Thursday, November 15, 2012

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဒုတိယ အကြိမ်မြောက် အစိမ်းရောင် စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

Posted by drmyochit Thursday, November 15, 2012, under | No comments


အစိမ်းရောင် စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးရေးနှင့် ပတ်သက်ဆက်နွယ်သည့် မိမိတို့ အားလုံး၏ ဘုံရည်မှန်းချက်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး ဖြစ်ပါကြောင်း၊ ယင်းသည် ယခုလက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် ကမ္ဘာကြီး၏ သဘာဝ သယံဇာတများ အဆက်မပြတ် ရရှိနေအောင် ဆောင်ရွက်နိုင်မှုပင် ဖြစ်ကြောင်း၊ ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် အစိမ်းရောင် စီးပွားရေးသည် “The Future We Want” ခေါင်းစဉ်ကြီး ငါးခု အောက်မှ တစ်ခု ဖြစ်သကဲ့သို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် အရေးပါဆုံး များစွာမှ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ အစိမ်းရောင် စီးပွားရေးမှာ မူဝါဒများ ချမှတ်ရန်အတွက် ရွေးချယ်စရာ အခွင့်အလမ်း များစွာ ရှိနေသော်လည်း တင်းကြပ်သည့် စည်းမျဉ်းမျိုး မဖြစ်သင့်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အစိမ်းရောင် စီးပွားရေးသည် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အားလုံးပါဝင်နိုင်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ ကမ္ဘာကြီး၏ ဂေဟစနစ် ကောင်းမွန်စေရေးတို့ အတွက် အထောက်အကူပြုသည့် အကြောင်းကို သဘောတူ လက်ခံထားပြီး ဖြစ်ပါကြောင်းဖြင့် ယနေ့ နံနက် (၉) နာရီ (၁၀) မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက ပြောကြားရာတွင် ယခုနှစ် ဇွန်လက ဘရာဇီး နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်မှုများ Rio+20 ကြေညာချက်၌ မိမိတို့ လိုလားသော အနာဂတ်၊ “The Future We Want” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အစိမ်းရောင် စီးပွားရေးမှ တစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် လုပ်ဆောင်ရာ၌ မတူကွဲပြားသော ချဉ်းကပ်မှုများ၊ မျှော်မှန်းချက်များနှင့် ရရှိနိုင်သည့် အနေအထားများ အပေါ်မူတည်ပြီး ရွေးချယ်စရာ အများအပြား ရှိစေသင့်သည်ဟု ယုံကြည်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များတွင် ပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည့် နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ နည်းပညာ လွှဲပြောင်းပေးမှု၊ အစိမ်းရောင် စီးပွားရေးကို အထောက်အကူပြုသည့် နည်းပညာ ဆန်းသစ် တီထွင်မှု စသည်တို့သည် အလေးထား လုပ်ဆောင်ကြရမည့် အချက်များ ဖြစ်လာပြီ ဖြစ်ကြောင်း။ ထို့အပြင် ဘဏ္ဍာရေး၊ နည်းပညာ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နိုင်ငံ၏ လိုအပ်ချက်များ အကြား ချိတ်ဆက်ပေးနိုင်မှုများသည်လည်း အရေးကြီးသည်ကို ထပ်မံ ပြောကြားလိုကြောင်း၊ သဘာဝ သယံဇာတများကို ထိထိရောက်ရောက် အသုံးပြုခြင်း၊ စီမံခန့်ခွဲရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် အလေအလွင့် အနည်းဆုံးနှင့် အသုံးချနိုင်ခြင်းသည် အစိမ်းရောင် စီးပွားရေး နယ်ပယ်တစ်ခု ဖြစ်လာကြောင်း၊ နှစ်စဉ် တိုးပွားနေသည့် ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ခုနှစ်တွင် ကိုးဘီလီယံ ဖြစ်လာမည်ဟု ခန့်မှန်းထားကြကြောင်း၊ ယင်းသို့ လူဦးရေ တိုးပွားလာခြင်းသည် သဘာဝ သယံဇာတ များကို အသုံးချရာ၌ ဖိအားများ ပိုမို ဖြစ်ပေါ်စေတတ်ကြောင်း၊ ဥပမာ အားဖြင့်  သောက်သုံးရသည့် ရေချိုကို ကြည့်လျှင် ကမ္ဘာ့လူဦးရေ၏ (၄၁) ရာခိုင်နှုန်းသည် ရေရှားပါးသည့် ဒေသများတွင် နေထိုင်ကြရပြီး (၂၀) ရာခိုင်နှုန်းသည် ရေကောင်းရေသန့် မရရှိသူများ ဖြစ်ကြရကြောင်း၊ လူဦးရေ များလာသည်နှင့်အမျှ ရေကောင်း ရေသန့် မရရှိနိုင်သည့် ဦးရေ ပိုများလာမည် ဖြစ်ကြောင်း၊ ထို့အတွက် ရေသယံဇာတများကို ထိထိရောက်ရောက် အသုံးမချနိုင်ပါက ရေရှားပါးမှု ပိုမို လာမည်ဖြစ်ပြီး နောက်ဆုံးတွင် အချို့နိုင်ငံများအကြား ပဋိပက္ခ ဖြစ်ပွားခြင်းကို ဦးတည်သွားစေနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မြို့ပြ သန့်ရှင်းရေးးနှင့် စက်မှုလုပ်ငန်းအတွက် အသုံးပြုနိုင်ရေးတွင် ရေကို ထိရောက်သည့် နည်းလမ်းဖြင့် အသုံးချမှုကို ထည့်သွင်း စဉ်းစားသင့်ပြီဟု ယုံကြည်ပါကြောင်း၊ တစ်နည်းအားဖြင့် အနာဂတ်ကာလတွင် ဖွံ့ဖြိုးမှု တစ်ခုတည်းအတွက် သဘာဝ သယံဇာတများကို အလွန်အကျွံသုံးပြီး ရရှိလာသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးကို ရှောင်ရှားသင့်ပြီ ဖြစ်ကြောင်း။
