Tuesday, November 13, 2012

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ကြေငြာချက် ထုတ်ပြန်

Posted by drmyochit Tuesday, November 13, 2012, under | No comments



နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ၊ ၄၃ မိနစ် အချိန်မှ စတင်ပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ထား တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်မှာ ငလျင်ရဲ့ သဘာဝဟာ ငလျင်ကြီး လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်လတ်နဲ့ ငလျင်ငယ် များဟာ နာရီပိုင်း၊ ရက်ပိုင်းမှ ရက်သတ္တပတ် အထိ ထပ်မံ လှုပ်ရှားတတ်တာ ဖြစ်ပါတယ်။
ဒီလို လှုပ်ရှားမှုကြောင့် အက်ကွဲ နေသော အဆောက်အဦးများ ပြိုကျပျက်စီး တတ်သဖြင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေတဲ့ အဆောက်အဦး များနဲ့ ခိုင်ခန့်မှုမရှိတဲ့ အဆောက်အဦး များမှာ နေထိုင်သူတွေ အနေနဲ့ အထူး သတိပြု နေထိုင်ရန် လိုအပ်တာ ဖြစ်တယ်လို့ ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။ အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် ဆည်တော်ကြီး ရေလှောင်တမံမှာ ရေအား လျှပ်စစ် စက် ၂ လုံး ရပ်သွားကြောင်း ပြင်ဦးလွင် ခရိုင် စဥ့်ကူး မြို့နယ်မှာ ၈ နာရီခွဲ အချိန်ထိ ငလျင် ၅ ကြိမ် ဆက်တိုက် လှုပ်ခတ်ခဲ့ရာ နေအိမ် အဆောက်အဦး အချို့၊ ဘုရားစေတီ အချို့ ပျက်စီးမှုရှိခဲ့ပြီး လူ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သပိတ်ကျင်း မြို့နယ်မှာ အိမ်ခြေ ၁၀၀ ခန့် ထိခိုက် ပျက်စီးခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၁၆ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။ မြေငလျင် ဆိုတာဟာ ဘူမိဗေဒ ဘာသာရပ် အရ ကျောက်သားထုချပ် နှစ်ခုဟာ တစ်ခုနဲ့တစ်ခု တွန်းတိုက် မိရာမှ တစ်ခုဟာ အခြား တစ်ခု အောက်ဘက်သို့ ငုပ်လျှိုး ၀င်ရောက်ပြီး အပေါ် တစ်ခုဟာ တွန်းတိုက် ခံရတဲ့ အတွက် တွန့်ခေါက် လာပါတယ်။ အဲ့ဒီလို တွန်းတိုက်တဲ့ နေရာမှာ အားတွေ တဖြည်းဖြည်း စုစည်းမိ လာကာ တစ်ချိန်တည်း စုစည်းမိတဲ့ အားတွေ ရုတ်တရက် ရုန်းကန်ပြီး အဘက်ဘက်သို့ပြန့်ထွက်သွားခြင်း ဖြစ်တယ်လို့ အဆိုပါ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန် ထုတ်ပြန်ချက် အရ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၂၆ မိနစ် ၂၀ စက္ကန့် အချိန်မှာ မန္တလေး မြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်တာ စကေး ၅.၈ အဆင့်ရှိ အင်အား အသင့်အတင့် မြေငလျင် တစ်ခု လှုပ်ခတ် ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလက်ရှိ အချိန် မှာတော့ အဆိုပါ ထပ်မံ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှု ရှိ၊ မရှိကို မသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မြေငလျင်များ လှုပ်ခတ်မှုဟာ ယခု တစ်ကြိမ် အပါအ၀င် မြန်မာနိုင်ငံ ပြည်တွင်းမှာ တစ်နေ့တည်း မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်