Friday, November 02, 2012

အဖြေမှန်ကို ရှာသင့်ပြီ ကေအိုင်အို

Posted by drmyochit Friday, November 02, 2012, under | No comments


ဒီကနေ့ မြန်မာနိုင်ငံ ပြည်နယ်အချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကိုကြည့်ပြီး အဖြေမှန် တစ်ခုကိုရဖို့ စစ် တမ်းကောက် ကြည့်ရင် တူညီတဲ့ အဖြေတစ်ခုကို ရပါလိမ့်မယ်။ အဲဒီ အဖြေကတော့ " ငြိမ်းချမ်းရေး " ဆိုတဲ့ အဖြေပါ။


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာ .. ရွာတွေမီးရှို့ ၊ ရိုက်ကြ သတ်ကြ နဲ့ ဘယ်လိုမှ စိတ်မအေးချမ်း ရပါဘူး။ ဒီပြဿနာကို ညင်သာ သိမ်မွေ့စွာ ဖြေရှင်းနေဆဲမှာ ကျောက်တော် ၊ ပေါက်တော ဘက်မှာ ပြဿနာက ထပ်ဖြစ်ခဲ့ ပြန်တယ်။ ဒါတင် မကပါဘူး။ မြန်မာပြည် မြောက်ပိုင်းက ကချင်ပြည်နယ် ကလည်း စစ်မီးမငြိမ်း ၊ မြက်ခင်း မစိမ်း နိုင်သေးဘူး။ စာသင်ကျောင်း တွေပိတ် ၊ စာကျက်သံတွေ တိတ်ဆိတ် နေခဲ့တာ ကြာပါပြီ။ ဘုရားကျောင်းက ခေါင်းလောင်း ထိုးသံတွေ ၊ ဓမ္မတေးသံ တွေလည်း မကြားရတာ ကြာခဲ့ပါပြီ။ ဒါတွေဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆိုတော့ " ငြိမ်းချမ်းခြင်း " မရှိလို့ပါလို့ ကောက်ချက် ချနိုင်ပါတယ်။

" ငြိမ်းချမ်းရေး " ကို ဖျက်ဆီးတဲ့ အရာဟာ ဥပဒေမဲ့ လက်နက်ကိုင် လမ်းစဉ် ပဲဖြစ်ပါတယ်။ အယူစွဲ ၊ ၀ါဒစွဲ ၊ အတ္တစွဲ ၊ တလွဲ အယူအဆ တွေကြောင့် မြန်မာ့ မြေလည်း စစ်မြေပြင် ဖြစ်ခဲ့ရတဲ့ နှစ်တွေ မနည်းတော့ ပါဘူး။ ခေတ် အဆက်ဆက် အစိုးရတွေလည်း တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး ၊ ပြန်လည် သင့်မြတ်ရေး အတွက် ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့တာ သမိုင်းက သက်သေရှိပါတယ်။

ဒီကနေ့ နိုင်ငံတော် သမ္မတ ဦးဆောင်တဲ့ ပြည်သူ့ အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေးကို ကြိုးပမ်း ဖော်ဆောင် လျက်ရှိပါတယ်။ ကြေညာချက် ၁/၂၀၁၁ နဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး တပ်ကိုလည်း အပစ်အခတ် ရပ်စဲ စေခဲ့တယ်။ အဆင့်ဆင့်သော ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွေ ချုပ်ဆို နိုင်ခဲ့တယ်။ ကေအိုင်အို အဖွဲ့နဲ့လည်း စေ့စပ် ဆွေးနွေးခဲ့တာ (၁၁)ကြိမ် ရှိခဲ့ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ လိုက်လျော နိုင်သမျှ အလျော့ပေးပြီး ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ KNU အဖွဲ့တို့လို လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီ ချက်တွေ ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အကြောင်း အမျိုးမျိုး ပြပြီး ငြိမ်းချမ်းရေးကို ဥပက္ခောပြု နေတာက KIO အဖွဲ့ပဲ ရှိပါတော့တယ်။ အောက်တိုဘာ ၃၀ ရက်က နောက်ဆုံး ကျင်းပတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲက အောင်မြင်မှု မရရှိဘဲ ပြီးဆုံးခဲ့တယ်။ KIO တို့ဟာ စစ်ရပ်စဲရေး အတွက် အပစ်အခတ် ရပ်စဲမှာကို မလိုလား ခဲ့ပါဘူး။ တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲမယ် ဆိုတဲ့ စစ်ဘီလူး ခံယူချက်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကနေ နောက်ဆုတ် သွားပါတယ်။