၁၉၉၂ ခုနှစ်က ကျင်းပခဲ့သည့် ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပထမဦးဆုံး ရီယို ကြေညာချက်၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် လူသားများသည် အဓိက နေရာ၌ ပါဝင်နေသကဲ့သို့ သဘာဝနှင့် လိုက်လျော ညီထွေမှု ရှိသည့် ကောင်းမွန် ပြည့်စုံသော ဘဝတစ်ခု ကိုယ်စီကိုယ်ငှ ရပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ မည်သို့ပင် ဆိုစေ အစိမ်းရောင် စီးပွားရေးသည်သာ အနာဂတ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ရွေးချယ်သင့်သည့် လမ်းကြောင်း ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူသားများသည်လည်း သယံဇာတများကို သုံးစွဲခြင်း၊ ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်း စသည်တို့တွင် အခြေခံ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ် ကြရမှာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူသားတို့၏ အမူအကျင့်ဟောင်းများကို ပြောင်းလဲရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့်အညီ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေ ဆဲဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးများ ပြုပြင် ပြောင်းလဲနေပြီဖြစ်သလို တိုးတက်မှုများကိုလည်း ရရှိနေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များထဲမှ အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ အသစ်တစ်ခု အနေဖြင့် မှတ်ယူပါကြောင်း၊ တိုးတက်မှု ဖွံ့ဖြိုးမှုကို အရင်လုပ်၊ ဆိုးကျိုးများကို နောက်မှရှင်းဟု ဆိုသည့် အယူအဆ ခေတ်ကုန်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် အစိမ်းရောင် စီးပွားရေးမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် လုပ်ဆောင်ကြရာတွင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ သီးသန့် အခြေအနေကို လိုက်၍ ချဉ်းကပ်မှု ပြုလုပ်သင့်သည် ဟုလည်း ယုံကြည်ပါကြောင်း။
လက်ရှိ မြန်မာနိုင်ငံသည် ပြင်ပနိုင်ငံများနှင့် စီးပွားရေးအရ ကူးလူးဆက်ဆံမှု လမ်းကြောင်းများ ပွင့်သွားပြီဖြစ်သည့် အတွက်ကြောင့် စက်မှုလုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသကဲ့သို့ အချို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေပြီ ဖြစ်သည့်အတွက်ကြောင့် အစိမ်းရောင် စီးပွားရေးမှတစ်ဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိရန် အလွန်အရေးကြီး လာပြီဖြစ်ကြောင်း၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း မလိုက်နိုင်ပါက မိမိတို့၏ သယံဇာတများသည်လည်း မကြာခင် ကာလ အတွင်း ကုန်ခန်းသွားမှာဖြစ်ပြီး အနာဂတ်မျိုးဆက်များ၏ ပြစ်တင်ခြင်းကို ခံရမည်ဖြစ်ပါကြောင်း၊ လူမှုရေးနှင့် စီးပွားရေး တိုးတက်မှု တစ်ခုတည်းအတွက် သဘာဝ သယံဇာတများကို ပျက်စီးဆုံးရှုံးစေသည့် ဖွံ့ဖြိုးမှုမျိုးကို ရှောင်ရှားသွားရမှာဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များနှင့် ပက်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ပတ်ဝန်းကျင် မထိခိုက်ရေးတို့နှင့် ယှဉ်တွဲလုပ်ဆောင် သွားမည် ဖြစ်သည်ဟု အလေးအနက် ကတိပြုထားပြီး ဖြစ်ကြောင်း၊ နိုင်ငံသား အားလုံးသည်လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီး ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုရရှိရေး၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်မှုကို အသိအမှတ်ပြုကာ ပုဂ္ဂလိကနှင့် အစိုးရ နှစ်ရပ်စလုံး ပူးပေါင်းပါဝင်ကြရန်၊ နိုင်ငံသား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကူညီကြရန် နှိုးဆော်ထားပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မှာ ပြဋ္ဌာန်းနိုင်ခဲ့ကာ သစ်တောရေးရာ ၀န်ကြီးဌာနကိုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အဖြစ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း။
