Thursday, November 15, 2012

ငလျင် အန္တရာယ် စိုးရိမ်ဖွယ် မရှိအောင် ရွှေတိဂုံစေတီတော်အား ကြိုတင်ပြင်ဆင်ထား

Posted by drmyochit Thursday, November 15, 2012, under | No comments


ရွှေတိဂုံ စေတီတော်၏ အထက်ပိုင်းနား ကြံ့ခိုင်မှု အတွက် လွန်ခဲ့သည့် နှစ်နှစ်ကတည်းက လုပ်ဆောင်ထားပြီး ဖြစ်၍ ငလျင်အတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
”ငှက်ပျောဖူးနားမှာ လုပ်ထားတာ ရှိတယ်။ ကြံ့ခိုင်မှု အတွက် သံချောင်းတွေ ထပ်ထည့်ပြီးတော့ အားဖြည့်ထားတဲ့ အတွက် အပေါ်ပိုင်းက တော်တော်လေး ကောင်းနေ ပါတယ်” ဟု၎င်းကဆိုသည်။ ငလျင်လှုပ်ပါက များသောအားဖြင့် စေတီတော် အထက်ပိုင်းသာ ထိခိုက်ခြင်း ဖြစ်၍ ထိုသို့ကြိုတင် လုပ်ဆောင်ထား ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၄င်းက ဆိုသည်။ ရွှေတိဂုံ စေတီတော်၏ ကြံ့ခိုင်မှု အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များက တာဝန်ယူ လုပ်ဆောင်ပေးကြောင်း၊ စေတီတော်၏ ထီးတော် ကြံ့ခိုင်ရေး အတွက် စေတီ၏ ထောင့်ပေါင်းစုံမှ တိုင်းတာမှုများ ပြုလုပ် ထားပြီး အရေးပေါ် သဘာဝဘေးအန္တရာယ် ဖြစ်ပွားသော အခါမျိုးတွင်လည်း ပြန်လည် တိုင်းတာ စစ်ဆေးမှု များပြုလုပ် ကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။ ”နာဂစ်ပြီး ၂ဝဝ၉ ခုနှစ်လောက် ကတည်းက ရွှေသင်္ကန်း ကပ်တဲ့အချိန်မှာ အကုန်လုံး ပြင်ထားတယ်။ ငှက်ပျောဖူးတို့၊ ရွဲလုံးကြံ့ခိုင်မှု တို့အတွက် စတီး ဖရိန် တွေ ထည့်ပြီး လုပ်ထားတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ စေတီတော်၏ ကြံ့ခိုင်မှု အတွက် လုပ်ဆောင်ပေးနေသော မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အနေဖြင့် စေတီတော် ၏ ထောင့်ပေါင်းစုံ ကို Survey ကုမ္ပဏီ တစ်ခုနှင့် ပူးပေါင်း ကာ အသေးစိတ် တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ရင်ပြင်တော်ပေါ်ရှိ ဒဂုန် ခင်ခင်လေး တန်ဆောင်း၊ နောင်တော်ကြီး စေတီစသည် တို့ကို မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းနှင့် ပူးပေါင်း ပြုပြင်ပေးခဲ့ကြောင်း သိရသည်။ ”ရန်ကုန်မှာ ငလျင်လှုပ်တယ် ဆိုရင် မြေနိမ့်ပိုင်းတွေက ပိုစိုးရိမ်ရတာပါ။ ကုန်းတော်ပေါ်ကတော့ ဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ရွှေတိဂုံ စေတီတော်သည် ၂ဝဝ၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ရွှေသင်္ကန်း များ ကွာကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ၂ဝဝ၈ ခုနှစ် အောက်တိုဘာ မှစ၍ ရွှေသင်္ကန်း ကပ်လှူ ပူဇော်ရေး၊ ရွှေထီးတော် ကြံ့ခိုင်ရေး နှင့် ကိုယ်လုံးတော် ကြံ့ခိုင်ရေးဟူ၍ လုပ်ငန်း သုံးရပ်ခွဲကာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်