KIO အဖွဲ့ အနေနဲ့ ပြည်သူတွေရဲ့ လိုလားချက်နဲ့ ပကတိ အခြေအနေ မှန်ကို မသုံးသပ် နိုင်သေးပါဘူး။ အဖြေမှန်ကို ရှာမတွေ့ သေးဘူး ဆိုတာထက် အဖြေမှန်ကို လက်မခံရဲတဲ့ အငုံ့စိတ်က လွန်ကဲ နေတာ ဖြစ်ပါတယ်။ KIO အဖွဲ့ရဲ့ " ငြိမ်းချမ်းရေး " ကို လျစ်လျူရှု လိုက်တဲ့ လုပ်ရပ်ဟာ ဘာနဲ့ အလားသဏ္ဍာန် တူနေသလဲ ဆိုတော့ " ကိုယ့်ပေါင် ကိုယ်လှန်ထောင်း " နေသလိုမျိုး ၊ " ပက်လက်လှန်ပြီး တံတွေးထွေး " နေသလိုမျိုး ဖြစ်နေလို့ ပဲ ဖြစ်ပါတယ်။

နယ်မြေ မငြိမ်းချမ်းရင် အရင်ဆုံး ဘယ်သူတွေ နစ်နာမလဲ ... ၊ ဘယ်သူတွေ ဒုက္ခ ဆင်းရဲ ရောက်မလဲ ... ၊ ဒေသခံတွေနဲ့ မိမိ အမျိုးအနွယ် ကချင် လူမျိုး တွေပဲ ဖြစ်ပါမယ်။ သာဓက အနေနဲ့ စစ်ပြေး ဒုက္ခသည် ဖြစ်နေရှာတဲ့ ကချင်လူမျိုး တွေ အများကြီးပါ။ ရွာကိုစွန့် ၊ ယာကိုစွန့်ခဲ့ ရတယ်။ KIA ထောင်တဲ့ မိုင်းနင်းမိလို့ သေကြေရ ၊ ကိုယ်လက် အင်္ဂါ စွန့်ခဲ့ရ သူတွေလဲ မနည်းပါဘူး။ KIA ဖျက်ဆီးလို့ ပျက်စီးသွား ရတဲ့ လမ်းတွေ ၊ တံတားတွေ လည်း အများကြီးပါ။ ကိုယ့်မိုင်း ကိုယ်ပြန်နင်းလို့ သေသွား ရရှာတဲ့ KIA လက် အောက် ငယ်သားတွေ ဘ၀လည်း သနားစရာပါ။ သေသာ သေသွားရတယ်။ ဘ၀ အာမခံချက် မရှိဘဲ အကျိုးမဲ့ သေခဲ့ကြရတယ်။

KIO တို့ရဲ့ လက်နက်ကိုင် လမ်းစဉ်ဟာ ကိုယ့်လူမျိုးကို ဒုက္ခပေး ဖို့လား ၊ ကိုယ့် ပြည်နယ်ကို မီးလောင်မြေ ဖြစ်စေဖို့လား ၊ ကိုယ့်လူမျိုးကို ပညာမဲ့ပြီး လူညွန့်တုံး စေတာလား ဆိုတာ စဉ်းစား ဆင်ခြင်ဖို့ လိုပါပြီလို့ ဆိုချင်ပါတယ်။ ကချင်ပြည်နယ် ကောင်းစားရေး ၊ ကချင်လူမျိုး ကောင်းစားရေး လို့ အသံကောင်းဟစ် နေတဲ့ KIO တို့ အနေနဲ့ အဖြေမှန်ကို ရှာသင့်ပါပြီလို့ တောင်းဆိုချင် ပါတယ်။

ပြည်ချစ်သား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်