ယခင်က ကျင်းပပြီးစီးခဲ့သည့် ကွန်ဖရင့်များ၊ ဖိုရမ်များမှ ချမှတ်ထားသော ကြေညာချက်၊ လမ်းညွှန်ချက် ကတိက၀တ်များမှ စတင်ကာ လုပ်ငန်းအခြေပြု ဆုံးဖြတ်ချက်မှားနှင့် အတူ လက်တွေ့ ဆောင်ရွက်ချက်များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှသာ ထိရောက်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂမှ ဦးဆောင်ခဲ့သော အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် အခြေပြုကာ နိုင်ငံအသီးသီးမှ အစိုးရများသည်လည်း အစိမ်းရောင် စီးပွားရေး လမ်းကြောင်းပေါ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိကြောင်း၊ ယင်းသို့ ရင်းနှီးမြှုပ်နှံရာတွင် အစိမ်းရောင်းစီးပွားရေး အောင်မြင်ဖြစ်ထွန်းလာသည်အထိ လုံလောက်သည့် ရင်းနှီးမြှုပ်နှံမှုများကိုပါ ပြုလုပ်သင့်သည်ဟု အလေးအနက် ပြောကြား လိုကြောင်း။
ယခုအစည်းအဝေး၏ သဘာပတိ အဖွဲ့နှင့် တွဲဖက် သဘာပတိများသည် ဤအစည်းအဝေးကြီးမှ လုပ်ငန်းအခြေပြု ရလာဒ်များ ပေါ်ထွက်လာရေးအတွက် အကောင်းဆုံး ဆွေးနွေးနိုင်ရန် ထိန်းသိမ်းကွပ်ကဲ သွားကြရမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့် ရလာဒ်များသည် နိုင်ငံတောင်အဆင့်မှ နိုင်ငံတကာအဆင့်ထိ အစိမ်းရောင် ဖွံ့ဖြိုးရေး လမ်းကြောင်း ကူးပြောင်းနိုင်စေရန် အထောက်အပံ့နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် လိုအပ်သကဲ့သို့ လက်တွေ့ကျသည့် လုပ်ငန်းစဉ်များနှင့် ရလာဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု မမှိတ်မသုန် ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ဤအစည်းအဝေးကြီးအောင်မြင် စွာကျင်းပနိုင်အောင် စီမံဆောင်ရွက် ခဲ့ကြသည့် GEGG အသင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ဤအစည်းအဝေးကြီးမှနေ၍ အားလုံးမျှော်လင့်တောင့်တနေသည့် ရလာဒ်များ ပေါ်ထွက်လာ နိုင်စေရန်နှင့် ဤဖိုရမ်ကြီး အဖက်ဖက်မှ အောင်မြင်နိုင်ပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။
 ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြသည်။
ယင်းနောက် မြန်မာနိုင်ငံ GEGG အသင်းဥက္ကဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိ အသိပညာရှင်၊ အတတ်ပညာရှင်များက အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ရှင်းလင်း တင်ပြရာတွင် ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင်ကို ပိုမိုအသုံးပြုကာ စီးပွားရေး တိုးတက်မှု ရရှိအောင် ကြိုးပမ်းအားထုတ်လျှက်ရှိကြောင်း၊ ယင်းသည် အများအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ရှိရသည့် ပုံစံပင်ဖြစ်ကြောင်း၊ စွဲမြဲစွာ မှတ်သားထားရှိသည့် အချက်မှာ သက်မဲ့ သဘာဝသယံဇာတများ၏ ထာက်ပံ့ပေးနိုင်မှု စွမ်းရည်( ဥပမာအားဖြင့် ရေနှင့်မြေ) တို့သည် အကန့်အသတ်ရှိပြီး သက်ရှိ သဘာဝသယံဇာတများသည်လည်း အသစ်ပြန် လည်ဖြစ်ထွန်း နိုင်သည့် စွမ်းရည်သည် ပတ်ဝန်းကျင်၏ ဘက်စုံအသုံးဝင်မှုအပေါ် အလွန်အမင်း မှီခိုနေရသည့်အတွက် မိမိတို့၏ စီးပွားရေး တိုးတက်မှုသည် လက်ရှိ မျိုးဆက် အတွက်သာမက နောင်အနာဂတ် မျိုးဆက် အတွက်ပါ ရေရှည်တည်တံ့နေရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူအသီးသီးက အခမ်းအနားနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည့် အစီအစဉ်များ အလိုက် ခေါင်းစဉ်၊ ဘာသာရပ်များကို ဆက်လက်ဆွေးနွေးတင်ပြ ကြသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီဝင်များ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ဆွီဒင်နိုင်ငံ အစိုးရနှင့် နော်ဝေနိုင်ငံ အစိုးရတို့မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဆိုပါ ဒုတိယအကြိမ် အစိမ်းရောင် စီးပွာားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို နိုဝင်ဘာလ (၁၃) ရက်မှ (၁၅) ရက်အထိ ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။
  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်