချီပြီးဖမ်းတာ နှစ်စဉ် နှစ်သောင်း၊ သုံးသောင်းလောက် ရှိတယ်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ရဲက ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ သတင်းပေးမှုက ပါဖို့လိုတယ်။ ဒါမှ မှုခင်းတွေကို တားဆီးကာကွယ်နိုင်မယ်။ အဓိက ကတော့ ဒီအချက်ပဲလိုတယ်။
ဒါဆို အမှုအခင်းတွေ ဖြစ်ပွားမှုတွေ အပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ဆောင် ရွက်မယ့် အနေအထားကိုရော ရှင်းပြပေးပါ။
ဥပဒေဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက် ထုတ်တာမဟုတ်ဘဲ အားလုံးအတွက်ကြေညာပြီး ထုတ်ပြန်ထားတာပဲ။ ဒါပေမဲ့ ဥပဒေကို မသိကြဘူးဆိုတဲ့ သူတွေ များတယ်။ ဘယ်သူ၊ ဘယ်ဝါရဲ့ သားသမီးဆိုတာကြောင့် ဥပဒေအရ အရေးမယူတာမျိုး မရှိပါဘူး။ကျောသားရင်သားမခွဲခြားဘဲဆောင်ရွက်သွားမှာပါ။
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ် ယူမှုဟာ တော်တော်လေး အမြစ်တွယ်နေပါတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေနဲ့ရော၊ ရန်ကုန်ရဲတွေကြား လာဘ်စားမှု တိုက်ဖျက်ရေး အတွက် ဘယ်လိုတွေဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေပါသလဲ။
လာဘ်ပေးလာဘ်ယူကတော့ တော်တော် အမြစ်တွယ်နေပြီ။ သမ္မတကြီး ကိုယ်တိုင်က ပြောနေပြီပဲ။ ရဲတပ်ဖွဲ့ကြောင့် တစ်ခုတည်းတော့ မဟုတ်ဘူး။ ပြည်သူတွေတိုင်တဲ့ ဟာတွေကို အရေးယူတယ်။ သမ္မတကြီးတို့ ရဲချုပ်တို့ အကြီးအကဲတွေဆီကို တိုင်တဲ့ခါလည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်တယ်။ စစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေး ပြီး ပေါ်ပေါက်လာရင် သက်သေထင်ရှားရင် သက်သေခံ အကျဉ်းချုပ်ရေးတယ်။ ရဲတရားရုံး ဖွဲ့တယ်။ ရဲစည်းကမ်း ဥပဒေအရ ဥက္ကဋ္ဌက ရဲချုပ်ကိုယ်စား ဦးစီးပြီး ရဲမှူး တစ်ယောက်၊ ဒုရဲမှူးနှစ်ယောက်နဲ့ တရားရုံးအဖွဲ့ဝင် သုံးယောက်ဖွဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးပါတယ်။ ပေါ်ပေါက်လာရင် ရဲချုပ်ထံတင်ပြရသေးတယ်။ ရဲချုပ်က အတည်ပြုလိုက်ရင် ပေးတဲ့အတိုင်း ထောင်ချထုတ်ပယ်၊ ဆိုင်းငံ့ပြီး ရဲတွေကို အရေးယူပါတယ်။ ဒါမှမဟုတ် တည်ဆဲဥပဒေအရ ဖြစ်ပြီဆို နယ်ဘက် တရားရုံးတွေ မှာ ရင်ဆိုင်ခိုင်းတာမျိုး ဥပမာ တပ်ဖွဲ့ဝင်တစ်ဦးက မုဒိမ်းကျင့်တယ်လို့ အတိုင်ခံထားရရင် တို့က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲကနေ ထုတ်ပယ်လိုက်တယ်။ နယ်ဘက်တရားရုံးကို လွှဲပေးလိုက်တယ်။ ဒီလိုဆောင်ရွက်တာပါ။
ဒီလိုဆိုဒီနှစ်အတွင်းရဲဘယ်နှယောက်များအရေးယူခဲ့ပါသလဲ။
၂၂ ဦးပါ။ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီး အရေးယူထားပါတယ်။ အမှုသည်တွေဆီက တောင်းကြတာပါ။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးမှုကို လုပ်နေတာ ဖြစ် တဲ့အတွက် ဒီလို ဆောင်ရွက်တာ ပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်